နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးမည့်စင်တာ ဖွင့်လှစ်

0
158

နေပြည်တော်၊ ဖေဖော်ဝါရီလ ၃ ၊ ၂၀၁၈

နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့်စင်တာ (HCPP)ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စင်တာကို အမှတ် ၄၉၉/၅၀၂၊ ခါတော်မီ ၁ လမ်း၊ ၆ ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (ဒဂုံတက္ကသိုလ် ထွက်ပေါက်အနီး) တွင် ဖွင့်လှစ်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

HCPP စင်တာသည် မည်သည် အသင်းအဖွဲ့၊ အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပဲ နိုင်ငံရေးအကျဉ်းသားများအား ကျန်းမာရေးကူညီစောင့်ရှောက်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများမှ မိမိတို့ သဘောအလျှောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လဲဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလဲ ဖြစ်သည့် ဒေါ်ဇင်မာအောင်က ပြောသည်။

“ဟိုတလောကပဲ နိုင်ငံရေးအကျဉ်းသားအဟောင်းတွေ အသည်းရောဂါနဲ့ပဲ ခပ်စိတ်စိတ်ပေါ့နော် ကွယ်လွန်သွားကြ တယ်။ ထိုက်သင့်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလဲ မရကြဘူး။ အဲဒီအပေါ်မှာ အချင်းချင်းတော့ကိုယ်ထူကိုယ်ထ လုပ်တာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအဟောင်းတွေက တွေးမိကြတယ်။ ပူမိကြတယ်။ Online ပေါ်မှာလဲ စုံတယ်။ ပွဲတွေမှာလဲစုံတယ်။ နှစ်ပတ်လည် အခန်းအနားတွေမှာလဲ စုံကြတယ်။ ဒါနဲ့ မဖြူဖြူသင်းကလည်း နေရာပေးမယ်လို့ ပြောတယ်။ ကုပေးမယ့် ဆရာဝန်တွေကလည်း ရှိတယ်”ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

အဆိုပါ စင်တာဖွင့်လှစ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးနေသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

“လွှတ်တော်ပိုင်းမှာရှိနေတဲ့ သူတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနကို ပြောမယ်ပေါ့။ဒါနဲ့ မဖြူတို့ ကိုလွင်ကိုလတ်တို့က ပြည်ထောင်စုဝန်ကြီးကို အကျိုးအကြောင်းပြောပြတော့ ၀န်ကြီးက လက်ခံပါတယ်။ ၀န်ကြီးဌာနက တတ်နိုင်သလောက်ဆေးဝါးတွေကို ကူညီထောက်ပံ့ပေးပါမယ်လို့လဲပြောတယ်။ လစဉ် ထိုက်သင့်တဲ့ ဆေးဝါးထောက်ပံ့ပေးနိုင်ဖို့လဲ ဆောင်ရွက်ပေးပါ့မယ်လို့ စကားအရ လက်ခံရရှိပြီးသားဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

အဆိုပါ စင်တာ၌ ဆေးဝါးကုသမှုခံယူမည့်သူများသည် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းအဖြစ် ၂ ဦးမှထောက်ခံမှုရယူရန်လိုအပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ၏ မိသားစု ၀င်များ (သား/သမီး အိမ်ထောင်မကျသေးသူများအထိပါဝင်) ကို ဆေးဝါးကုသမှု ခံယူခွင့်ပြုရန် စသည့်အချက်များကိုလည်း ထည့်သွင်းဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် အစိုးရဆေးရုံများ၌ လည်း ဆေးဝါးကုသမှုခံယူခွင့်ရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက် ပေးမှုများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply