တနိုင်းစစ်ဘေးရှောင် ၅၀၀၀နီးပါးပိတ်မိ

0
195

ရန်ကုန် ၊ ဇန်န၀ါရီ ၃၀ ၊ ၂၀၁၈

တနိုင်းဒေသအတွင်းတိုက်ပွဲများဖြစ်ပွားမှုကြောင့် ရွှေနှင့်ပယင်းမှော် လုပ်ကွက်အတွင်းနေထိုင်လုပ်ကိုင်နေသည့် စစ်ဘေးရှောင် ၅၀၀၀နီးပါးမှာ လက်ရှိအချိန်အထိပိတ်မိနေစဲဖြစ်ကြောင်း တနိုင်းမြို့နယ် နှစ်ခြင်းအသင်းတော်မှ ဆရာမုန်ဒန်ကပြောသည်။

တပ်မတော်နှင့် KIA တို့ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ဇန်န၀ါရီ ၂၈ရက်နေ့မွန်လွဲပိုင်းမှစတင်၍ အလံဖြူများကိုင် ဆောင်ကာ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး တနိုင်းမြို့သို့ရောက်ရှိလာနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

“ဒီကိုထွက်ပြေးလာတဲ့အထဲမှာ ကျွန်တော်တို့ တနိုင်းဒေသခံတွေလဲ ပါတယ်။မြန်မာပြည်အရပ်ရပ်က ရွှေနဲ့ပယင်းမှော် တွေမှာလာပြီး လုပ်ကိုင်နေတဲ့သူတွေလည်းပါတာပေါ့ ။အကုန်လုံးက ၅၀၀၀နီးပါး လောက် ရှိတယ် “ဟု ဆရာမုန်ဒန်က ပြောသည်။

ဇန်န၀ါရီ ၂၆ရက်နေ့က ပယင်းမှော်လုပ်ကွက် ၂နှင့် ၇ အကြား တပ်မတော်မှလေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ပယင်း လုပ်သား ၂ဦးသေဆုံး၍ ၄ဦးဒဏ်ရာရရှိခဲ့ပြီးနောက် တနိုင်းဘက်သို့ စစ်ဘေး တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း ဆရာမုန်ဒန်ကပြောသည်။

“သူတို့ကတိုက်ပွဲဖြစ်ပွားနေတဲ့ နမ့်ခွမ်းရွာဘက်ကနေ ထွက်ပြေး လာကြတာ။ အခုတပ်မတော်ကစခန်းချထားတဲ့ စမက်ချောင်းစခန်းမှာ ပိတ်မိနေတာပေါ့။မနေ့ညနေပိုင်းကတော့ အမျိုးသမီးအသက်၅၀ကျော် အရွယ်တွေနဲ့ ကလေး ၈၀၀ ကျော်လောက်ကတော့ တပ်မတော်ဘက်က သွားခွင့်ပေးလိုက်တယ်။အခုထိတော့ တနိုင်းချောင်းရိုးမှာပဲရှိသေးတယ်။ တနိုင်းအထိတော့ရောက်မလာသေးဘူး။ သွားခေါ်ဖို့တော့ စီစဉ်ရ မှာပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိကျန်နေခဲ့သည့် လူဦးရေ ၄၀၀၀နီးပါးအတွက် အစားအစာ အဆင်မပြေဖြစ်နေသော်လည်း ကူညီပေးနိုင်ရန်ကြိုး စားနေပြီး တပ်မတော်မှလုံခြုံရေးအရသွားရောက်ခွင့်မပေးကြောင်း၎င်းက
ပြောသည်။

တနိုင်းဒေသအတွင်း ရွှေနှင့်ပယင်းမှော်လုပ်ကွက်များကြောင့် ဂေဟ စနစ်နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသောကြောင့် နယ်မြေရှင်းလင်း ရန် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက တပ်မတော်က ကြေညာပြီးနောက် တနိုင်းဒေသအတွင်း KIAနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

၂၀၁၇ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အင်ဂါးဂါးနှင့် နန်ဒူနမ်ခမ်ကျေးရွာတို့မှ စစ်ဘေးရှောင် ၁၀၀၀နီးပါး ခန့်မှာ တနိုင်းမြို့ပေါ် တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး နေရပ်မပြန်နိုင်သေးကြောင်း ဆရာမုန်ဒန်က ဆက်လက်ပြောဆိုသည်။

တနိုင်းဒေသအတွင်း KIAက ဆက်ကြေးကောက် ၊မိုင်းထောင်ခြင်းနှင့် သယံဇာတတရားမ၀င်တူးဖော်မှုများကြောင့် နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ၂၀၁၈ဇန်န၀ါရီ ၂ရက်နေ့က စတင် လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်ကဇန်န၀ါရီ ၂၉ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကိုဥာဏ်

Leave a Reply