မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု ပုဒ်မသုံးခုဖြင့် အမှုဖွင့်

0
201

ရန်ကုန် ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ ရန်ကုန်စစ်တွေကားလမ်း၌ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမြီု့နယ်မြို့မရဲစခန်းက ပုဒ်မ သုံးခုဖြင့်အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

ဖွင့်ထားသောအမှုများမှာ လူသတ်မှု ၃၀၂၊ သေစေရန်ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု ၄၄၀ နှင့် အားပေးကူညီမှု ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသော်လည်း လူသတ်သွားသည့် တရားခံကို မမိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးပဋိပက္ခဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးဖြင့် ပြောင်းရွေ့ခံခဲ့ရ သည်။

ပြောင်းရွေ့ခံရပြီးနောက် ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုးကျေးရွာနှင့် ယိုးငူအကြား မိုင်တိုင် (၁၆၉/၁) ကားလမ်းပေါ်၌ သူ၏ကားအတွင်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ယင်းသို့လမ်းဘေးထိုးကျပြီး တိမ်းမှောက်နေသည့် ကားကို ကရိန်း ကားဖြင့်လမ်းပေါ်သို့တင်ဆောင်ထားစဉ် ည ၈ နာရီအချိန်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးရှို့သူများကိုလည်း မသိရှိရသေးပေ။

သေဆုံးသူဦးဘိုဘိုမင်းသိုက်သည် ထိုးသွင်းဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးနေခြင်းဖြစ် ရုပ်အလောင်းကို ပုဏ္ဍားကျွန်းမြို့နယ် ဆေးရုံကြီး သို့ပို့ဆောင်စဉ် ကားမှာမီးလောင်နေခြင်းလည်း ဖြစ်သည်။

ပုဏ္ဍားကျွန်းဆေးရုံမှ သေဆုံးသူအလောင်းကို ယနေ့နေလည်က စစ်တွေမြို့ဆေးရုံကြီးသို့ ပြောင်းရွေ့လာခဲ့ပြီး ရင်ခွဲရုံသို့ပို့ဆောင် ထားကြောင်းလည်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply