မန္တလေးတိုင်းဒေသကြီးအတွင်း မသန်စွမ်း မဲဆန္ဒရှင်အရေအတွက် ၇၉၃၇ ဦးရှိ

0
53

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုလက်ရှိ မဲဆန္ဒရှင်စာရင်းအရ ၄၅ သိန်းကျော်ရှိပြီး မသန်စွမ်း မဲဆန္ဒရှင်အရေအတွက် ၇၉၃၇ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဟန်သည် တိုင်းအတွင်းရှိ အခြေခံ မဲဆန္ဒရှင်အရေအတွက်၊ မသန်စွမ်းမဲဆန္ဒရှင်အရေအတွက် မြို့နယ် အဆင့်အခြေခံ မဲဆန္ဒရှင်ကောက်ယူရေးအဖွဲ့ အနေဖြင့် လစဉ်ဆောင်ရွက်မှု အခြေအနေနှင့်မဲရုံသို့ မလာရောက်နိုင်သော မသန်စွမ်း မဲဆန္ဒရှင်များ အတွက် ဆန္ဒမဲပေးနိုင်ရေး အစီအမံတို့အား သိရှိလိုကြောင်း ဇွန်လ ၁၁ရက်က ပြုလုပ်သော မန္တလေတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေး(တတိယနေ့) တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

“မသန်စွမ်း မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် မသန်စွမ်းအမျိုးအစား အလိုက် ဆန္ဒမဲ ပေးလိုပါကာ မဲဆန္ဒရှင် စာရင်းတွင် ပါရှိသော ကာယကံရှင် ဆွေမျိုးတစ်ဦး(သို့မဟုတ်) ကာယကံရှင် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်သောသူ အကူအညီဖြင့် ဆန္ဒမဲပေးခြင်း၊ မဲရုံဝန်ထမ်း အကူညီဖြင့် မဲပေးနိုင်အောင် ဆောင်ရွက်သွားမယ်။ မဲရုံကို မလာနိုင်တဲ့သူတွေကို ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်တွင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကြိုတင်မဲ ပေးနိုင်မည်´´ ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်က ပြောသည် ။

ထို့အပြင် အသန်စွမ်းမဲဆန္ဒရှင်များ မဲပေးနိုင်ရန်အတွက် မသန်စွမ်းအမျိုးအစားအလိုက်ခွဲပြီး စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းမှန်ကန်ရန်အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တစ်ဆင့် ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲ တို့ထံမှ လစဉ် အတိုးအလျော့စာရင်းကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“မသန်စွမ်းများအတွက် အခြေခံ မဲစာရင်း ကောက်ယူသည့် ဇယားတွင် သီခြား မှတ်ချက်ပါရှိသော်လည်း အကြောင်း မျိုးမျိုးကြောင့် သီးခြားမှတ်ချက်တွင် ဖော်ပြထားခြင်းမရှိလျှင် သာမန်ပြည်သူ မဲစာရင်းနေရာတွင် ဖြည့်သွင်းထားမိပါက မဲပေးသည့်အချိန်တွင် မဲရုံသို့ လာရောက်နိုင်သော မသန်စွမ်းများသာ မဲပေးခွင့်ရှိမှာဖြစ်ပါတယ်။ မလာရောက်နိုင်သူများအား သက်ဆိုင်ရာမဲရုံများမှ ကြိုတင်မသိရှိနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ပေးနိုင်ခြင်းမရှိဘဲ မဲပေးခွင့်ဆုံးရှုံးကြရမှာဖြစ်ပါတယ်´´ ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဟန်က ပြောသည် ။

ထို့အတွက်ကြောင့် အခြေခံမဲစာရင်းတွင် မသန်စွမ်းများ ထည့်သွင်းရာ၌ ကျန်ရှိမှုမရှိစေရေး နှင့် ဇယားများ မှန်ကန်မှုရှိ၊ မရှိ ထပ်မံစစ်ဆေးမှုမျာပြုလုပ်ရန် ၎င်းက ဆက်လက်ပြောသည် ။

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကော်ကပွဲ ကော်မရှင်က ထုတ်ပြန်ထားသော်လည်း ကျင်းပပြုလုပ်မည့်ရက်ကိုတော့ အတိအကျကြေညာထားခြင်းမရှိပေ။

နိုင်လင်းဦး

Leave a Reply