သုံးဘီးပေါ်က လေဒီ

0
255

သူ့နာမည်က မခင်မြင့်။အသားအရေက ခပ်ညိုညို ၊ အရပ်အမောင်းက ခပ်ပြက်ပြက်နဲ့ အနှေးယာဉ် သုံးဘီး ဆိုက္ကားကို နင်းနေတဲ့ အမျိုးသမီး တစ်ဦးကို သုဝဏ္ဏဘက်မှာ မကြာခဏ မြင်ရပါလိမ့်မယ်။သည်မြင်ကွင်း ဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ (က)ရပ်ကွက်မှာ နေထိုင်ကြတဲ့ လူတွေအတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။

ကျောင်းဖွင့်ရက် နံနက်ခင်းတွေမှာ ကျောင်းသွားကြမယ့် ကလေးငယ်
လေးတွေကို သူ့ရဲ့ သုံးဘီးဆိုက္ကားပေါ်မှာ မြင်ရပါလိမ့်မယ်။သူဒီလို ဆိုက္ကားနင်းနေတာ အချိန်ကာလအားဖြင့် သုံးနှစ်ကျော်လာခဲ့ပါပြီ။ မိသားစုရဲ့ စီးပွားရေး အခြေအနေတွေကြောင့် အမျိုးသမီးတစ်ဦး ဖြစ်လင့်ကစား အမျိုးသားအများစု လုပ်ကိုင်လေ့ရှိတဲ့ ဆိုက္ကားနင်းတဲ့ အလုပ်ကို သူလုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

အသက်အရွယ်အားဖြင့် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်မြင့်တစ်ယောက် ဆိုက္ကားပေါ်ကို ဘယ်လိုရောက်လာရသလဲဆိုတာကတော့ စိတ်ဝင်စား စရာ ကောင်းပါတယ်။

ရပ်ကွက်ထဲမှာ အ၀တ်လျှော် ၊ အကြော်ရောင်း တဲ့ အလုပ်တွေကို လုပ်ခဲ့တဲ့ ဒေါ်ခင်မြင့်ဟာ သူ့ရဲ့ အမျိုးသားဖြစ်သူရဲ့ ဆိုက္ကားစီးနင်းသူ ဖောက်သည်တွေကို ခင်ပွန်သည်ကိုယ်စား သူက လိုက်ပို့ပေးရာကနေ မထင်မှတ်ဘဲ ဆိုက္ကားစနင်းတဲ့ အခြေအနေကို ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။

“ကိုယ်လည်းစီးပွားရေးအခြေအနေမလည်တော့ သူရပ်ထားတဲ့ အခါကျတော့ လမ်းထိပ်တွေဘာတွေ လိုက် နင်းတာပေါ့။ နောက်ပိုင်း ကျတော့ ဖောက်သည်တွေကဆိုက်က္ကားမရှိတော့ ကိုယ့်ကိုလာလာ ခေါ်တော့နင်းဖြစ်သွားတာ” လို့ ဒေါ်ခင်မြင့်က ဆိုပါတယ်။

အိမ်ထောင်ဦးစီးခင်ပွန်းသည်ရှိနေချိန်မှာ ဇနီးဖြစ်သူက ဆိုက္ကားနင်းနေတဲ့ အခြေအနေကို ဘယ်သူက ကြိုက်နှစ်သက်ပါမလဲ။ ဒေါ်ခင်မြင့်ရဲ့ ခင်ပွန်းဖြစ်တဲ့ ကိုသန်းထိုက်က မိန်းမဖြစ်သူရဲ့ လုပ်ရပ်ကို ကန့်ကွက် ခဲ့ပါသေးတယ်။သို့သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပဲ ၀င်ငွေထွက်ငွေ မမျှတတဲ့ အခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် ဇနီးဖြစ်သူရဲ့ မရှက်မကြောက် ဆိုက္ကားနင်းတဲ့ အလုပ်ကို ဘာမှ မပြောသာတော့ဘဲ လက်ပိုက်ကြည့်နေခဲ့ရပါတယ်။

ဒေါ်ခင်မြင့်တို့ မိသားစုမှာ မိသားစုဝင် ၄ ဦးရှိကြပါတယ်။ ခင်ပွန်ဖြစ်သူ ကိုသန်းထိုက်ရယ်၊ ဒေါ်ခင်မြင့်ရယ် အသက် ၉ နှစ်နဲ့ ၁၁ နှစ်အရွယ်ရှိတဲ့ သားလေးနှစ်ဦးရယ် အတူတကွ နေထိုင်ကြပါတယ်။ မိသားစု ၄ ဦးရဲ့ စားဝတ်နေရေးအတွက် ခင်ပွန်းဖြစ်သူရဲ့ ၀င်ငွေတစ်ခုနဲ့ ရပ်တည် ရှင် သန်ဖို့ မလွယ်ကူပါဘူး။ ဒေါ်ခင်မြင့်လုပ်ကိုင်ခဲ့ဖူးတဲ့ အ၀တ်လျှော် အကြော်ရောင်းတဲ့ အလုပ်တွေကလည်း ပုံမှန်ဝင်ငွေ ရဖို့ မသေချာပါဘူး။ ပိုပြီး ဆိုးရွားတာကတော့ ၀င်ငွေ / ထွက်ငွေ မမျှလို့ သူများဆီက ငွေတိုးချေးယူထားပြီး နေစဉ်ပြန်ဆပ်နေရတဲ့ နေ့ပြန်တိုးနဲ့ ကျပ်တိုးတွေရဲ့ ဒဏ်ကို ရေရှည်မှာ ဒေါ်ခင်မြင်တို့ မိသားစု တောင့်မခံနိုင်ကြတော့ပါဘူး။ ဒါကြောင့် ရှက်စိတ်တွေ ဖယ်ရှားပြီး အမျိုးသမီးဆိုက္ကားနင်းသူ ဘ၀ကို စတင် လုပ်ကိုင်ခဲ့ပါတော့တယ်။

“စနင်းကာစကတော့ပြောကြတယ်။ နင်မရှက်ဘူးလားပေါ့။ အစကတော့ နည်းနည်းတော့ရှက်တာပေါ့။ ကိုယ်မလုပ်လို့မှ မရတဲ့အခြေအနေကိုး။ ကလေးတွေနဲ့ဘယ်လိုလုပ်မလဲ”ဟု ဒေါ်ခင်မြင့်က ပြောပါတယ်။

ဒေါ်ခင်မြင့်တို့ ဇနီးမောင်နှံနှစ်ဦး ဆိုက္ကားနင်းလို့ ရတဲ့ ၀င်ငွေဟာ တစ်ရက်ကို ပျမ်းမျှ ကျပ်တစ်သောင်းကနေ တစ်သောင်း နှစ်ထောင်ကျော် အထိ ရတတ်ကြပါတယ်။ ထိုဝင်ငွေထဲမှ ဆိုက္ကားအုံနာခ ၊ နေ့ပြန်တိုး ၊ မူးတိုး ၊ မတ်တိုး တွေအတွက် ပေးရငွေတွေကို ပြန်နှုတ်မယ်ဆိုရင်တော့ အနည်းဆုံး ငွေကျပ် ခုနစ်ထောင်ကျော်ဟာ ပုံမှန်အထွက်ပြနေပါတယ်။ ဒါကြောင့် ဒေါ်ခင်မြင့်တို့ မိသားစုမှာ များများစားစား ရွေးချယ်စရာ သိပ်မရှိပါဘူး။ ဇနီးမောင်နှံ နှစ်ဦးစလုံး ကျန်းမာရေး အတွက် နာမကျန်း ဖြစ်နေချိန်မှ လွဲပြီး ဆိုက္ကားပေါ်က မဆင်းခဲ့ရပါဘူး။ဒါတင်မကသေးပါဘူး။ ရပ်ကွက်ထဲမှာ အိမ်သာကျင်း အသစ်တူးဖော်ရင်ပဲ ဖြစ်ဖြစ် ကျောက်ခွေ ချရင်ပဲ ဖြစ်ဖြစ် ဇနီးမောင်နှံ တက်ညီလက်ညီ လုပ်ကိုင်ပြီး ၀င်ငွေရအောင် ကြိုးစားကြပါသေးတယ်။သည်လို ဘောက်အလုပ်လေးတွေကြောင့် မိသားစုအတွက် ၀င်ငွေ တစ်လုံးတစ်ခဲတည်း ရတယ်လို့ ဒေါ်ခင်မြင့်က ဆိုပါတယ်။

ဒေါ်ခင်မြင့်ဟာ မိသားစု စားဝတ်နေရေး ကြပ်တည်းနေပေမယ့်လည်း သားနှစ်ယောက်ရဲ့ ပညာရေးအတွက်တော့ လျစ်လျှူရှု့မှု မရှိခဲ့ပါဘူး။ ဒါကြောင့် မင်းသား ခန့်စည်သူ ကောင်းမှုနဲ့ ဖွင့်လှစ်ထားတဲ့ ဓမ္မ၀ိဟာရ ကျောင်းတိုက်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပညာသင် ကြားစေခဲ့ပါတယ်။ကိုသန်းထိုက်နဲ့ ဒေါ်ခင်မြင့်တို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၆ နှစ်နီးပါးကို ကျင်လည်ဖြတ်သန်းခဲ့ကြပြီးပါပြီ။ သူတို့ရဲ့ အိမ်ထောင်ဦးမှာ အရင်ဆုံး သမီးရတနာလေးကို စတင်မွေးဖွား တဲ့ သမီးလေးဟာ သုံးနှစ်သားအရွယ်မှာ တိမ်းပါးခဲ့ပါတယ်။ သည့် နောက်မှာလည်း သမီးမိန်းခလေးနှစ်ဦးကို ထပ်မံ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မွေးဖွားပြီး ရက်ပိုင်းအတွင်းမှာပင် သေဆုံးခဲ့ရ ရှာပါတယ်။အဆိုပါ သမီး၃သုံးသာ သက်ရှိထင်ရှား ရှိမယ်ဆိုရင်တော့ ဒေါ်ခင်မြင့်တို့ မိသားစုမှာ မိသားစုဝင် ၇ ဦးအထိ ရှိနေမှာ ဖြစ်ပါတယ်။

“အငယ်ကောင်လေးမွေးတုန်းကဆိုရင် လက်သည်က ကျွန်မတို့ ပိုက်ဆံမရှိတော့မလာချင်ဘူး။ ကိုယ့်ချက်ကြိုးကို ကိုယ်တိုင်ဖြတ်ခဲ့ ရတာ”ဟု သူ့ပေါင်ပေါ်တွင်လှဲအိပ်နေသည့်၉နှစ်အရွယ် သား အငယ်ကို ဂရုဏာသက်စွာကြည့်ကာ သူကပြန်လည်ပြောဆိုသည်။ ဒေါ်ခင်မြင်ဟာ တိမ်းပါးခဲ့ရရှာတဲ့ သမီးလေးတွေအတွက် စိတ်ဒဏ်ရာ မကျက်သေး ပါဘူး။အကြောင်းအကျိုး တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း သတိတရ ဖြစ်နေပြောနေတတ်ပါတယ်။

ဒေါ်ခင်မြင့်တို့ ဇနီးမောင်နှံဟာ ဘ၀ပေးကုသိုလ်ကံကြောင့် ဘ၀ကို ဆင်းရဲကြမ်းတမ်းစွာ ဖြတ်သန်းနေရပေမယ့်လည်း သူတို့ ပိုင်ဆိုင်တဲ့ ခွန်အားကို အသုံးပြုပြီး ပရဟိတအလုပ်လေးတွေကိုတော့ လုပ်ကိုင်လေ့ရှိကြပါတယ်။

သုဝဏ္ဏ သိပ္ပံလမ်းထိပ်က ဆိုက်က္ကားဂိတ် နဲ့ အနီးဝန်းကျင်က ဂိတ်တွေ မှာအလုပ်လုပ်နေကြတဲ့ အနှေးယာဉ်လုပ်သားတွေ စုပေါင်းပြီး ပရဟိတ လုပ်ငန်းတစ်ခုရှိပါတယ်။ ယင်းကားအခြားတော့ မဟုတ်ပါ။ အနီးအနား ၀န်းကျင်မှာ တရားပွဲများကျင်းပလို့ တရားနာ သွားရောက် ကြမယ့်သူများ နဲ့ တရားပွဲအပြီးပြန်မယ့် သူများကို အသွားအပြန် ဆိုက္ကားနင်းပြီး လိုက်ပို့ပေးကြတဲ့ ပရဟိတ အလုပ်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အဖွဲ့လေးရဲ့ အမည်ကိုလည်း ဓမ္မရိပ် ပရဟိတ အဖွဲ့လို့ အမည်ပေးထားပါတယ်။ အနှေးယာဉ်လုပ်သား၃၀ကျော်ပါဝင်တဲ့ အဆိုပါ ပရဟိတအဖွဲ့လေးမှာ မခင်မြင့်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။

“ကိုယ်လည်းအလှူဆိုတာမရှိခဲ့တော့၊ အကြွေးပဲပေးနေရတာနဲ့ ကိုယ်ကလည်း မလှူနိုင်တာ။ ဓမ္မရိပ် ရောက်တော့ ဆိုက်က္ကားအခမဲ့ လိုက်ပို့တာ။ ကိုယ်အခုဝုန်းခနဲသေလို့ရှိရင် ကိုယ့်ကုသိုလ်ဒါပဲပါမယ်။ အဲ့ ဒီစိတ်ကူးနဲ့လုပ်နေတာ”ဟုသူ့လုပ်ရပ်ကိုပီတိဖြစ်နေတဲ့ ဒေါ်ခင်မြင့်က ဆိုပါတယ်။

မိသားစုရဲ့ စားဝတ်နေရေးနဲ့ ဘ၀ပေးအခြေအနေအရ ဆိုက်က္ကားနင်းတဲ့ အလုပ်ကိုဆက်လုပ်ရမှာ ဖြစ်သော်လည်း မိသားစုတင် ရှိနေတဲ့ အကြွေး များကိုပြန်လည်ပေးဆပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစား လုပ်ကိုင်မယ် လို့ သူကစိတ်အား တက်ကြွစွာ ပြောပြပါတယ်။ ဒါ့အပြင် ပင်ပန်းစွာ စီးပွား ရှာနေရတဲ့ မိဘများရဲ့ အခြေအနေမျိုးကို သားသမီးများကို ဆက်လက်မဖြစ်စေချင်တဲ့အတွက် သားနှစ်ဦးကို ပညာတတ်များ ဖြစ်စေချင်တဲ့ မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ ဆန္ဒကလည်း လေးစားလောက် ပါတယ်။

ရန်ကုန်မြို့ပေါ်မှာ နေထိုင်ပေမယ့်လည်း မိသားစု စားဝတ်နေရေး အတွက် ခက်ခဲအကြပ်တည်းစွာနဲ့ ရုန်းကန်နေရသည့် မိသားစုများစွာ ရှိပါတယ်။ သို့ပေမယ့်လည်း ဒေါ်ခင်မြင့်လို ဆိုက်က္ကားနင်းတဲ့အလုပ်ကို ရွေးချယ်ခဲ့ရဲတဲ့ အမျိုးသမီးကတော့ လက်ချိုးရေတွက်၍ပင်ရနိုင်ပါလိမ့် မယ်။သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် လူသားတွေဟာ နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြပါတယ်။သည်လိုပဲ သုဝဏ္ဏမြို့ ၊သံသုမလမ်းမကြီးနဲ့ အနီးဝန်းကျင်မှာ ခရီးသည်များတင်ဆောင်ပြီး အမျိုးသမီးတစ်ဦး ဆိုက္ကား နင်းနေတာကို မြင်တွေ့မယ်ဆိုရင် သင်မအံ့သြလိုက်ပါနဲ့။ အဆိုပါ အမျိုးသမီးဟာ ဘ၀ကို ကျရာနေရာကနေ အကောင်းဆုံး ပုံဖော်ကပြနေ တဲ့ “သုံးဘီးပေါ်က လေဒီ” ဒေါ်ခင်မြင့်သာ ဖြစ်ပါတယ်။

ကိုဥာဏ်

Leave a Reply