ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေးနှင့် ကျောင်းထုတ်ခံ ကျောင်းသား/ သူများ ကျောင်းပြန်တတ်ခွင့်ရရေး ဆန္ဒပြတောင်းဆို

0
190

မန္တလေး၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးနှင့် ကျောင်းထုတ်ခံ ကျောင်းသား/သူများ ကျောင်းပြန် တတ်ခွင့် ရရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂမှ ကျောင်းသားများက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ ပါတယ်။

ထိုသို့ ဆန္ဒပြတောင်းဆိုရာတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပုံအား ကြက်ဥများဖြင့် ပစ်ပေါက်၍ ရှုံ့ချကြောင်း နှင့် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဒို့အရေး ဒို့အရေး ၊ မတရား ကျောင်း ထုတ် ခံရသော ကျောင်းသားများ ကျောင်းပြန်တတ်ခွင့်ရရှိရေး ဒို့အရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် မြင်းခြံမြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါသည်။

“ကျောင်းထုတ်ခံရတာဆိုရင် မတရားကျောင်းထုတ်တာပါ။ အာဏာရှင် လက်ထက်တုန်းကတောင် ဒီလိုကျောင်းထုတ်တာမရှိဘူး ။ ဒါ့ကြောင့် ကျောင်းသားတွေ အားလုံး ချွင်းချက်မရှိ ကျောင်းပြန်တတ်ခွင့်ရစေချင် တယ်´´ ဟု မြင်းခြံဒီဂရီ ကောလိပ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုစည်သူမြတ် က ပြောသည်။

ရတနာပုံတက္ကသိုလ်မှ (၁၂) ဦး ၊ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ (၁၁) ဦး ၊ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ (၁) ဦး ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ (၆)ဦး၊ မိုးညှင်းဒီဂရီကောလိပ်မှ (၄) ဦး ၊ စစ်ကိုင်း ပညာရေး ကောလိပ် မှ (၃) ဦး နှင့် မိတ္ထီလာတက္ကသိုလ် မှ (၉) ဦး၊ ကန့်​ဘလူ စက်​မှုလက်​မှု သိပ္ပံမှ (၇) ​​​ဦး၊ ​ကျောက်​ဆည်​ တက္ကသိုလ်​မှ (၁) ဦး အပြင် ရတနာပုံတက္ကသိုလ်မှ ကျောင်းမအပ်ရသေးသည့် ကျောင်းသား/သူ(၂) ဦးကိုလည်း ပညာသင်ကြားခွင့်ရပ်စဲခဲ့သောကြောင့် စုစုပေါင်း (၅၆) ဦး ကို ပညာသင်ခွင့်ရပ်စဲခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကျောင်းသားတွေကို ပညာရေးအသုံးစရိတ် တိုးမြှင့် ပေးရေးတောင်းဆိုလို့ ကျောင်းထုတ်တယ် ။ ကျွန်တော်တို့နိုင်ငံဟာ ပညာရေးဘယ်လောက်နိမ့်ကျလည်းဆိုတာ မိဘာပြည်သူတွေ အသိပါ ။ ဒါဟာ ပညာရေးအသုံးစရိတ် အလွန်နည်းပါးလို့ဖြစ်ပါတယ်´´ ဟု ပညာရေး အသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီဝင် ကိုရဲမျိုးဆွေက ပြောသည်။

ပညာသင်ကြားခွင့်ရပ်စဲခံထားရသည့် ကျောင်းသား/သူများ အနေဖြင့် နောင်တွင် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာပြစ်မှုများ ကျူးလွန်ခြင်းပြုမည်မဟုတ်ကြောင်း ဝန်ခံ ကတိ နှင့်အတူ မိဘအုပ်ထိန်းသူ၏ ထောက်ခံချက်ဖြင့် အသနားခံစာ တင်လာပါက လက်ရှိပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

“ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို လက်မခံနိုင်ဘူး ။ ကျွန်တော်တို့ ကျောင်းပြန်တက်ချင်ရင် အသနားခံစာတင်ဆိုတာ ကျွန်တော်တို့ မဟုတ်တာ လုပ်ထားသလိုဖြစ်နေတယ် ။ ကျွန်တော်တို့ ဘယ်တော့မှ အသနားခံစာ တင်မှာမဟုတ်ပါဘူး ။´´ ဟု မြင်းခြံဒီဂရီ ကောလိပ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုစည်သူမြတ် က ပြောသည်။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးနှင့် ကျောင်းထုတ်ခံ ကျောင်းသား/သူ များ ကျောင်းပြန်တတ်ခွင့်ရရေးအတွက် တက္ကသိုလ်များတွင် ကျောင်းသား သမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကျာင်းတွင်းလှုပ်ရှားမှုများလည်း စဉ်ဆက်မပြတ် ပြုလုပ်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply