Ve Ve အချိုရည်စက်ရုံအလုပ်သမားများ သပိတ်မှောက် ဆန္ဒပြ တောင်းဆိုမှု ပြေလည်မှုမရသေး

0
157

မန္တလေး၊ ဖေဖော်ဝါရီ ၂၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Ve Ve အချိုရည်စက်ရုံမှ အလုပ်သမားများသည် ကြုံတွေ့နေသည့်အခက်အခဲများ ပြေလည်ရန် အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ကတည်းက သပိတ်မှောက် ဆန္ဒပြ တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

ထို့အပြင် အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများထဲက ခေါင်းဆောင် (၆) ဦးကို မတရားတားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ ဖြင့်အမှု ဖွင့်ထားကြောင်း အလုပ်သမားများထံက သိရသည်။

“ဘယ်လိုပဲ ကျွန်မတို့ခေါင်းဆောင်တွေကို အမှုဖွင့်ထား ဖွင့်ထား ကျွန်မတို့ခေါင်းဆောင်တွေနဲ့ အတူရှိမယ် ။ သူတို့တရားစွဲလည်း ကိုယ့်ဘက်ကမှန်နေရင် ကြောက်စရာမလိုဘူး” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် မငြိမ်းငြိမ်း က ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များထဲမှ အပြင်နေလုပ်သားများ ဖယ်ရီ (သို့မဟုတ်) ခရီးစရိတ်စီစဉ်ပေးရေး နှင့် နှစ်တိုးကြေးများရရှိရေး တို့ကို အလုပ်ရှင်ဘက်မှ ဖြေရှင်းမပေးသည့်အတွက် ဆက်လက်ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

“ကျွန်မတို့ လိုချင်တာ အကုန်ရတဲ့အထိတောင်းဆိုသွားမှာပဲ ဘာပဲဖြစ်နေနေ အလုပ်သမားခေါင်းဆောင်တွေနဲ့ အတူတောင်းဆို နေမှာပါ” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် မသီတာဝင်း က ပြောသည်။

ယင်းသပိတ်မှောက်ဆန္ဒပြမှုတွင် အလုပ်သမားအင်အား အယောက် ၁၀၀ ကျော်ပါဝင်ကာ အမျိုးသမီးများအား မိုက်ရိုင်းစွာဆဲဆိုဆက်ဆံပြီး လိင်အကြမ်းဖက်သော QC ခေါင်းဆောက်များ အလိုမရှိ ၊ ကျန်းမာရေးနှင့် မညီညွှတ်၊ မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသော ယူနီဖောင်းများအား ပြောင်းလဲပေးရေး ၊ နားနေဆောင်များရရှိရေး ၊ အလုပ်သမားများ၏ ဆန္ဒမပါပဲ မြို့/ဌာန မပြောင်းရွှေ့ရေး စသည့် တောင်းဆိုချက် (၁၅)ချက်ကို တောင်းဆိုခဲ့သည်။

“အခုဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဘာမှ ကြားဝင် ဖြေရှင်းမပေးဘူး ။ ပြဿနာကြီးအောင် လုပ်နေတဲ့ ပုံစံဖြစ်နေတယ်” ဟု အလုပ်သမားများကို ကူညီနေသည့် ကိုသက်နှင်းအောင် က ပြောသည်။

ထို့အပြင် အလုပ်သမားများအနေဖြင့် အလုပ်သမား သမဂ္ဂဖွဲ့စည်းရန် ပြင်ဆင်နေစဉ် အလုပ်သမားခေါင်းဆောင်များအား ရန်ကုန်သို့ ပြောင်းရွှေ့ခြင်းနှင့် အလုပ်သမားများအတွက် နားနေဆောင်များ မရှိသောကြောင့် အခက်အခဲများရှိကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply