“ ကျွန်တော်တို့ရဲ့ ဒုတိယဘုရားသခင်လို့ ပြောလို့ရတဲ့ အဘ မင်းသိင်္ခ နာမည် ပါထိခိုက်တယ် “ ဆိုတဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများကို စုစည်းတင်ပြလိုက်ပါတယ်။

0
245

Facebook ပေါ်မှာ ဗေဒင်ဆရာအောင်ချစ်ပိုအကြောင်း ပြောကြားချက် များနှင့် ပတ်သက်ပြီး ကမ္ဘာအေးဘုရား၌ ကာယကံရှင်ကိုယ်တိုင် ယနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

မေး။ ။တရားစွဲမယ်ဆိုတာ ဘယ်သူတွေကိုစွဲမှာလဲ။

ဖြေ။ ။ အခုလောလောဆယ် Phyo Wai Win တစ်ယောက်ကို စွဲထားပါတယ်။ ကေခိုင်မြင့်မြတ်ကို ထပ်စွဲသွားမှာပါ။

မေး။ ။ တခြားသူတွေလည်း တင်ကြတာပဲ။ တခြားသူကိုမစွဲဘဲ ဘာလို့ Phyo Wai Win ကို စွဲတာလဲ။

ဖြေ။ ။ တခြားသူတွေ တင်တာ ဒီလောက်မသိဘူး။ Phyo Wai Win တင်လိုက်မှ တစ်တိုင်းပြည်လုံးသိသွားတာ။ သိအောင်လုပ်တဲ့သူကိုပဲ စွဲတာပါ။ ကျွန်တော်က Phyo Wai Win တစ်ယောက်ကိုပဲစွဲတာ။ အခု ကေခိုင်မြင့်မြတ်က ကျွန်တော့်ကို စွဲလို့ ကျွန်တော်လည်း ပြန်စွဲမှာပါ။

မေး။ ။ ကေခိုင်မြင့်မြတ်က ဘယ်ပုဒ်မနဲ့ ဘယ်စခန်းမှာ တိုင်ထားတာလဲ။

ဖြေ။ ။ ကျွန်တော့်ကို စမ်းချောင်းရဲစခန်းမှာပါ။ စွဲထားတဲ့ ပုဒ်မ က ၃၅၄ လို့ကြားပါတယ်။

မေး။ ။ နောက်ထပ်တရားစွဲဖို့က ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ။ ။ အဲဒါရှေ့နေရှိပါတယ်။ ရှေ့နေကို လွဲထားပါတယ်။

မေး။ ။ ခန့်မှန်းခြေ ဘယ်နှစ်ယောက်လောက်ကို စွဲမှာလဲ။

ဖြေ။ ။ ကျွန်တော်မသိပါဘူး။ ရှေ့နေကိုပဲလွဲထားပါတယ်။
အခုသိသလောက်တော့ ကေခိုင်မြင့်မြတ်ကိုပဲ ထပ်စွဲမှာပါ။

မေး။ ။ ဟောခန်းအခြေအနေဘယ်လိုလုပ်ထားလဲခင်ဗျ။

ဖြေ။ ။ ပိတ်ထားပါတယ်။

မေး။ ။ ထပ်ဖွင့်ဖို့ရှိလား။

ဖြေ။ ။ ရှိပါတယ်။ အဲဒီမှာပဲ ဆက်ဖွင့်မှာပါ။ ဂေါပကနဲ့ ညှိပြီးတော့ ထပ်ဖွင့်မှာပါ။

မေး။ ။ TV အစီအစဉ်လည်း ရပ်ဆိုင်းထားတယ်လို့သိရတယ်။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ဒီကိစ္စတွေပြီးရင်တော့ ပြန်လွှင့်ပေးမယ် ပြောပါတယ်။

မေး။ ။ ဗေဒင်ယတြာတွေနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဗေဒင်ဆရာတိုင်းက လိုအပ်ရင် လိုအပ်သလိုပေးပါ တယ်။ ကျွန်တော့်ဟောခန်းက နှစ်ယောက်သုံးယောက် ဟောတဲ့ အခန်း မဟုတ်ပါဘူး။ နေ့တဓူဝ အယောက်သုံးလေးဆယ်လောက်ရှိပါတယ်။ ရှေ့မှာလည်း လူတွေရှိပါတယ်။ မြင်နေရပါတယ်။ လိုအပ်ရင် တနင်္ဂနွေမှာတောင်လိုအပ်တဲ့ ယတြာလုပ်ပေးပါတယ်။ တစ်ဦးတစ်ယောက်တည်းကို လုပ်ပေးတာမဟုတ်ပါဘူး။ အများကြီးနဲ့ စုပြုံပြီးလုပ်ပေးတာပါ။

မေး။ ။ အဲဒါဆိုရင် ဘာကြောင့် လူမှုကွန်ရက်မှာ ဒီလိုဖြစ်လာတာလို့ ထင်လဲ။

ဖြေ။ ။ ကျွန်တော့်အောင်မြင်မှုနဲ့ နာမည်ဂုဏ်သတင်းကို ဖျက်စီးလိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တာပါ။ အဲဒီလိုပဲခံယူပါတယ်။

မေး။ ။ တရားစွဲမယ်ဆိုတဲ့ သူတွေကိုသိလား။

ဖြေ။ ။ မသိဘူး။ လိုင်းပေါ်တင်မှသိတာ။ ဗေဒင်လာမေးဖူးလားဆိုတော့ လူတွေအများကြီးနဲ့ဆိုတော့ မမှတ်ထားနိုင်ဘူး။

မေး။ ။ မှဲ့ပါလားတို့ ဘာတို့တွေနဲ့ ယတြာချေပေးတယ်လို့ လိုင်းပေါ်မှာ ပြောကြတယ်။ အဲလိုတွေရှိလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ တရားစွဲမှာ ဘယ်လိုပုဒ်မတွေနဲ့စွဲမှာလဲ။

ဖြေ။ ။ အဲဒါရှေ့နေနဲ့ပဲဆိုင်ပါတယ်။ ကျွန်တော်လွှဲထားပါတယ်။ သူလုပ်ပါလိမ့်မယ်။ ဘယ်ပုဒ်မနဲ့ ဘယ်လိုစွဲမလဲဆိုတာ ကျွန်တော် မသိဘူး။

မေး။ ။ ဒီလိုလိုင်းပေါ်ကပြောကြားချက်တွေကြောင့် ဘယ်လောက်ထိ ထိခိုက်သွားသလဲ။

ဖြေ။ ။ ကျွန်တော့်ရဲ့ အနှစ်နှစ်အလလက ကြိုးစားခဲ့တဲ့ နာမည်တစ်လုံး ရဖို့က သိတဲ့အတိုင်းပဲ။ နာမည်ဂုဏ်လည်း ထိခိုက်တယ်။ ကျွန်တော့် စီးပွားရေး ဝင်ငွေတွေလျော့တယ်။ ကျနော့်ဝင်ငွေက နည်းတာမဟုတ်ဘဲ။ နောက်ပြီး CHANNEL 9 ဆိုတာကြီးက မီဒီယာတစ်ခုပဲ။ အဲဒီမီဒီယာကို ပါ တိုက်ခိုက်တာဗျ။ အောက်က ကောမန့်တွေမှာလည်း CHANNEL 9 က ကောင်မလေး ဘယ်နှစ်ယောက်ကိုလည်း ဟိုကိုင်ဒီကိုင် လုပ်ပြီး သွားပြီ။ အဲတော့သူ့ကို လွှင့်ပေးနေတာပေါ့ဆိုတဲ့ ကောမန့်တွေလည်း ရှိတယ်။ အဲဒီတော့ CHANNEL 9 ကိုပါထိခိုက်တယ်။ ကျွန်တော့်ကိုလည်း ထိခိုက်တယ်။ အဘမင်းသိင်္ခနာမည်ကြီးလည်း ထိခိုက်တယ်။ ကျွန်တော့်ရဲ့ ဒုတိယဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ဒုတိယဘုရားသခင်လို့ ပြောလို့ရတဲ့ အဘမင်းသိင်္ခနာမည်ပါ ထိခိုက် တယ်။ အများကြီးထိခိုက်ပါတယ်။

မေး။ ။ဟိုဘက်ကလည်း တရားစွဲမယ်ဆိုတော့။

ဖြေ။ ။ ရင်ဆိုင်မှာပါ။

မေး။ ။ ယတြာမှာ အမျိုးသမီးခန္ဓာကိုယ်ကိုကြည့်ရတာတို့ ခန္ဓာကိုယ်ထဲ ကို အဆောင်ထည့်ပေးရတာတို့ ရှိလား။

ဖြေ။ ။ အဆောင်ကတော့ ပေးရတယ်။ ထည့်ပေးရတာတော့ မရှိဘူး။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ The Fifth Wave News သတင်းဌာန အပါအဝင် မီဒီယာတိုက်အသီးသီးမှ သတင်းထောက်များရဲ့ မေးမြန်းမှုနှင့် ဗေဒင်ဆရာအောင်ချစ်ပိုက ပြန်လည်ဖြေကြားမှု အချို့ကို ထုတ်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

သျှင်ရဲထွဋ်

Leave a Reply