မြန်မာမှုပညာရှင် ဆရာဦးအေးမြင့်၏ အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲကျင်းပ

0
184

မန္တလေး ၊ ဇန်နဝါရီ ၂ ၊ ၂၀၁၈

မန္တ​လေးမြို့ အမရပူရမြို့နယ်​၊ တောင်​သမာန်​အင်းအနီး တောင်​​လေးလုံး​ကျောင်းတိုက်တွင် မြန်မာမှုပညာရှင် ဆရာဦးအေးမြင့်(မြန်မာမှု)၏ အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲကို ဖောဖော်ဝါရီလ ၂ ရက်နေ့ က ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာသာမက ကမ္ဘာမှာပါ ကျော်ကြားခဲ့သည့် မြန်မာမှုပညာရှင် ဆရာဦးအေးမြင့်(မြန်မာမှု)၏ အနုပညာကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ခြင်းဖြစ်ပြီး ဆရာကြီး၏ ၈၈နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်လည်းဖြစ်ကြောင်း သိရသည် ။

“မြန်မာမှုပန်းချီလောကရဲ့ ရှေ့ဆောင်လမ်းပြဆရာကြီးပါ ။ ဆရာဦးအေးမြင့်ကွယ်လွန်တာဟာ မြန်မာမှုပန်းချီလောကအတွက် နစ်နာမှုတစ်ခုပါ ။´´ ဟု ပန်းချီဆရာ ဦးဇော်ဝင်း (သစ်ထွင်း) က ပြောသည် ။

ဆရာဦးအေးမြင့်(မြန်မာမှု)ကို ၁၉၃၀ပြည့်နှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် အဖ ဦးကျောက်၊ အမိ ဒေါ်မိစံ(ဒေါ်မမလေး) တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် မန္တလေးမြို့၏ နာမည်ကြီးပန်းချီဆရာ ဦကြွယ်လေးထံတွင် စီပွားရေးကြော်ငြာပန်းချီ ၃နှစ်သင်ကြားခဲ့သည်။

ထို့နောက် ဆရာဦးခင်မောင်(ဘဏ်အထွေထွေမန်နေဂျာနှင့်ပန်းချီ)ထံတွင် ရသပန်းချီအခြေခံကစ၍ သင်ယူခဲ့ပြီး ဆရာဦးခင်မောင်၏အကူအညီဖြင့် ၁၉၅၁ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ ပျဉ်းမနားဦးလှစာပေးစာယူသင်ခန်းစာနှင့် ဝါရှင်တန်ပန်းချီကျောင်း စာပေးစာယူသင်ခန်းစာများကိုလည်း သင်ယူခဲ့သည်။

ပန်းချီဒီဇိုင်းနည်းပြဆရာအဖြစ် အိမ်တွင်းစက်မှုလက်မှုဌာနခွဲနှင့်ဆောင်းဒါးရက်ကန်းကျောင်းတွင်၁၉၅၄
ခုနှစ် မှ ၁၉၇၇ခုနှစ် အထိတာဝန်ထမ်းဆောင်ခဲ့သလို မြန်မာမှုဒီဇိုင်းများကို အချိန်အခါရသည့်အခါတိုင်းကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့သည်။

ဆရာဦးအေးမြင့်သည် မြန်မာ့ပြခန်းမွမ်းမံမှုတာဝန်ဖြင့် အီတလီနိုင်ငံ၊ မီလန်ကုန်စည်ပြပွဲ(၁၉၆၆)နှင့်ကမ္ဘာ့ကုန်စည်ပြပွဲ ဂျပန် အိုဆာကာ (၁၉၇၀)၊ မြန်မာမှုဒီဇိုင်းရေးဆွဲတာဝန်ဖြင့် အင်္ဂလန်၊ ဂျာမဏီနိုင်ငံများသို့ (၁၉၇၀) သွားရောက်ခဲ့သည်။

၁၉၈၀ပြည့်မှ စ၍ လစဉ်ထုတ် ရတနာမွန်စာစောင်မျက်နှာဖုံး၊ ၁၉၈၉ခုနှစ်မှ စ၍ သစ္စာရောင်ခြည်၊ မြတ်ဆုမွန်ဘာသာရေး စာအုပ်မျက်နှာဖုံးဒီဇိုင်းများ တာဝန်ယူရေးဆွဲပေးခဲ့သလို မင်းကွန်းပိဋကတ်စေတီ (၁၉၈၄)၊ ကမ္ဘာအေးသိမ်တော်ကြီး (၁၉၈၆)၊ ကမ္ဘာအေးအဆူ ၂၀ နှင့် ဓမ္မသဘင် (၁၉၉၁-၉၂)၊ ပုသိမ်မြို့ ကန်ကြီးဒေါင့်စေတီ(၁၉၉၄)၊ တက္ကသိုလ်ဓမ္မာရုံ (၁၉၉၅)၊ တပ်မတော်ဓမ္မာရုံ၊ ကုန်းမြင့်သာဇေယျသီရိ (၁၉၉၅)၊ ရန်ကုန်၊မန္တလေးမြို့များရှိ စွယ်တော်မြတ်စေတီများ (၁၉၉၆)၊ ရွှေတိဂုံစောင်းတန်း(၁၉၉၆)၊ ပို့ဆောင်ရေးဓမ္မာရုံ (၁၉၉၇)၊ လာရှိုးမြို့ရှိ တိလောက၀ိဇယစေတီ (၁၉၉၇)၊ ကျိုက် မှော်ဝန်းရေလယ်ကျောက်တန်း (၁၉၉၇) တို့တွင် မြန်မာမှုဒီဇိုင်းများ ပုံထုတ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ခဲ့သည်။

ထို့အပြင် ဆရာဦးအေးမြင့်သည် ပုံရိုက်ဒီဇိုင်း၊ ပြက္ခဒိန်ဒီဇိုင်း၊တံဆိပ်ခေါင်းဒီဇိုင်း၊ ပညာပေးပိုစတာ၊ ပြခန်းဒီဇိုင်း၊ သီရိပစ္စယာဟိုတယ် (ပုဂံ) ယွန်းကားနံရံများ၊ ဘာသာရေးစာအုပ်မျက်နှာဖုံးဒီဇိုင်းများရေးဆွဲပေးခြင်းနှင့် မြန်မာမှုပန်းချီးကားများရေးဆွဲခြင်း၊ မြန် မာမှုဆောင်းပါးများနှင့် မြန်မာမှုဒီဇိုင်းစာအုပ်ရေးသားပြုစုခဲ့ပြီး ၂၀၁၇ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

အဆိုပါ​တောင်​​လေးလုံး​ကျောင်းတိုက်​အတွင်းရှိ သူ​ဋ္ဌေးဘုရား ရင်​ပြင်​​တော်​အ​ပေါ်တွင် နိုင်ငံကျော်စာရေးဆရာ၊ ကဗျာဆရာ များ၏ အထိမ်းအမှတ်ကျောက်တိုင်များကို ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှစတင်၍ ထားရှိပေးခဲ့ရာ စာရေးဆရာ မြသန်းတင့် (၁၉၂၉-၁၉၉၈)၊ စာရေးဆရာ၊ကဗျာဆရာ ဒဂုန်တာရာ (၁၉၁၉-၂၀၁၃)၊ စာရေးဆရာ၊ ကဗျာဆရာ တင်မိုး (၁၉၃၃-၂၀၀၇)၊ စာရေးဆရာ၊ကဗျာဆရာ ကြည်အောင် (၁၉၃၇-၂၀၀၉)၊ ကဗျာဆရာ အောင်ဘညို (၁၉၆၁ -၂၀၁၅)၊ ကဗျာဆရာ လှသန်း (၁၉၆၃ -၂၀၁၁)၊ ကဗျာဆရာ မောင်ချောနွယ် (၁၉၄၉-၂၀၀၂)၊ စာရေးဆရာ၊ကဗျာဆရာ၊သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၁၉၃၀-၂၀၁၄)၊ ရဟန်းစာဆို အမျိုးသားစာပေဆုရှင် ကိုပညာ(အမရပူရ) (၁၉၃၃-၂၀၁၆)၊ ဆရာဦးအေး မြင့်(မြန်မာမှု) (၁၉၃၀- ၂၀၁၇) စသည့် အထိမ်း အမှတ် ကျောက်တိုင် ၁၀ ခုမြောက်ရှိလာကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply