အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့် ယာယီရပ်ဆိုင်း

0
69

နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်း များကို မြန်မာနိုင်ငံလေဆိပ်များသို့ ဆင်းသက်ခွင့်အား နှစ်ပတ်ကြာ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က သတင်းထုတ်ပြန်သည်။

ကူးစက်မြန် COVID-19 ရောဂါပြန့်ပွားမှု ကာကွယ်ရေး ကြိုတင် စီမံချက်အနေဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့် လေဆိပ်၌မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁၃ ရက်အထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DCA) နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန (MOHS) တို့မှ ထုတ်ပြန်သော ၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက် ရက်စွဲပါ ကြေငြာချက်အရ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာမည့် Inbound flight ခရီးသည်များအတွက် လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းများအား သတ်မှတ်ကာလအတွင်း ဆိုင်းငံ့ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အဆိုပါ ကြေငြာချက်မှာ ပြည်တွင်းသို့ ဝင်ရောက်လာကြမည့် နိုင်ငံခြားသား ခရီးသည်များသာမက မြန်မာနိုင်ငံသား ခရီးသည်များအနေနှင့်လည်း မည်သည့် ခရီးစဉ်များအတွက်မဆို အကျုံးဝင်မည် ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply