ဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ခြင်းမှာ စိန်ခေါ်ခြင်းဖြစ်ဟု ဗ.က.သ ပြော

0
147

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ၊၂၀၁၈

ပညာရေးအသုံးစရိတ်ပိုမိုရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သော ရတနာပုံတက္ကသိုလ်မှကျောင်းသားများကို ကျောင်းထုတ်ခဲ့သောကြောင့် အစိုးရကိုအပြင်းအထန်ကန့်ကွက်ရှုံ့ချပြီး ယခုကဲ့သို့ ကျောင်းထုတ် ခြင်းမှာ ကျောင်းသားများကို စိန်ခေါ်ခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂအဖွဲ့ချုပ် က ပြောသည်။

ရတနာပုံတက္ကသိုလ်မှဆန္ဒပြကျောင်းသားများသပိတ်ကို ဖမ်းဆီးဖြိုခွဲခဲ့ပြီး ဆန္ဒပြပွဲတွင်ပါဝင်သည့် ကျောင်းသားများအား ကျောင်းမှပညာရေး ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က ယနေ့တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေသိမ်ဓမ္မသိင်္င်္ဂကျောင်းတိုက်၌ သတင်းစာရှင်းလင်းပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

“ ကျောင်းထုတ်တာက တပြိုင်နက်တည်းထုတ်တာမဟုတ်ဘဲနဲ့ ပထမတစ်ကျောင်းကိုထုတ်လိုက်တယ်။ ပြီးတော့အခြေအနေကြည့်ပြီး အခြားကျောင်းတွေကိုပါ တဖွဲဖွဲထုတ်တယ်။ ဒါဟာကျောင်းသားတွေကို စိန်ခေါ်လိုက်တာဖြစ်တယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ လက်မခံဘူး ဆိုတာကို ပြောချင်တယ်” ဟု ဗကသအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ဒီမိုကရေစီအစိုးရတက်လာပြီးနောက်ပိုင်း ကျောင်းစည်းကမ်းများသည် လည်း ဒီမိုကရေစီနှင့်မညီသော ကျောင်းစည်းကမ်းမျာဖြစ်ပြီး ကျောင်းသားများတောင်းဆိုထားသည့် အချက် ၁၁ ချက်ကိုလည်း အစိုးရဘက်က လိုက်လျောခြင်းမရှိသည့်အပြင် တွေ့ဆုံဆွေးနွေးရန် အတွက် ကမ်းလှမ်းခြင်းမျိုးလည်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဗ.က.သ အဖွဲ့ချုပ်သည် ဒီမိုကရေစီပညာရေးအတွက် ၂၀၁၅ ခုနှစ်တွင် တောင်းဆိုချက် ၁၁ ချက်နှင့်အတူ ဆန္ဒပြခဲ့ကြပြီးနောက် ပင်မသပိတ်ကို လက်ပံတန်းမြို့တွင် ဖြိုခွင်းခံခဲ့ရပြီး ကျောင်းသား တစ်ရာကျော်ကိုလည်း ဖမ်းဆီးထောင်ချခဲ့သည်။

သုံးနှစ်ကြာပြီဖြစ်သော တောင်းဆိုချက်များကို လက်ရှိအစိုးရသည်လည်း လစ်လျူရှုထားသကဲ့သို့ ဗကသအဖွဲ့ချုပ်ကလည်း သပိတ်လက်နက်ကို လည်း စွဲကိုင်ထားစဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေသည့် ဇန်နဝါရီ ၂၆ ရက်စွဲပါ ထုတ်ပြန်ချက်တစ်စောင်တွင်လည်း ပါရှိသည်။

“ မဖြေရှင်းဘူးဆိုရင် ဒီမိုကရေစီပညာရေးတောင်းဆိုချက်တွေ ပေါ်ပေါက်လာရင် အစိုးရရဲ့တာဝန်သာဖြစ်လိမ့်မယ် “ ဟု ကိုကောင်းထက်ကျော် က ဆိုသည်။

ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုခဲ့ပြီး ဖြိုခွင်းခံလိုက်ရသော ကျောင်းသားသပိတ်သည် ယခုနှစ် မတ် လတွင် သုံးနှစ်ပြည့်ပြီဖြစ်ပြီး ထပ်မံလှုပ်ရှားမှုများလုပ်ဆောင်ရန်အတွက် စီစဉ်နေကြောင်းလည်း သိရသည်။

“ ပညာရေးပြုပြင်ပြောင်းလဲရေးဆိုပြီး ကြွေးကြော် တက်လာတဲ့ ဒီအစိုးရလက်ထက်မှာ ပညာရေးဆိုတဲ့ ပြောင်းလဲရေးတွေ မတွေ့ရတာ များပါတယ်။” ဟု ဗကသအတွင်းရေးမှူး ၃ မရွှေရည် က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

“ကျောင်းထဲတွေမှာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်မယ်။ ပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အစိုရရဲ့လုပ်ဆောင်ချက် တွေကို စောင့်ကြည့်မယ်” ဟု ၄င်းကထပ်ပြောသည်။

ရတနာပုံတက္ကသိုလ်မှဆန္ဒပြကျောင်းသားများ ကျောင်းထုတ်ခံရခြင်း၊ ဒီမိုကရေစီပညာရေးတောင်းဆိုချက် ၁၁ ချက်တို့ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီနှင့်မညီသောကျောင်းစည်းကမ်းများ ပြောင်းလဲရေး စသည့် အချက်သုံးချက်ကို သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရတနာပုံတက္ကသိုလ်မှဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိသကဲ့သို့ ကျောင်းသားများ ဆန္ဒပြခြင်းများကို လည်း ဝေဖန်မှုများရှိသည်။

သျှင်ရဲထွဋ်

Leave a Reply