အလုပ်အကိုင် ခက်ခဲလာသဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရွှေကျင်ရန် တူးဖော်နေမှု များရှိနေ

0
19

လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ယခုကာလအတွင်း အလုပ်အကိုင်များ ခက်ခဲလာသဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း ရွှေကျင်ရန် တူးဖော်နေမှုများ ရှိနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှသိရသည်။

ပုဂံဒေသခံပြည်သူများသည် ယဉ်ကျေးမှုအမွေအနှစ် နှင့်ပတ်သက်ပြီး ခရီးသွားလုပ်ငန်းပေါ်တွင်သာ မှီတင်း၍ စီးပွားရှာလုပ်ကိုင်ဆောင်ရွက်နေရသောကြောင့် လက်ရှိတွင် ခရီးသွားဝင်ရောက်မှု မရှိသည့်အတွက် နေ့စဉ်ဝင်ငွေရရှိမှု အခက်အခဲများ ဖြစ်လာရကြောင်း သိရသည်။

” ဒီလိုအခက်အခဲဖြစ်တာမှန်ပေမယ့် ယဉ်ကျေးမှု အမွေအနှစ်ကို အခြေခံပြီးတော့ ဒီလိုမျိုး ရှာဖွေဖော်ထုတ်တာကလဲ အမွေအနှစ်ကို ဖျက်စီးရာရောက်တယ်။ ဒီအမွေအနှစ်ကြောင့် ဒီလိုဝင်ငွေတွေ ဒေသခံလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်မှာလည်း အကျိုးဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ်မှာလည်း စာရင်းဝင်ထားတဲ့ နေရာဒေသဖြစ်တဲ့အတွက် ဒေသခံတွေရော ပြည်သူတွေအားလုံးကရော ဒီအမွေအနှစ် ရေရှည်တည်တဲ့ခိုင်မြဲရေးကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ မြင်းကပါကျေးရွာ အပိုင် တောင်ဘီကျေးရွာ အနီး နှင့် မြင်းကပါကျေးရွာအနီး ရွှေဥမင် ဘုန်းကြီးကျောင်းဘေးရှိ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း ရှေးဟောင်း ပစ္စည်းများဖြစ်သော ပုတီးစေ့ များ တူးဖော်ရှာဖွေနေကြောင်း သတင်းရရှိမှု အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ/လုံခြုံ)၊ ဦးစီးအရာရှိ(နယ်မြေလုံခြုံရေး)၊ လုံခြုံရေး ဌာနစိတ်မှ အမှုထမ်းများ၊ ပုဂံနယ်မြေရဲစခန်းမှ နယ်ထိန်းအဖွဲ့၊ မြင်းကပါကျေးရွာ အုပ်ချုပ်ရေးမှူး တို ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးစဉ် တူးဖော်နေသူ (၁၀)ဦးအား တွေ့ရှိကာ ၎င်းတို့နှင့် အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဇကာများနှင့် ပစ္စည်းများ တွေ့ရှိရပြီး သိမ်းဆည်းရရှိသည့် ပစ္စည်းများတွင် ရှေးဟောင်း ပုတီးစေ့များ ပါဝင်သိမ်းဆည်း ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါနေရာများသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် များတည်ရှိရာ ဒေသ(ယခင် MZ) ဧရိယာတွင် ကျရောက်လျက်ရှိပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ကာလက ဒေသခံများ ရွှေကျင်ခဲ့သည့် နေရာများဖြစ်ကြောင်းသိရသည်။

ယခုအခါ ဒေသခံများ အနေဖြင့် အလုပ်အကိုင်ခက်ခဲ့မှုကြောင့် ယခင်ရွှေကျင်ခဲ့သည့် နေရာတွင် ပြန်လည်ရှာဖွေကြခြင်း ဖြစ်မည်ဟု ယူဆရသဖြင့် ထိန်းသိမ်းခဲ့သော လူ (၁၀)ဦးအား နောက်နောင် ထပ်မံဆောင်ရွက်ခြင်း မပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လည်စေလွှတ်ပေးခဲ့ ကြောင်းသိရသည်။

ဝေဝေဖြိုး

Leave a Reply