၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု တရားလို စစ်ဆေး

0
158

မန္တလေး၊ ဇန်နဝါရီ ၂၉၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ဇန်နဝါရီလ ၂၉ ရက်နေ့ ရုံးချိန်းမှာ တရားလို ကိုကျော်မျိုးရွှေကို ဒုတိယ အကြိမ်စစ်ဆေးခဲ့ပါသည်။

တရားလို ကိုကျော်မျိုးရွှေအနေဖြင့် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသည့်အတွက် ထောင်အတွင်း အချုပ်ကျခံနေရသည်။ တရားလိုမှာ အရိုးကင်ဆာဖြစ်ပွားနေသည့်အတွက် ရုံးချိန်းများ ခွင့်ဖြင့် ပျက်ကွက်နေသည့်အတွက် ဇန်နဝါရီလ ၁၆ ရက်နေ့ကမှ တရားလိုကို စတင်စစ်ဆေးခြင်းဖြစ်သည်။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now သတင်းထောက် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည်။

ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုပြ သက်သေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံးမှ သိရသည်။

နိုင်လင်းဦး

Leave a Reply