မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု မသင်္ကာသူ လေးဦးကို ရန်ကုန်တွင် ဖမ်းဆီးစစ်ဆေးနေ

0
116

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ၊ ၂၀၁၈

ရခိုင်ပြည်နယ် ၊ ပုဏ္ဍားကျွန်းမြို့နယ် ရန်ကုန်စစ်တွေကားလမ်းဘေးတွင် မြောက်ဦးမြို့နယ်အုပ်ချုပ် ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံ သတ်ဖြတ်ခြင်းနှင့်ပတ်သက်ပြီး မသင်္ကာသူလေးဦးကို ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခုတွင် ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သတင်းများအရ လူသတ်မှုနှင့်ပတ်သက်သည်ဟု သံသယရှိသူ မင်းသန်းဌေး (ခ) မင်းသန်းထိုက် အသက် (၂၀)နှစ်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ မိုင်မီးပွိုင့်တွင် ၄င်းစီးလာသောကားနှင့်အတူ နေ့လယ် ၁၂ နာရီခန့်က ဖမ်းဆီးခဲ့သည်။

ဆက်လက်ပြီး သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ကွက်သစ် ၃ နယ်မြေ၊ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်းတွင် ဦးကျော်မြင့် (ခ)ခိုင်ကျော်နှင့် ဇနီး ဒေါ်ကြည်ကြည်ဝင်းနှင့် ချွေးမ မခိုင်ဇာလှိုင်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သန်လျင်မြို့နယ်တွင် ဖမ်းဆီးခဲ့သော ဦးကျော်မြင့်(ခ)ခိုင်ကျော်နှင့်ဇနီးသည် ရှစ်မိုင်မီးပွိုင့်တွင် ဖမ်းဆီးခဲ့သော မင်းသန်းဌေး(ခ)မင်းသန်းထိုက်၏ မိဘများဖြစ်ပြီး မခိုင်ဇာလှိုင်သည် မင်းသန်းဌေး(ခ) မင်းသန်းထိုက်၏ ဇနီးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

လူသတ်မှုတွင်ပါဝင်သည်ဟု သံသယရှိသူများကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့တွင် စစ်ဆေးနေကြောင်းလည်း နောက်ဆက်တွဲသတင်းများအရ သိရသည်။
မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရခြင်းနှင့်ပတ်သတ်ပြီး ရဲတပ်ဖွဲ့က ပုဒ်မသုံးခုဖြင့်အမှုဖွင့်ထားသည်။ ဖွင့်ထားသောအမှုများမှာ လူသတ်မှု ၃၀၂၊ သေစေရန်ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု ၄၄၀ နှင့် အားပေးကူညီမှု ၁၁၄ တို့ဖြစ်သည်။

ယင်းသို့မသင်္ကာသူများကိုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည် နရဉ္စရာသတင်းဌာနက “ဘိုဘိုမင်းသိုက် အသတ်ခံရမှု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့်မိသားစုမှာ အခင်းဖြစ်ပွားချိန်တွင် မြောက်ဦး- တိန်ညိုကျေးရွာ တွင် ရှိမနေဟုဆို” သည့် သတင်းတစ်ပုဒ်ဖော်ပြထားသည်။

သတင်းတွင် တိန်ညိုကျေးရွာလက်ရှိအုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက
“တိန်ညိုပြင် စခန်းမှူးက ကိုကျော်မြင့်ဟာ လွန်ခဲ့တဲ့လ ၂၈ ရက် တနင်္ဂနွေနေ့ကတည်းက ရန်ကုန်ကိုသွားတယ်လို့ပြောပါတယ်။ အမှုဖြစ်တဲ့နေ့က ကိုကျော်မြင့် ရွာမှာမရှိပါဘူး” ဟု ဖော်ပြထားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးပဋိပက္ခဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးဖြင့် ပြောင်းရွေ့ခံခဲ့ရသည်။

ပြောင်းရွေ့ခံရပြီးနောက် ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုးကျေးရွာနှင့် ယိုးငူအကြား မိုင်တိုင် (၁၆၉/၁) ကားလမ်းပေါ်၌ သူ၏ကားအတွင်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ယင်းသို့လမ်းဘေးထိုးကျပြီး တိမ်းမှောက်နေသည့် ကားကို ကရိန်းကားဖြင့် လမ်းပေါ်သို့တင်ဆောင်ထားစဉ် ည ၈ နာရီအချိန်တွင် မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။ မီးရှို့သူများကိုလည်း မသိရှိရသေးပေ။

သေဆုံးသူဦးဘိုဘိုမင်းသိုက်သည် ထိုးသွင်းဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးနေခြင်းဖြစ် ရုပ်အလောင်းကို ပုဏ္ဍားကျွန်းမြို့နယ် ဆေးရုံကြီးသို့ပို့ဆောင်စဉ် ကားမှာမီးလောင်နေခြင်းလည်း ဖြစ်သည်။

ပုဏ္ဍားကျွန်းဆေးရုံမှ သေဆုံးသူအလောင်းကို ဇန်နဝါရီ ၃၁ ရက်တွင် စစ်တွေမြို့ဆေးရုံကြီးသို့ ပြောင်းရွေ့လာခဲ့ပြီး ရင်ခွဲရုံသို့ပို့ဆောင် ထားကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်ဟုသုံးသပ်ထားပြီး သံသယရှိသူများကို ဖမ်းဆီးထားခြင်း လည်းဖြစ်သည်။ သို့သော် ကားမီးရှို့သည်ဟူသောသူများကို သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သျှင်ရဲထွဋ်

Leave a Reply