တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ၅၈၀ ကျော်ကို ဇွန်လဆန်းတွင် မဲနှိုက်ချထားပေးမည်

0
20

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအရပ်ရှိ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ၅၈၆ ခန်းကို ဇွန်လဆန်းပိုင်းတွင် တိုက်ခန်းဝယ်ယူခွင့်မဲပေါက်သူများကို မဲနှိုက် နေရာချထားပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

အာမခံစပေါ်ငွေ ကျပ်သိန်း (၂၀)သွင်းရမည်ဖြစ်ပြီး ယခင်က ငွေသွင်းထားပြီးသူ ၁၉၈ ဦးရှိသည်။ ငွေသွင်းရန်ကျန်ရှိသည့် ၃၈၈ ဦး အနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရတနာပုံဘဏ် က မြို့တော်ခန်းမတွင် မေလ ၁၃ ရက်နေ့မှ ၂၅ ရက်အထိ လက်ခံသွားမည်ဖြစ်သည်။

“မဲနှိုက်ချထားပေးတဲ့အခါ အခုလက်ရှိဖြစ်နေတဲ့ COVID – 19 ရောဂါကြောင့် Social Distancing ဖြစ်အောင် မြို့တော်ခန်းမမှာ စနစ်တကျနေရာချထားပြီး မဲနှိုက်မှာပါ။ ဝယ်ယူခွင့်ရတဲ့သူတွေက အာမခံ ငွေသွင်းပြီးမှ မဲနှိုက်ရမှာပါ´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

အာမခံစပေါ်ငွေ ကျပ်သိန်း (၂၀) ပေးသွင်းပြီးသူများထဲမှ နိုင်ငံ့ဝန်ထမ်းများအား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ အငြိမ်းစားဝန်ထမ်းများကို ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ ကုမ္မဏီဝန်ထမ်းများနှင့်ပြည်သူများအား ဇွန်လ ၃ ရက်၊ ၄ ရက်တို့ တွင်လည်းကောင်း မဲနှိုက်ချထားပေးမည်ဖြစ်သည်။

Social Distancing အား စနစ်တကျလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် အငြိမ်းစားဝန်ထမ်းများမှ အပအခြားပုဂ္ဂိုလ်များအနေဖြင့် လူပိုခေါ်မလာရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မေတ္တာရပ်ခံထားသည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply