ငလျင်ဘေး တွေးကြောက်စရာမဟုတ်၊ သတိရှိရန်သာလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဆို

0
138

ပဲခူး၊ ဇန်နဝါရီ ၄၊ ၂ဝ၁၈

သဘာဝဘေးအန္တရာယ်များသည် တွေးတောကြောက်လန့်စရာကိစ္စမဟုတ်ဘဲ ပြည်သူများသတိရှိရှိနေထိုင် ကြရန်သာလိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ပဲခူးမြို့ရပ်ကွက်ကြီး(၈) ဝန်ထမ်းအိမ်ရာတွင်ပြုလုပ်သည့် ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ် တိုက်လေ့ကျင့်ပွဲအခမ်းအနားအပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သဘာဝဘေးတွေထဲမှာမှ ငလျင်ဘေးဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ ဘေးအန္တရာယ်တစ်ခုဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ ဒါကို တွေးကြောက်နေစရာမလိုဘူး။ မိုးလေဝသနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို နားစွင့် ပြီးတော့ သတိရှိရှိနေထိုင်ဖို့ပဲလိုတယ်။ ဒါမှလည်း ဆောင်ရန်ရှောင်ရန်အချက်တွေကို သိရှိပြီးတော့ ဘေးကင်းအောင် ဘယ်လို ပြုမူဆောင်ရွက်ရမယ်ဆိုတာကို သိရှိလာမယ်” ဟု ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောသည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ညှိနှိုင်းလုပ်ဆောင်လျှက်ရှိရာတွင် ယခုကဲ့သို့ ဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပဲခူးမြို့ဟာ ငလျင်ကြောတွေပေါ်မှာ အနီးဆုံးရှိနေပြီးတော့ ခန့်မှန်းတွက်ချက်ဖို့ခက်ခဲတဲ့ ဒီလိုငလျင်ဘေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို သိမထားဘူးဆိုရင် အရေးကြုံလာတဲ့အခါ မလိုလားအပ်တဲ့ ထိခိုက်ပျက်စီးမှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့ ဇာတ်တိုက်လေ့ကျင့် အသိပညာပေးတဲ့အပိုင်းကို လုပ်ဆောင် ရတာဖြစ်ပါတယ်” ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချမ်းခြိမ်းသူက ပြောသည်။

သရုပ်ပြကွက်များဇာတ်တိုက်လေ့ကျင့်ရာတွင် အင်အား ၆ ဒသမ ၃ ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်စဉ် ငလျင်လှုပ်ကြောင်း လော်စပီကာ/ခရာများမှုတ်၍ အသိပေးခြင်း၊ ပိတ်မိနေသောပြည်သူများအားကယ်ထုတ်ခြင်း၊ ငလျင် ဒဏ်ကြောင့် လျှပ်စစ်ဝါယာကြိုးများပြတ်ကျသည်ကို ရှင်းလင်းပေးခြင်းအပါအဝင် ဒဏ်ရာရလူနာများအား ကယ် ဆယ်ရေး လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခြင်းတို့အား ကဏ္ဍအလိုက်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ ဇာတ်တိုက်လေ့ကျင့်ပွဲသို့ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူလူထုအင်အား ၅ဝဝ နီးပါးခန့် တက်ရောက်ခဲ့သည်။

ဇန်နဝါရီ ဒုတိယပတ်အတွင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တစ်ရက်တည်း ငလျှင်လှုပ်ခတ်မှုနှစ်ကြိမ်ထိရှိခဲ့ကာ ထိခိုက်ပျက်ဆီးမှု မရှိခဲ့သော်လည်း ဒေသခံများက ငလျှင်ဘေးအန္တရာယ်ကျရောက်လာမည်ကို စိုးရိမ်မှုများရှိခဲ့သည်။

မိုးမြေ

Leave a Reply