ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ခေတ္တရပ်ဆိုင်း

0
31

ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် တတိယခေါက် ပြေးဆွဲခြင်းကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ မတ် ၃၁ရက်တွင် သိရသည်။

ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ် တတိယခေါက်ကို ဧပြီလ ၃ရက်တွင်ပြေးဆွဲရန် စီစဉ်ထား သော်လည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရန်ကုန်-ကိုကိုးကျွန်း ပြေးဆွဲတဲ့ ခရီးမှာ ပထမအခေါက်ကို ဇန်နဝါရီလ ၂၁ ရက်က ပြေး ဆွဲခဲ့ပြီး ဒုတိယအခေါက်ကို မတ်လ ၇ ရက်က ပြေးဆွဲခဲ့ပါတယ်။ တတိယအခေါက်ကို ဧပြီလ ၃ ရက် မှာ ပြေးဆွဲနိုင်‌အောင်လို့ လျာထား ဆောင်ရွက် ခဲ့ပါတယ်။ သို့သော် လက်ရှိ အခြေအနေအရ ဒီခရီးစဉ်ကို ခေတ္တ ရပ်ဆိုင်း ထားပါတယ်” ဟု YRTAမှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

YRTA အနေဖြင့် ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် သူရိယစန္ဒာဝင်း ကုမ္ပဏီ၏ ရေယာဉ်ကို ရန်ကုန် – ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်အတွက် အသွားအပြန် တစ်ခေါက်စာ ကုန်ကျစရိတ် သိန်း ၂၀၀ ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းကာ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ခရီးစဉ် တစ်ခေါက်အတွက် ကုန်ကျမည့် ကျပ်သိန်း၂၀၀ ကို YRTA ၏ ရန်ပုံငွေထဲကကျခံသုံးစွဲ၍ ပြေးဆွဲပေးနေခြင်းဖြစ်သည်။

ရန်ကုန်နှင့် ကိုကိုးကျွန်းကို ပြေးဆွဲပေးနေသည့် အဆိုပါ သင်္ဘောခရီးစဉ်သည် အသွားအပြန် ကြာချိန် နာရီ ရှစ်ဆယ်ဖြင့် ခြောက်ရက်တာ ကြာမြင့်မည်ဖြစ်ပြီး သင်္ဘောသားဦးရေ ၂၀ ခန့်နှင့် လူဦးရေ ၂၄ ယောက်ခန့် အိပ်စီးနိုင်သည့် အိပ်ခန်းများအပါအဝင် စုစုပေါင်း လူဦးရေ ၆၀ ခန့် လိုက်ပါစီးနင်းနိုင်ကာ ကုန်တန်ချိန်အနေဖြင့် တန် ၃၀၀ ခန့် တင်ဆောင်နိုင်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply