ကျောက်မဲမြို့ပေါ်မှ စစ်ဘေးရှောင်ရွာသား၃၀၀ကျော်နေရပ်မပြန်နိုင်သေး

0
198

ရန်ကုန် ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

တပ်မတော် ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSနှင့် တအောင်းပလောင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့၏တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာသား ၆၀၀ကျော်နေရပ်ပြန်ကြပြီ ဖြစ်သော်လည်း နမ့်ဆန်မြို့နယ် ကြက်သေကျေးရွာမှ ကျေးရွာသား ၃၀၀ကျော်မှာ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်၍နေရပ် မပြန်နိုင် သေးကြောင်း သိရသည်။

“လွန်ခဲ့တဲ့သုံးရက်လောက်ကစပြီးတော့ အာပြောင်နဲ့ကျောက်ဖြူလေးက ရွာသား၆၀၀လောက်ကတော့ ပြန်သွားကြပြီ။ကြက်သေကျေးရွာသားတွေ ကတော့ တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေတုန်းပဲ။ မပြန်နိုင်သေး ဘူးပေါ့” ဟုစစ်ဘေး ရှောင်များကို ကူညီဆောင်ရွက် ပေးနေသူ ကိုသားဇော်ကပြောသည်။

ဒီဇင်ဘာလတတိယပတ်မှစတင်၍ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်သို့တိမ်းရှောင်လာခဲ့ပြီး ဒီဇင်ဘာ၂၈ရက်နေ့မှစတင်ကာ စစ်ဘေးရှောင်စခန်းဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင် စစ်ဘေးတိမ်းရှောင်ကူညီရေးကော်မတီတစ်ရပ်ကို မြို့နယ်သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ ဖြင့်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ရရှိလာသည့် အလှူငွေများဖြင့် ကူညီစောင့်ရှောက် ပေးထားကြောင်း သိရသည်။

တိုက်ပွဲများကြောင့်တိမ်းရှောင်လာသည့်အချိန်တွင် တိုက်ပွဲများဖြစ်ပွား တော့ခြင်းမရှိသော်လည်း တိမ်းရှောင်လာသူများ ၏ဒေသအနီးအနားတွင် တပ်စခန်းများချထားပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်ခြင်းကြောင့် တိမ်းရှောင်လာ ခြင်းဖြစ်ကြောင်း ကိုသားဇော်ကဆိုသည်။

“သူတို့ထွက်ပြေးလာထဲက တိုက်ပွဲတွေမရှိတော့တာပါ။ အချိန်မရွေး ဖြစ်ပွား လာနိုင်တဲ့အသိကြောင့် တိမ်းရှောင်လာတာပါ။ အခုနေရပ်ပြန်တဲ့ သူတွေပြန်မယ်ဆိုတော့ အနီးဆုံးရောက်နိုင်မယ့် နေရာကနေ သွားနိုင်အောင် ကားစီစဉ်ပေးရတယ် ရန်ပုံငွေထဲကနေ ဆန်ဆီထောက်ပံ့ ပေးခဲ့တယ်။ ငွေကြေးအနည်းငယ်လည်းထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၆ခုနှစ်အတွင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSSနှင့် TNLAတိုက်ပွဲကြောင့် စစ်ဘေးရှောင်အရေ အတွက် ၅၀၀၀ကျော် ကျောက်မဲမြို့သို့တိမ်းရှောင်လာခဲ့ပြီး စစ်ဘေးရှောင် စခန်း၁၃ခု အထိဖွင့်လှစ်ခဲ့ရကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – ​ကျော်​​ကျော်​ဦး(​ကျောက်​မဲ)

Leave a Reply