ရီပတ်ဘလီကန်အမတ်များ လိုက်ပါလာသည့် ရထား ကုန်တင်ယာဉ် တစ်စီးနှင့် ဝင်တိုက်မှုဖြစ်၊ တစ်ဦးသေဆုံး

0
146

ခရိုးဇတ် ဖေဖော်ဝါရီ ၁

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၌ ဇန်နဝါရီ ၃၁ ရက်တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ပေါရိုင်ယန်အပါအဝင် ရီပတ် ဘလီကန်လွှတ်တော်အမတ်များလိုက်ပါလာသည့် ရထားတစ်စင်းနှင့် အမှိုက်သိမ်းယာဉ်တစ်စီးတို့ တိုက်မိမှုကြောင့် လူတစ်ဦးသေဆုံးပြီး လွှတ်တော်အမတ်တစ်ဦးအပါအဝင် လူခြောက်ဦးတို့အား ဆေးရုံတင်ကုသပေးခဲ့ရကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။

လွှတ်တော်အမတ်တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းထန်စွာ ရရှိခြင်း မရှိခဲ့ကြောင်း၊ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန် သမ္မတဒေါ်နယ် ထရမ့်ကို အသိပေးခဲ့ပြီးဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ လွှတ်တော်အမတ်များ၊ ၎င်းတို့၏မိသားစုဝင်များနှင့် လွှတ်တော် ဝန်ထမ်းများ အပါအဝင် လူ ၃၀၀ ခန့်သည် ဝါရှင်တန်မှ အနောက်ဗာဂျီးနီးယားသို့ ရထားဖြင့်ထွက်ခွာလာစဉ်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အတိုက်ခံရသည့် အမှိုက်သိမ်းယာဉ်တွင် လူသုံးဦးလိုက်ပါလာပြီး တစ်ဦးသေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အထက်လွှတ်တော်အမတ် ဘီလ်ကာစီဒီက တွစ်တာ၌ ရေးသားခဲ့သည်။

လွှတ်တော်အမတ်များ ဒဏ်ရာပြင်းထန်စွာမရရှိခဲ့ကြောင်း အတည်ပြု ပြောဆိုလိုက်ပါသည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်ဒါစ်က ပြောဆိုခဲ့သည်။ ရထားဝန်ထမ်းနှစ်ဦးနှင့် ခရီးသည် သုံးဦးတို့အား ဒေသခံဆေးရုံတစ်ရုံသို့ ပို့ဆောင်ပြီး ကုသမှုများ ပြုလုပ် ပေးခဲ့ကြောင်း ရထားကုမ္ပဏီ အမ်ထရက်ခ် ကပြောဆိုခဲ့သည်။

မော်တော်ယာဉ်နှင့် တိုက်မိပြီးနောက် ရထားစက်ခေါင်းသည် လမ်းချော် သွားခဲ့သော်လည်း ကျန်တွဲဆိုင်းများမှာမူ လမ်းချော်တိမ်းမှောက်ခြင်း မရှိခဲ့ကြောင်း အမ်ထရက်ခ်ကပြောဆိုခဲ့သည်။

ရီပတ်ဘလီကန်အမတ်များသည် မြို့တော် ဝါရှင်တန်ဒီစီအနောက်ဘက်ရှိ ရီပတ်ဘလီကန်အမတ်များ၏ သုံးရက်ကြာအနားယူမည့် စခန်းသို့ သွားရောက်နေခြင်းဖြစ်သည်။

AFP

ရိုးမြေ

Leave a Reply