မြန်မာနိုင်ငံသို့ လာရောက်ကူညီသည့် တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ ပြန်လည်ထွက်ခွာ

0
30

မြန်မာနိုင်ငံသို့ လာရောက်ကူညီသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် တာဝန်ပြီးဆုံးပြီဖြစ်၍ မေလ ၁၂ ရက် ညတွင် တရုတ်လေတပ်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Xiong Shaowei ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော် တို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်ဟုသိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ဧပြီလ ၂၄ ရက်တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီးနောက် COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်ရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့်အတူ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေး၊ ရောဂါစမ်းသပ်ကုသရေးတို့နှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြောင်းသိရသည်။

ထို့ပြင်မြန်မာ့တပ်မတော်အား ကူညီ၍ COVID-19 ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်စွမ်း မြှင့်တင်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးလက်စွဲစာအုပ် ရေးသားပြုစုရေး၊ ဆေးဝန်ထမ်းများအား လေ့ကျင့်ပေးရေး စသည့်နယ်ပယ်များ၌ လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ရာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အတူတကွတည်ဆောက်ရေးစိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးနိုင် ကြောင်း တရုတ်သံအမတ်ကြီး Mr. Chen Hai က ချီးကြူးခဲ့သည်ဟုသိရသည်။

ဗိုလ်ချုပ်သက်ပုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တရုတ်ကျွမ်းကျင်ပညာရှင်များအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုများကို မြန်မာ့တပ်မတော်မှ လေးလေးနက်နက်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

ပြန်လည်မထွက်ခွာမီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းမှ နေပြည်တော်၌ Video Call ဖြင့် ဆက်သွယ်၍ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ဘိုဘို
#TheFifthWaveNews
Photo Credit: Chinese Embassy in Myanmar

Leave a Reply