မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ သတ်မှတ်လိုက်တဲ့ လက်စတာ

0
148

ဇန်န၀ါရီ ၃၁၊ ၂၀၁၈

မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတယ်လို့ သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ လက်စတာအသင်းဟာ မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ လို့ သတ်မှတ်လိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ဖြင့် မာရက်ဇ်ကို စတင်ကမ်းလှမ်းခဲ့ရာ လက်စတာက ပယ်ချလိုက်ပါတယ်။ မန်စီးတီးတို့ဟာ လက်စတာရဲ့ အယ်လ်ဂျီးရီးယား တိုက်စစ်ကစားသမားကို ဇန်န၀ါရီ ဈေးကွက် မပိတ်ခင်မှာ အရခေါ်နိုင်ဖို့ အားထုတ်နေပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ကို ပေးချေနိုင်ခဲ့မယ်ဆိုရင်တော့ မာရက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ဗုဒ္ဓဟူးနေ့မှာ ပြီးမြောက်ဖွယ်ရှိနေပါတယ်။

မာရက်ဇ်ဟာ မနေ့က လက်စတာအသင်းထံကို အသင်းကနေ ထွက်ခွာခွင့်တင်ပြခဲ့ပြီး ဂွာဒီယိုလာနဲ့ ပူးပေါင်းနိုင်ဖို့ စိတ်ကူးနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း သူဟာ လက်စတာအသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လက်စတာနဲ့ စာချုပ်သက်တမ်း ၄ နှစ် တိုးမြင့်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ မာရက်ဇ်ကို ၄၈ နာရီအတွင်းမှာ မန်စီးတီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါပြီ။ မန်စီးတီးတို့ဟာ မနေ့ကလည်း စပိန်ကလပ် ဘီဘာအိုက နောက်ခံလူ လာပိုတေးကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၇သန်းပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ မန်စီးတီးအသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၄၄၀ အထိ ရှိနေပါပြီ။

နည်းပြဂွာဒီယိုလာဟာ တောင်ပံကစားသမား ဆာနေး ဒဏ်ရာရရှိမှုအတွက် မာရက်ဇ်နဲ့ အစားထိုးဖို့ စီစဉ်နေခြင်းဖြစ်ပြီး တိုက်စစ်မှူး ဂျီဆပ် အနေနဲ့လည်း ဒဏ်ရာ ရရှိနေတဲ့အတွက် မာရက်ဇ်ကို ရရှိခဲ့မယ်ဆိုရင် အဆိုပါ အခက်အခဲတွေ ပြေလည်သွားမယ်လို့ ယုံကြည်လျှက်ရှိနေပါတယ်။ ဇန်န၀ါရီ ၃၁ ရက်နေ့ ညမှာသာ မာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၄၄၀ ကို ကျော်လွန်တော့မှာ ဖြစ်ပါတယ်။

NN

Leave a Reply