Jack Ma နှင့် Alibaba ဖောင်ဒေးရှင်းတို့မှ မြန်မာနိုင်ငံသို့ ကုသရေးပစ္စည်းများ ကူညီပေးအပ်

0
82

Jack Ma ဖောင်ဒေးရှင်းနှင့် Alibaba ဖောင်ဒေးရှင်းတို့မှ ကူညီပေးအပ်သည့် N95 နှာခေါင်းစည်း တစ်သိန်း၊ လူဦးရေ (၂၈၈၀၀) ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးရေး ကိရိယာများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မတ်လ ၃၀ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ထံ အဆိုပါ ပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

” မြန်မာ-တရုတ်နှစ်နိုင်ငံဟာ ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သမိုင်းကြောင်းကြာရှည်ကာ အပြန်အလှန် ဖေးမကူညီတဲ့ အစဉ်အလာရှိပါတယ်။COVID-19 ရောဂါအနေနဲ့ ကမ္ဘာ့ကပ်ရောဂါ မဖြစ်ခင်ကထဲက တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကုသရေးကာကွယ်ရေးနဲ့ ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲ စစ်ဆေးရေးပစ္စည်းများကို ကူညီပေးအပ် ခဲ့ပြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူများကိုယ်စား တရုတ်နိုင်ငံအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်”ဟု မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံက ကူညီပေးအပ်သည့် ပစ္စည်းများကို အမြန်ဆုံးခွဲဝေပေးပြီး ပစ္စည်းများကို အထိရောက်ဆုံး အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် တရုတ်နိုင်ငံမှ ဖောင်ဒေးရှင်းက နှာခေါင်းစည်း၊ ဓာတ်ခွဲစစ်ဆေးရေးကိရိယာများ လှူဒါန်းပေးအပ်ခြင်းသည် မြန်မာနိုင်ငံက ရောဂါရင်ဆိုင်တိုက်ဖျက်မှု စွမ်းရည် မြှင့်တင်ပေးရန်အတွက် အထောက်အကူဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပြီး ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများကို မျှဝေခြင်း၊ ကုသရေးပစ္စည်းများလှူဒါန်းခြင်း၊ ပညာရှင်အဖွဲ့များ စေလွှတ်ခြင်းစသည့် နည်းလမ်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံရောဂါတိုက်ဖျက်ရေးကို ပိုမိုကောင်းမွန်စွာကူညီအားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply