ဗိုလ်ချုပ်ရုပ်ရှင်ကို နှစ်အကြာကြီးစောင့်နေရတဲ့အတွက် အားနာတယ်လို့ ဆိုလိုက်တဲ့ ဇာခြည်လင်း

0
227

ရန်ကုန် ၊ဇန်န၀ါရီ ၂၈ ၊ ၂၀၁၈

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ခြောက်နှစ်တာကာလအတွင်း ဇာတ်ကားနမူနာထွက်ရှိလာခြင်းသာရှိခဲ့တဲ့ပြီးနောက် ရုပ်ရှင်အဖြစ် အကောင်အထည်ပေါ်မလာခဲ့တဲ့အတွက် စောင့်မျှော်နေခဲ့ရသော ပြည်သူတွေကို အရမ်းအားနာတယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ဇနီး ဒေါ်ခင်ကြည်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာခြည်လင်းကပြောဆို လိုက်ပါတယ်။

“နှစ်တွေအများကြီးစောင့်ရတဲ့အတွက် ပြည်သူတွေကို အရမ်းကိုအားနာ ပါတယ်၊ ဒါပေမဲ့အခုအချိန်မှာ ဒါကိုပြန်ရိုက်မယ်ဆိုတော့ အားတက်သရော ပြန်အားပေးတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ် ကိုယ်ဒေါ်ခင်ကြည်ဖြစ်နေသလိုခံစားရလားဆိုတော့ ရုပ်ရှင်ရိုက်နေတဲ့ အချိန်အတွင်းမှာတော့ အဲဒီလို Mood တော့သွင်းထားရတာပေါ့နော်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ကတော့ ညွှန်ကြားချက် မလာသေးဘူးရှင့်။ ဒီဇာတ်ကားမှာပါဝင်ခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်၊ အကောင်းဆုံးလည်းကြိုး စားသွား မှာပါ”လို့ ဇာခြည်လင်းကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးရုံးခန်းဖွင့်ပွဲနဲ့ အလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်)မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ ပြီးတော့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီးသူရဦးအောင်ကို အပါအ၀င် ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။

ယခင်ရိုက်ကူးခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားနမူနာရိုက်ကူးမှုမှာ သူကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ယခုပြန်လည်ရိုက်ကူးမှုအတွက် ပြင်ဆင်ရမယ့်အပိုင်းတွေရှိပြီးတော့ ထူးခြားတဲ့အပြောင်းအလဲတွေ မရှိဘူးလို့သူက ဆိုပါတယ်။

ကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့သူ့အတွက် ရုပ်ရှင်ရိုက်ကူးဖို့ သွားလာရတဲ့ကိစ္စတွေအတွက် လစာမဲ့ခွင့်နှင့် သွားလာခွင့်ပြုထားတယ်လို့ သူကပြောပါတယ်။

“ဒေါ်ခင်ကြည်နေရာကနေခေါ်တော့ လျှောက်ဖြစ်လိုက်တာပေါ့နော်၊ အခုကအရမ်းကြီးတော့ ပြင်ဆင်စရာမရှိပါဘူး၊ အလုပ်နဲ့ပတ်သက်ရင်လည်း ကူညီပေးမယ်ဆိုတော့ အားလုံးအဆင်ပြေပါတယ်၊ ကျွန်မက ကျောင်း ဆရာမ တစ်ယောက်ပါ။ ဒါကို စိန်ခေါ်မှုတစ်ခုလို့တော့ မသတ်မှတ်ထား ပါဘူး၊ ကိုယ်လုပ်နိုင်သလောက်တော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ရိုက်ကူးမှုရပ်နားထားတဲ့ ခြောက်နှစ်တာကာလအတွင်း သရုပ်ဆောင် ပိုင်းနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ပြောင်းလဲသွားတာမရှိပါဘူး။ ဘာပဲပြောပြော အခုလိုမျိုးပြန်ပြီးတော့ အကောင်အထည်ဖော်မယ်၊ ဝန်ကြီးဌာနတွေအားလုံးကလည်းပြန်ပြီးတော့ ပါဝင်ကူညီမယ် ဆိုတော့ ပိုပြီးတော့ ခွန်အားဖြစ်ပါတယ်”လို့သူပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိရုပ်ရှင်ကို ဒါရိုက်တာမင်းထင်ကိုကိုကြီးက ရိုက်ကူးသွားမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင် ဇာခြည်လင်းတို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဇတ်ညွှန်းရေးသားမှုအတွက် အချိန် ၆လခန့်ယူသွားမယ်လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကဆို ပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုကိုတော့ လာမယ့် ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာပြန်လည် စတင်မှာဖြစ်ပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလမှာ ရုံတင်နိုင်အောင်ကြိုးပမ်း သွားမယ်လို့လည်းသိရပါတယ်။

ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းပြီးတော့ ရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို ငွေကျပ်သိန်းပေါင်း ၁၅၀၀၀အကုန်အကျခံရိုက်ကူးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကပြောကြားထားပါတယ်။

ကိုဥာဏ်
ဓာတ်ပုံ – ကျော်သူမြင့် (ပဉ္စမလှိုင်း)

Leave a Reply