Ve Ve အချိုရည်စက်ရုံအလုပ်သမားများ ကြုံတွေ့နေသည့်အခက်အခဲများ ပြေလည်ရန် ဆန္ဒပြတောင်းဆို

0
133

မန္တလေး၊ ဇန်နဝါရီ ၃၁၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Ve Ve အချိုရည်စက်ရုံ အလုပ်သမားများက ကြုံတွေ့နေသည့်အခက်အခဲများ ပြေလည်ရန်အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ပါသည်။

အဆိုပါ ဆန္ဒပြပွဲ၌ အလုပ်သမားအင်အား အယောက် ၄၀ ကျော်ပါဝင်ခဲ့ပြီး အမျိုးသမီးများအား မိုက်ရိုင်းစွာဆဲဆိုဆက်ဆံပြီး လိင်အကြမ်းဖက်သော QC ခေါင်းဆောင်များ အလိုမရှိ ၊ ကျန်းမာရေးနှင့် မညီညွှတ်၊ မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော ယူနီဖောင်းများအား ပြောင်းလဲပေးရေး ဒို့အရေး ၊ နားနေဆောင်များရရှိရေး ဒို့အရေး၊ အလုပ်သမားများ၏ ဆန္ဒမပါပဲ မြို့/ဌာန မပြောင်းရွှေ့ရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုချက် (၁၅)ချက်ကို တောင်းဆိုခဲ့သည်။

“ကျွန်မတို့အမျိုးသမီးတွေကို ခေါင်းဆောင်တွေက ဖင်တွေကန်တယ်။ နောက်ပြီး ဆဲတယ်။ ခန္ဓာကိုယ်ကို ဆွဲဖက်တာတွေလည်း လုပ်တယ်။ ယူနီဖောင်းတွေကိုလည်း ဘောင်းဘီအတိုတွေ ထုတ်ပေးတယ်။ ခုဟာက အေးတဲ့ရာသီဖြစ်တော့ အဆင်မပြေဘူး။ မိန်းကလေးတွေ ကျန်းမာရေးကြောင့် ထဘီဝတ်မယ်ဆိုတော့ အဝတ်မခံဘူး။ ဘောင်းဘီတွေက ဇစ်တွေ ကြယ်သီးတွေ ပြုတ်ကုန်တယ်။´´ ဟု ဆန္ဒပြအလုပ်သမား တစ်ဦးဖြစ်သည့် မကြူကြူသင်း က ပြောသည်။

ထို့အပြင် အလုပ်သမားများအနေဖြင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရန် ပြင်ဆင်နေစဉ် အလုပ်သမားခေါင်းဆောင်များအား ရန်ကုန်သို့ ပြောင်းရွှေ့ခြင်း နှင့် အလုပ်သမားများအတွက် နားနေဆောင်များ မရှိသောကြောင့် အခက်အခဲများရှိကြောင်း သိရသည်။

“ကျွန်မက ဒီမှာမိသားစုနဲ့နေတာ ဒါကို ရန်ကုန်ပို့တယ်။ အဆောင်နေနဲ့ အလုပ်သမားတွေအများကြီးရှိတယ်။ သူတို့ကို မပို့ပဲ ကျွန်မတို့ကိုပို့တယ်။ ပို့တဲ့သူတွေကလည်း သမဂ္ဂဖွဲ့ဖို့ လုပ်နေတဲ့ လူတွေဖြစ်တယ်။ ကျွန်မ မိဘကလည်း စိတ်ပူတယ်။ ကျွန်မလည်း မသွားချင်ဘူး။´´ ဟု ဆန္ဒပြအလုပ်သမား တစ်ဦးဖြစ်သည့် မဆွေဇင်မိုး က ပြောသည်။

အမျိုးသမီး အလုပ်သမားများကို ယောက်ျားလေးလုပ်သည့် ကုန်တင်ကုန်ချ အလုပ်များ ခိုင်းစေခြင်းများကို မပြုလုပ်ရန်၊ လူမှုဖူလုံကဒ်များ အမြန်ဆုံး ထုတ်ပေးရန်၊ ခွင့်ရက်များ ရရှိရန်၊ ဖယ်ရီကားများစီစဉ်ပေးရန် နှင့် နှစ်တိုးကြေးများရရှိရန်အတွက်လည်း Ve Ve အချိုရည်စက်ရုံ အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။

ယင်းတောင်းဆိုမှုများနှင့်ပတ်သက်ပြီး စက်ရုံမန်နေဂျာနှင့် အလုပ်သမားခေါင်းဆောင်အချို့ ညှိနှိုင်းမှုများပြုလုပ်လျှက်ရှိသည်။

နိုင်လင်းဦး

Leave a Reply