၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော်

0
189

ပဲခူး၊ ဇန်နဝါရီ ၃။

၂ဝဝ၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး ယနေ့နံပိုင်းက နိုင်ငံရေးအင်အားစုများပူး ပေါင်းကာ ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် အဖွဲပအစည်းများထံမှ သတင်းရရှိသည်။

ထိုသို့ ပြည်နိုင်ငံရေးအင်အားစုများမှ ၂ဝဝ၈ ဖွဲ့စည်းပုံလုံးဝဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်မှုမှာ လက်ရှိဒီချုပ်အစိုးရလက်တွင် ပြည်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒထုတ်ဖော်မှုလည်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကို စစ်တပ်က တစ်ဖက်သပ်ရေးဆွဲခဲ့တယ်။ ဒါ့အပြင် ပြည်သူလူ ထုအတွက် အကျိုးပြုမှုမရှိတဲ့အတွက် အခုလိုမျိုး လုံးဝဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခြင်းဖြစ်ပါတယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ခဲ့သည့် လက်တွဲကူမယ်ပြည်လူငယ်ပရဟိတအသင်းမှ ကိုမျိုးသူထွဋ်က ပြောသည်။

ထို့ပြင် လက်ရှိတွင် ဒီမိုကရေစီနိုင်ငံရေးစနစ်အားဖော်ဆောင်နေသည့် ဒီချုပ်အစိုးရအနေနှင့်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံပါ အကန့်အသတ်နှင့် အတားအဆီးများကြောင့် နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အကောင်အထိုင်ဖော်နိုင်မှု အား နည်းနေသည့် အခြေအနေများကလည်း ဖွဲ့စည်းပုံဖျက်သိမ်းပေးရန် လိုအပ်သည့်အနေအထားကို ထောက်ပြ နေကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိဖွဲ့စည်းပုံက နာဂစ်မုန်တိုင်းကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန် မှာ စစ်အုပ်စုက တဖက်သတ်ရေးခဲ့တာ။ ပြီးတော့ လက်ရှိနိုင်ငံတော် ကသွားနေတဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးမှာလည်း အထောက် အကူမပြုတဲ့အပြင် အဟန့်အတား ဖြစ်နေတဲ့အတွက် ဒီနေ့ ဖျက်သိမ်းဖို့အတွက် ကျွန်တော်တို့က လုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု ဆရာကြီး သခင်ကိုယ် တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်)အဖွဲ့ဝင် ဦးနိုင်လွင်ချိုက ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး ပြောသည်။

အထက်ပါကဲ့သို့ ၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်မှုကို ယနေ့နံနက် ၉ နာရီခန့်က ၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်း ပေးစာသားပါ တီရှပ်များဝတ်ဆင်ပြီး ပြည်မြို့ ပန်းဘဲတန်းလမ်းနှင့် ရုံးလမ်းထောင့်ရှိ လက်တွဲကူမယ်ပြည်လူငယ် ပရိတ အသင်းရုံးရှေ့မှ စတင်၍ထွက်ခွာကာ လမ်းရှည်လမ်း၊ ယင်းမှ ရွှေတစ်ချောင်းလမ်းသို့လည်းကောင်း၊ ရွှေတစ်ချောင်းလမ်းမှ မြို့လယ်ဇိုလ်ချုပ်အောင်ဆန်းကျေးရုပ်အနီးရှိ ယခင်ဗိုလ်ရှုခံအဆောက်အအုံရှေ့၌ စုဝေးကာ ၁၁ နာရီကျော်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးဆန္ဒထုတ်ဖော်မှုတွင် ပြည်မြို့အခြေစိုက် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်ပေါင်း ၂ဝ ကျော်တို့မှ လူအင်အား ၁ဝဝ ဝန်းကျင်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ထံ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်မှုအား တရားဝင်အကြောင်းကြားစာပေးပေးပို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

မိုးမြေ

ဓါတ်ပုံ-လက်တွဲကူမယ်ပြည်လူငယ်ပရဟိတအသင်း

Leave a Reply