ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်တွေကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့အတွက် တင်ပြအပ်ပါတယ်။

0
220

အရင်ဆုံး တင်ပြချင်တဲ့သတင်းကတော့ FDA က အသတ်ခံလိုက်ရတဲ့ အမျိုးသမီးလေးအကြောင်းဖြစ်ပါတယ်။ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနFDAက ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်းဟာ ဇန်န၀ါရီ ၂၀ရက် ညပိုင်းက လှည်းတန်းကနေ ဒဂုံမြို့နယ်ကို ပြန်ရာမှာသူငှားရမ်းစီးနင်းခဲ့တဲ့ အငှားယာဉ်မောင်း မျိုးဇော်ဦးနဲ့ ကားငှားရမ်းခဈေးပိုတောင်းမှုကြောင့် စကားအခြေအတင် ဖြစ်ခဲ့ပါ တယ်။သည့်နောက်မှာတော့ အဆိုပါ အငှား ယာဉ်မောင်းဖြစ်သူ က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) တိုးချဲ့ရပ်ကွက် ငါးမာန်အောင် ဘုရားဘေး ရှိ သစ်ပင်အောက်တွင် ၎င်း၏အလောင်းကို စွန့်ပစ် ထားခဲ့ခြင်းဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ပေးခဲ့ပါတယ်။ မရွှေရည်ဝင်းကို သတ်ဖြတ်ခဲ့တဲ့ မျိုးဇော်ဦးကို ဇန်န၀ါရီ ၂၄ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့ပါတယ်။ အခုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲကတော့ ရန်ကုန်မြို့နေ အမျိုးသမီးတွေအနေနဲ့ အလုပ်သွား အလုပ်ပြန် ၊ ကျောင်းသွား ကျောင်းပြန် ၊ ရုံးသွားရုံးပြန် စတဲ့ ကိစ္စတွေမှာ Taxi တွေကို အသုံးပြုမှု သိသိသာသာ ရှောင်ကြဉ်လာကြပါတယ်။ မဖြစ်မနေ ငှားရတော့မယ်ဆိုရင်လည်း GRAB ၊ UBER စတဲ့ ဖုန်းဆက်ခေါ်လို့ရတဲ့ တက္ကစီတွေကိုသာ ငှားစီးလာကြပါတယ်။ မရွှေရည်ဝင်းရဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ ရန်ကုန်က တက္ကစီယာဉ်မောင်းတွေအနေနဲ့ ထမင်းအိုး ရိုက်ခွဲခံလိုက်ရသလို ခရီးသည်ပြည်သူတွေရဲ့ ယုံကြည်မှုတွေ လျှော့ကျစေလာခဲ့ပါပြီ။ရန်ကုန်မှာ တက္ကစီမောင်းနှင်ရတဲ့ အလုပ်ဟာ ခရီးသည်ကလည်း တက္ကစီသမားကို သင်္ကာမကင်းဖြစ်နေကြရသလို တက္ကစီသမားကလည်း ခရီးသည်ကို သင်္ကာမကင်း ပြန်ဖြစ်နေရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။မှုခင်းတွေ အဖြစ်များလာတဲ့ ခေတ်ကြီးမှာ တက္ကစီငှားစီးပြီး လူပြတ်တဲ့ နေရာတွေ အရောက်မှာ ကားသမားကို ရိုက်ပြီး သတ်ပြီး ပစ္စည်းလုတဲ့ ဖြစ်စဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတွေကြောင့် အခုရက်ပိုင်းမှာ တချို့ဆိုရင် ကားမမောင်းတော့ဘဲ တခြားအလုပ်အကိုင်လေးတွေကို ပြောင်းလဲ လုပ်ကိုင်လာတဲ့အထိ ဖြစ်လာပါနေပါတယ်။

အခုတခါ ရခိုင်ပဋိပက္ခအရေး အကြံပေးဖို့အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ Bill Richardson နှုတ်ထွက်သွားတဲ့သတင်းကို တင်ပြပါရစေ။ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဖြစ်သလို အမေရိကန်သမ္မတဟောင်း ကလင်တန်ရဲ့ လက်ထက်မှာလည်း စွမ်းအင်ဝန်ကြီး နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ Bill Richardson ဟာ ၁၀ ဦးပါ ရခိုင်အကြံပေးအဖွဲ့ကနေ ရုတ်တရက် နှုတ်ထွက်သွားပါတယ်။ ရိုဟင်ဂာအရေးနဲ့ ရိုက်တာက သတင်းသမား ၂ ယောက် အဖမ်းခံထားရတဲ့ ကိစ္စတွေအတွက် သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ရာကနေ စကား အချေအတင်များတဲ့အထိ ဖြစ်ခဲ့တယ်လို့ AP နဲ့အင်တာဗျူးမှာ သူက ပြောပြထားပါတယ်။ သည့်နောက်မှာတော့ အဆိုပ်အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာအစိုးရရဲ့ ဖြေရှင်းချက်မှာတော့ Bill Richardsonဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်တဲ့ ပြောဆိုမှုတွေကို လုပ်ခဲ့တယ်လို့ ဆိုခဲ့သလို အစိုးရကို အကြပ်ရိုက်စေအောင် လုပ်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အနောက်တံခါး အရေးကိစ္စဟာ အစိုးရ နှစ်ဆက်အပြောင်းအလဲ ဖြစ်လာပေမယ့်လည်း မငြိမ်းချမ်းသေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ လူမျိုးစု နှစ်စုအကြားမှာ ပြသနာပေါင်း မြောက်မြားစွာနဲ့ လစ်ရင် လစ်သလို နိုင်ငံတကာကလည်း ဖိအားပေးဖို့ အခွင့်ချောင်းနေတဲ့အတွက် သတိထားကိုင်တွယ်နိုင်မှသာ လပ်ရှိအစိုးရအတွက် သက်သာပါလိမ့်မယ်။ အမှားတစ်ခု ကျူးလွန်ဆုံးဖြတ်မိခဲ့ရင်တော့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေး အကြပ်ကိုင်တာတွေကို ခံရဖွယ်ရှိနေပါတယ်။

အခုတစ်ခါလည်း ရခိုင်သတင်းနဲ့ပဲ ဆက်ပါရစေ။ မောင်တောဒေသက နေရပ်စွန့်ခွာတိမ်းရှောင်သူများကို ပြန်လည်လက်ခံဖို့အတွက် ရက်သတ်မှတ်သည့်ဇန်နဝါရီ ၂၃ ရက်မှာ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်သော်လည်း ပြန်လာမည့်သူများရောက်မလာတဲ့အပြင် စာရင်းလည်းရောက်မလာဘူလို့ သိရပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသက နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ တောင်ပြိုလက်ဝဲ စိစစ်ပြန်လည် လက်ခံရေးစခန်း၊ ငါးခူရ စိစစ်ပြန်လည်လက်ခံရေး စခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်နေရာ ချထားပြီ ဖြစ်ပါတယ်။ သို့သော်လည်း ပြန်လည်ဝင်ရောက်လာမှု မရှိသေးပါဘူး။မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ကတော့ အကြမ်းဖက်သမားတွေ မပါဝင်နိုင်ဖို့အတွက် အထူးအလေးထား စစ်ဆေးဖို့ ပြင်ဆင်ထားတာတွေလည်း ရှိနေပါတယ်။ မြန်မာအစိုးရရဲ့ အသေးစိတ် ပြင်ဆင်ထားမှုအခြေအနေတွေကို မီဒီယာတွေကနေ အချိန်နဲ့ တပြေးညီ ဖော်ပြနေတဲ့အတွက် နေရပ်စွန့်ခွာသူတွေအနေနဲ့ သတင်းအချက်အလက်တွေကို အနည်းနဲ့ အများတော့ ရရှိကြပါလိမ့်မယ်။ သို့သော်လည်း ယခုအချိန်အထိ ဘာကြောင့် ပြန်မလာကြသေးတာလဲ ဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ တဆက်တည်းမှာပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ဝင်ရောက်လာသူ တွေကို စိစစ်လက်ခံရာမှာ အရင်ကထက်ပိုပြီး သတိထားကြဖို့ လိုအပ်နေပြီလို့ သုံးသပ်မိပါတယ်။ အန္တရာယ်ဆိုတာ ကြိုမမြင်နိုင်တဲ့ အတွက် သတိထားကြမှသာ အားလုံး ဘေးကင်းကြမှာ ဖြစ်ပါတယ်။

ဒီတစ်ခါတော့ ဘဏ်ကို ၀င်လုတဲ့ သတင်းလေးတင်ပြချင်ပါတယ်။ မြစ်ကြီးနားမြို့ မြို့မဈေး ပထမထပ်က ကမ္ဘောဇမီနီဘဏ်ကို လူလေးဦးက ဘဏ်ဝန်ထမ်းများကို သေနတ်နဲ့ ချိန်းခြောက်ပြီး ငွေကျပ် သိန်း ၉၂၀ ကျော်ဖိုးကို လုယူထွက်ပြေးသွားခဲ့တယလို့ ကမ္ဘောဇဘဏ်လီမိတက်ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ၊ ၂၃ ရက်နေ့ ဘဏ်ပိတ်ချိန်နောက်ပိုင်း မွန်းလွဲ (၃) နာရီကျော်ခန့်မှာ မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်က ကမ္ဘောဇဘဏ် မီနီဘဏ်ကို လူ (၄) ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဘဏ်အတွင်းက ၀န်ထမ်းများကို အသင့်ယူဆောင်လာတဲ့ လက်နက်များနဲ့ ခြိမ်းခြောက်ပြီး ဘဏ်မှ ငွေကျပ် သိန်း (၉ ၂၀) ကျော်ကို လုယူထွက်ပြေးသွားခြင်း ဖြစ်ပါတယ်။အခုဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ CCTV ကင်မရာကနေ ခြေရာခံတာတွေကို လုပ်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျူးလွန်တဲ့ တရားခံတွေကတော့ ဖမ်းမိနိုင်ခြင်း မရှိသေးပါဘူး။ ယနေ့ခေတ်လို အလုပ်အကိုင်ရှားပါးလာတဲ့ အချိန်၊ ၀င်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ အချိန် ၊ လူအများစု အဆင်မပြေဖြစ်နေတဲ့အချိန်မှာ လူတွေဟာ သေမထူး နေမထူးဇာတ်တွေ ခင်းပြီး ခိုး ဆိုး လု နှိုက်တွေကို ကျူးလွန်လာကြပါတယ်။ မှုခင်းဖြစ်စဉ်တွေ အရင်ကထက် ပိုပြီးများပြားလာတာဟာ နိုင်ငံရဲ့ စီးပွားရေး ကျဆင်းလာမှုနဲ့ ပြည်သူတွေရဲ့ အကျင့်စာရိတ္တအပိုင်းတွေ အားနည်းလာခြင်းကြောင့် ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ရှိတဲ့သူက ရှိပြီးရင်းရှိ ၊ ငတ်တဲ့လူက ငတ်ပြီးရင်း ငတ်တဲ့ အခြေအနေတွေဟာ နေရာအစုံ ဒေသအစုံ လက်တွေ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါတွေကို အချိန်မီ မကုစားပေးနိုင်ရင် တော့ မှုခင်းဖြစ်စဉ်တွေက ပိုပြီး တိုးတက် လာဖွယ်ရှိနေပါတယ်။

အခုတစ်ခါ တပ်မတော်လေရဲ့ လေယာဉ်ဝယ်တဲ့ သတင်းလေးကို တင်ပြချင်ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ ဖေ့ဘုတ်ခ် ပေ့ခ်ျတို့ ကနေ မြန်မာ့တပ်မတော်(လေ) အတွက် စတုတ္တမျိုးဆက် လွန်တိုက်လေယာဉ် Su-30 စုစုပေါင်း ခြောက်စီး ရောင်းချပေးမည့် သတင်းကို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်ဟာ အရှေ့ တောင်အာ ရှဒေသအတွင်း Hot New ဖြစ်သွားစေပြီး အိမ်နီးချင်း နိုင်ငံများအထူးသဖြင့် စစ်အင်အားပြိုင်ဆိုင်မှုများပြုလုပ် လေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်း နိုင်ငံတို့ အတွက် Shock ရသွားစေသော သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး အင်အားကို ကြည်၊ ရေ၊ လေ အဘက်ဘက်ကနေ ထောင့်စုံအောင့် ဖြည့်ဆည်းနေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အမည်ကို ကြားရရင် အများစုက အပြစ်ပြောဖို့သာ အခွင့်ချောင်းနေခဲ့ပါတယ်။ ဒါပေမယ်လည်း တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေဟာ သူတို့ လုပ်စရာရှိတဲ့ အလုပ်ကို အကောင်းဆုံးလုပ်ပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေး အင်အားအတွက် အမြဲ အသင့်ရှိနေအောင် စနစ်တကျ စီမံဆောင်ရွက်ထားနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုမှာ တပ်မတော်သာ အင်အား ခိုင်မာတောင့်တင်းမှု မရှိရင် နိုင်ငံတကာရဲ့ ထိကပါးရိကပါး ကျူးကျော်ရန်စမှုတွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ တိုင်ပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေချိန်မှာ ဒီမိုကရေစီအစိုးရရဲ့ တပ်မတော်ဟာလည်း အဆင့်အတန်းမြင့်မြင့်နဲ့ အင်အားရှိနေမှသာ ဘေးပရောဂတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ အင်အားကို အခုထက်ပိုမိုပြီး ဖြည့်ဆည်းဆောင်ရွက်နိုင် ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ ရတနာပုံက ကျောင်းသားသပိတ်ကို အစိုးရတာဝန်ရှိသူတွေက ဖြိုခွဲခဲ့ပြီး ကျောင်းသားတွေကို သက်ဆိုင်ရာ မိဘတွေထံ ပြန်ပို့ပေးခဲ့ပါတယ်။ သည့်နောက်မှာတော့ ဆန္ဒပြမှုမှာ ပါဝင်တဲ့ ကျောင်းသား ၃၄ ဦးကို ပညာသင်ကြားခွင့် ရပ်စဲလိုက်ပါတယ်။ ဆန္ဒပြသပိတ်ကို ဖြိုခွဲတဲ့နေရာမှာ အရင်အစိုးရလက်ထက်ကလို အင်အားသုံး ဖြိုခွဲတာမျိုး မရှိခဲ့ပေမယ့် လည်း ဆန္ဒပြသူတွေကို ပညာသင်ကြားခွင့် ရပ်စဲလိုက် တာကတော့ အတော်လေးကို အကျည်းတန်စေခဲ့ပါတယ်။ တက္ကသိုလ်က တာဝန်ရှိသူတွေက ကျောင်းစည်းကမ်းချက်တွေကို ချပြပြီး ပညာသင်ကြားခွင့် ရပ်စဲရတဲ့ကိစ္စကို ဖြေရှင်းလာခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ၀န်ကြီးချုပ်ကလည်း ဥပဒေအတိုင်း ဆောင်ရွက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအခါမှာတော့ ပညာရေးရပ်စဲခံရတဲ့ ကျောင်းသားတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများသမဂ္ဂကနေ စာထုတ်ပြီး တောင်းဆိုတာတွေလည်း ရှိလာခဲ့ပါတယ်။ အစိုးရနဲ့ ကျောင်းသားကတော့ ခေတ်အဆက်ဆက်မှာ အခုလို ထိပ်တိုက်တွေ့ဆုံမှုလေးတွေတော့ မကြာခဏ ဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့်လည်း ဆန္ဒပြသူတွေအပေါ် တည်ဆဲ အစိုးရတွေရဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ ဘယ်လိုပဲ ပြောင်းပါတယ်ပြောပြော အရင်အတိုင်းပါပဲလို့သာ မှတ်ချက်ချ လိုက်ပါတယ်။

ဒီတခါတော့ ရဲအချင်းချင်း ဖိနှိပ်လို့ မီဒီယာစင်တာကနေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ရဲတပ်သားတစ်ဦးကို သူ့ရဲ့ သက်ဆိုင်ရာ ရဲစခန်းကနေ ညတွင်းချင်း ဖမ်းသွားတဲ့သတင်းလေးကို တင်ပြချင်ပါတယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့ ခင်ပွန်းသည်ရဲတပ်သား မရှိချိန်မှာ ဇနီးဖြစ်တဲ့သူနဲ့ ပတ်ဝန်းကျင်က ရဲဝန်ထမ်းမိသားစုတွေ စကားများဆဲဆိုမှုတွေ ဖြစ်ခဲ့ပြီး ရဲတပ်သားရဲ့ ဇနီးဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေကြောင့် ဒဏ်ရာတွေရရှိခဲ့ပြီး သက်ဆိုင်ရာကို တင်ပြပေမယ့် အကြောင်းမထူးတာကြောင့် မန္တလေးက မီဒီယာစင်တာကနေ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတစ်ယောက်အနေနဲ့ အခုလို ကိုယ့်အဖွဲ့အစည်းထဲက ပြသနာကို မီဒီယာကနေ ရှင်းတဲ့အတွက် ရှင်းပြီးညနေပိုင်းမှာပဲ သက်ဆိုင်ရာ စခန်းက လာဖမ်းတာကို ခံလိုက်ရတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာတော့ ရာထူးငယ်သူကို ရာထူးကြီးတဲ့သူတွေက ဖိအားပေး အနိုင်ကျင့်တဲ့ ပုံစံမျိုးတွေ ဖြစ်မလာဖို့ လိုအပ်နေပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်လို့ ရဲစည်းကမ်းချိုးဖောက်မှုနဲ့ ရဲတပ်သားကို ဖမ်းမယ်ဆိုရင် ရဲစခန်းအတွင်းမှာ ဆဲဆိုဆူပူရိုက်နှက်ခဲ့သူတွေကိုရော ဘယ်လိုဥပဒေနဲ့ အရေးယူဆောင်ရွက်မှာပါလဲ။ နောက်တစ်ချက်က အထက်လူကြီးတွေ အနေနဲ့ အဖွဲ့အစည်းအတွင်း အခုလို ပြသနာဖြစ်လို့ အသိပေး တိုင်ကြားလာမှုတွေကိုရော ဘာကြောင့် အချိန်မီ အရေးယူဆောင်ရွက်မှု အားနည်းနေခဲ့ရတာလဲဆို မေးခွန်းထုတ်စရာပါ။ ပြောင်းလဲချိန် တန်ပါပြီ။ ပြောင်းလဲကြပါ။ ရာထူးကြီးသူမှားတော့ ဆောရီး လုပ်လို့ရပေမယ့် အောက်လက်ငယ်သားအမှားအတွက် ဗြောတီးကြမယ်ဆိုရင်ဖြင့် တရားမျှတမှုရှိတော့မှာ မဟုတ်ပါဘူး။ တရားကို နတ်စောင့်ပါစေလို့သာ ဆုတောင်းပေးလိုက်ပါရစေ။

အခုတစ်ခါတော့ဇန်န၀ါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး ကွင်း မှာ လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ထောက်ခံကြိုဆိုပွဲအကြောင်း တင်ပြချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်နာယကတွေ တက်ရောက်ခဲ့တဲ့ အဆိုပါ ပွဲမှာ ငြိမ်းချမ်းရေးအတွက် သရုပ်ဖော်ပုံတွေကို ပြုလုပ် ပုံဖော်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ကလေးငယ်လေးများက လက်အုပ် ချီကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရှေ့မှာ သွားရောက် ရပ်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေက အသာအယာကြည့်နေခဲ့ကြတဲ့ သရုပ်ဖော်မှုကို ပြုလုပ်ခဲ့ပါတယ်။ တခြားတစ်ဖက်မှာ လည်း အလားတူပဲ ငြိမ်းချမ်းရေး ကလေးငယ်တွေက တပ်မတော်သားများရဲ့ အရှေ့ကို လက်အုပ်ချီ၍ မတ်တပ်ရပ်နေချိန်မှာ တပ်မတော်သားများက ကလေးငယ်များကို သေနတ်များနဲ့ ပြန်လည်ချိန်ရွယ်၍ ပစ်တော့မယ့် သရုပ်ဖော်မှုကို ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးရဖို့အတွက် အစိုးရ အဆက်ဆက် အားထုတ်ကြိုးပမ်းခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ဖက်ကပဲ အပစ်ရပ်နေလို့ မရပါဘူး။ အထူးသဖြင့် အခုလို ငြိမ်းချမ်းရေးအတွက် ထောက်ခံကြိုဆိုပွဲမှာ တပ်မတော်ကို ထိုးချပြီး အပြစ်ဖို့တဲ့ သရုပ်ဖော်မှုတွေဟာ မြင်ရတွေ့ရတာ အင်မတန်မှ အကျည်းတန်လှပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆောင်ရွက်မယ့်လူတွေအနေနဲ့ မိမိတို့ရဲ့ စိတ်နှလုံးသားကို အရင်ဆုံး ဖြူစင်ငြိမ်းချမ်းအောင် ဆောင်ရွက်ပြီးမှသာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ကြစေလိုပါတယ်။ပေး သောလက်တွေလည်း ဖြူစင်ကြပါစေ။ ယူသောလက်တွေလည်း ဖွေးကြပါစေ။ ငြိမ်းချမ်းရေးကို နိုင်ငံရေးအတွက် အသုံးမချကြပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်။

အထက်ပါသတင်းကောက်နှုတ်ချက်များကို ပဉ္စမလှိုင်းမီဒီယာ ၊ မြန်မာ့ အလင်း ၊ The Voice မီဒီယာတို့မှ ကောက်နှုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply