ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်တွေကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့အတွက် တင်ပြအပ်ပါတယ်

0
202

အရင်ဆုံး တင်ပြချင်တဲ့သတင်းကတော့ မင်းတို့ထမင်းဝအောင်စားထား ဆိုတဲ့ တီရှပ်နဲ့ လူငယ်တချို့ရဲ့ သတင်းပဲ ဖြစ်ပါတယ်။ ရှေ့နေဦးကိုနီကို သတ်မှုနဲ့ ရုံးချိန်းတွေ သွားနေရတဲ့ လူသတ်သမားကြည်လင်းကို ချစ်ပါတယ် ။ ထောက်ခံပါတယ်ဆိုတဲ့ လူငယ်တစ်စုဟာ အခုတစ်ပတ် ကြည်လင်း ရုံးထုတ်ကို လာရောက်ခဲ့ကြပြီး ၀န်းရံမှုတွေ တီရှပ်လက်ဆောင်ပေးတာတွေ ပြုလုပ်သွားခဲ့ကြပါတယ်။ တရားရုံးရဲ့ ပရ၀ုဏ်အတွင်းအထိ အဆိုပါ လူငယ်တွေ ၀င်ရောက်ပြီး လူသတ်သမားတစ်ယောက်ကို လာရောက် ထောက်ခံတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို နားရွက် တံတွေး စွပ်သလိုပါပဲ။ ၀န်ရံတဲ့ လူတွေထဲက တစ်ယောက်ဟာ မင်းတို့ ထမင်းဝအောင်စားထားဆိုတဲ့ တီရှပ်ကို ၀တ်ထားပါတယ်။ဒီလို လုပ်ရပ်ဟာ တရားရုံးကိုပါ မထိလေးစားရာ ရောက်နေပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီး သိပ်မကြာခင်မှာတော့ ဒီကိစ္စကို အရေးယူပေးဖို့ ရှေ့နေအဖွဲ့အစည်းတွေက ရန်ကုန်ရှေ့နေအသင်းချုပ်မှာ သတင်းစာရှင်းလင်းပွဲပြု လုပ်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အဆိုပါလုပ်ရပ်ကို ရှေ့နေအသင်းအဖွဲ့များက ရှုတ်ချကန့်ကွက်ပါတယ်လို့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် ၊ ဥပဒေပြုရေး မဏ္ဍိုင် ၊ တရားစီရင်ရေး မဏ္ဍိုင်တွေဟာ တစ်စတစ်စနဲ့ လူတကာရဲ့ ပုတ်ခတ်ထိပါးစော်ကားခြင်း တွေကို ခံလာရတာ အတော်ကြာပါပြီ။ တရားဥပဒေ စိုးမိုးရေး မရှိရင် တည်ငြိမ်အေးချမ်းရေးလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် မီးတွေ မလောင်ခင်မှာ အစပျိုးလာတဲ့ မီးစတွေကို မြန်မြန်ဆန်ဆန် ငြှိမ်းသတ်နိုင်ဖို့ အရေးကြီးပါတယ်။ အဆိုပါ မီးပွားတွေကို ငြှိမ်းဖို့အတွက် သက်ဆိုင်ရာ တည်ဆဲ အစိုးရမှာ အပြည်အ၀ တာဝန်ရှိနေပါကြောင်း တင်ပြအပ်ပါတယ်။

ဒုတိယသတင်းကတော့ ဗဟန်းမြို့နယ်မှာရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခြံအမှတ် ၅၄ ကို စိတ်ဝေဒနာရှင်တစ်ဦးက စောစောစီးစီး မီးပုလင်းလာပစ်တဲ့ သတင်းကို တင်ဆက်ပါမယ်။ ဗဟန်းမြို့နယ်က ခြံအမှတ် ၅၄ ဆိုတာ မြန်မာ့နိုင်ငံရေးမှာ လုံခြုံရေးနဲ့ ပတ်သက်လို့ တင်းတင်း ကြပ်ကြပ် ထားလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အဆိုပါ နေရာမှာ စိတ်မနှံ့သူတစ်ဦးက ခြံမီးလောင်အောင် ကြံစည် အားထုတ်လာ မှုဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ရန်ကုန်က ရဲတွေအနေနဲ့လည်း တာဝန်ကျေပွန်တယ် ခေါ်ရမလား မပြောတတ်ပါဘူး။ တရားခံ စိတ်ဝေဒနာရှင်ကို တစ်ရက် မပြည့်ခင် မြောက်ဥက္ကလာမှာ ဖမ်းမိခဲ့ပါတယ်။ အခုဆိုရင်တော့ စစ်ဆေးမှုတွေ စတင်နေပါပြီ။ လက်သည်ကို ဖမ်းပေးနိုင်တဲ့ သူကိုလည်း မြောက်ဥက္ကလာမှာ သူရဲကောင်းသဖွယ် ဂုဏ်ပြုတာတွေလည်း ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ သာမန်ဖြစ်စဉ်တော့ လုံးဝ မဟုတ်နိုင်ပါဘူး။ စိတ်ဝေဒနာရှင်တစ်ဦး ၊ ဆေးရုံကနေ လက်မှတ် ရရှိထားသူတစ်ဦးကို ဘယ်သူက ဘာပေးပြီး ခိုင်းစေခဲ့သလဲဆိုတာ ပေါ်အောင်စစ်ဆေးဖို့ လိုအပ်လှပါတယ်။ တစ်ဆက်တည်းမှာပဲ အသက် ၇၀ ကျော်လွန်လာပြီ ဖြစ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ပိုပိုပြီး အလေးထားဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ မြန်မာနိုင်ငံရဲ့ သမိုင်းအဆက်ဆက်မှာ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရှိခဲ့ကြ ပါတယ်။ သူတို့ကို ဘယ်သူတွေက လုပ်ကြံသလဲဆိုတာ ပြန်ကြည့်ဖို့ လိုသလို အရာရာကို သတိထားနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အပြင်စည်း အတွင်းစည်းတွေ ကို အထပ်ထပ်ကြပ်မတ်ပေးနိုင်ဖို့ အရေးကြီးနေပြီဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

အခုတစ်ခါ ရခိုင်က သတင်းတစ်ပုဒ်ကို တင်ပြချင်ပါတယ်။ ရခိုင်ပြည်နယ် ၊ ပုဏ္ဍားကျွန်းမြို့နယ် ရန်ကုန်စစ်တွေကားလမ်းဘေးမှာ မြောက်ဦးမြို့နယ် အုပ်ချုပ် ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် တစ်ယောက် လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါတယ်။ လူသတ်မှုနဲ့ ပတ်သက်တဲ့သူတွေကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေဖော်ထု တ်ဖမ်းဆီးနေပြီဖြစ်ပါတယ်။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဟောင်း ဦးဘိုဘိုမင်းသိုက်ဟာ မြောက်ဦး ပဋိပက္ခဖြစ်ပွားပြီးတဲ့နောက် ဇန်နဝါရီ ၁၉ မှာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးဖြင့် ပြောင်းရွေ့ခံခဲ့ရသူဖြစ်ပါ တယ်။ ပြောင်းရွေ့ခံရပြီး ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခန့်မှာ ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုးကျေးရွာနဲ့ ယိုးငူအကြား မိုင်တိုင် (၁၆၉/၁) ကားလမ်းပေါ်မှာ ဦးဘိုဘိုမင်းသိုက်ကိုဓားဒဏ်ရာများနဲ့ သေဆုံးနေတာ တွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင် သူ့ရဲ့ကားဟာ လမ်းဘေးထိုးကျပြီး တိမ်းမှောက် နေခဲ့တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကားကို ကရိန်းကားနဲ့ လမ်းပေါ်သို့တင်ဆောင်ထား ခဲ့ပြီး သိပ်မကြာခင် ည ၈ နာရီအချိန်လောက်မှာ ကားကိုပါ လာရောက် မီးရှို့ဖျက်ဆီး သွားခဲ့ကြ ပါတယ်။ အင်မတန်မှကို ဥပဒေမဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်လာမှုတွေပဲ ဖြစ်ပါတယ်။ကားမီးရှို့သူတွေကိုတော့ ဖမ်းမမိသေးပါဘူး။ သက်ဆိုင်ရာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ အခါမှာ အင်မတန် ခက်ခဲနေလိမ့် မယ်လို့ တွေးဆမိပါတယ်။ ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့အတူ သူတစ်လူ ငါတစ်မင်း ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အရပ်တစ်ခု ဖြစ်နေပါတယ်။ NLD အစိုးရအနေနဲ့ ရခိုင်အနောက်တံခါးအရေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ဖို့ ပိုမို အရေးကြီးနေသလို တရားဥပဒေ စိုးမိုးနိုင်ရေးအတွက်လည်း ထိထိရောက်ရောက် ဆောင်ရွက်ဖို့ သင့်နေပြီ ဖြစ်ပါတယ်။

ဒီတစ်ခါ NLD လွှတ်တော်အမတ်တွေရဲ့ လစာကိစ္စလေးကို ပြောပြချင်ပါတယ်။ အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ဟာ ၎င်းတို့ရရှိတဲ့ လစာကို နည်းတယ် များတယ်လို့ပြောနေကြတဲ့အတွက်ဒေါသထွက်ရတယ်လို့ရန်ကုန်တိုင်းဒေသကြီးအလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးမြင့်ဌေးကပြောလာတဲ့ သတင်းပဲ ဖြစ်ပါတယ်။အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ လွှတ်တော် ကိုယ်စား လှယ်တွေ ဆီက ကြားလိုက်ရတဲ့ ငွေစကားပြောမှု ဟာ ပါတီရဲ့ ပုံရိပ်ကို ထိခိုက်စေသလို မဲဆန္ဒရှင်ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပါတီက ကိုယ်စားလှယ်တွေရဲ့ လစာကိစ္စ ကိုယ့်ကျင့်တရားကိစ္စတွေအတွက် ယခင်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမြဲမပြတ် သွန်သင်ဆုံးမမှုတွေ ရှိခဲ့ပါတယ်။ ပြည်သူကို အလုပ်အကျွေးပြုနိုင်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်စေဖို့ မှာကြားခဲ့တာတွေဟာ ၂၀၁၅ လောက်က ထွက်ခဲ့တဲ့ သတင်းစာ ဂျာနယ်တွေမှာ ခေါင်းကြီး သတင်းတွေအဖြစ် ပလူပျံအောင် ပါခဲ့ဖူးပါတယ်။ သို့သော်လည်း အချိန်ကာလ ၃ နှစ်သာ ကာလအတွင်းမှာ ယခုလို ပြောထွက်လာတဲ့ စကားတွေကတော့ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံလိုပဲ ဆင်းရဲနေတဲ့ စီးပွားရေး နလန်ထဖို့ ကြိုးစားနေတဲ့ လိုက်ဘေးရီးယား နိုင်ငံမှာတောင် သမ္မတက နိုင်ငံ့စီးပွားရေးကောင်းမွန်ခြင်း မရှိသေးတဲ့အတွက် ရရှိသည့် လစာအနက် ၂၅ ရာခိုင်နှုန်းကို လျှော့ယူကြဖို့ အစိုးရအဖွဲ့ကိုရော လွှတ်တော် အမတ်တွေကိုပါ တိုက်တွန်းခဲ့တာ ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့အခွင့်အရေးထက် မိမိတို့ရဲ့ အခွင့်အရေးကို ရှေ့တန်းတင်ပြီး ပြောဆိုတင်ပြတတ်တာလေးတွေကို လျှော့နိုင်ကြပါစေလို့ အကြံပြုလိုက်ပါရစေ။

အခုတစ်ခါ ညောင်တုန်းဆားမလောက်အထိ ဘင်္ဂါလီတွေ ရောက်လာတဲ့သတင်းကို တင်ပြပါမယ်။ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများက ဘင်္ဂါလီ ၂၁ ဦးကို သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ် တစ်စီးကို ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်မြို့ ရဲစခန်းက ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ ယာဉ်မောင်း တင်ထွန်းအောင်နဲ့ ထွန်းထွန်းနိုင်တို့က ဘင်္ဂါလီ ၂၁ ဦးကို ရန်ကုန်မြို့ကို ပို့ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ၆ ဘီး ကုန်တင်ကားပေါ်မှာ မိုးကာအုပ်ပြီး သယ် ဆောင် လာခဲ့ခြင်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ၂၁ ဦးမှာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေး ၃ ဦး (ကျား – ၁၊ မ – ၂) တို့ ဖြစ်ကြပါတယ်။ယခုလို ပုံစံနဲ့ ရန်ကုန်ကို ရောက်လာတဲ့ ဘင်္ဂါလီ အရေအတွက် ဘယ်လောက်တောင် ရှိနေပြီလဲ။ ဘယ်လောက် လွတ်သွားပြီလဲ ဆိုတဲ့ မေးခွန်းတွေကတော့ လူအများစု တွေးကြလိမ့်မယ်ထင်ပါတယ်။ အခုလို ဖြစ်စဉ်ဟာ အရင်အစိုးရလက်ထက်မှာလည်း အမြောက်အမြားရှိခဲ့တယ်။ အခုအစိုးရလက်ထက်မှာလည်း ဆက်လက် လည်ပတ်နေတုန်းပါပဲလို့သာ ပြန်ဖြေပါရစေ။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရရင် ရသလို ဖော်ထုတ် ဖမ်းဆီးမှုတွေလည်း ပိုပြီး လုပ်နေကြပါပြီ။ သို့သော်လည်း ရှိနေတုန်ပါပဲ။ နောက်ဆုံးတော့ ဥပဒေကြောင်းအရပဲ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူအပြစ်ပေးရုံမှ တစ်ပါး အခြားမရှိတော့ဘူးလို့သာ ဆိုချင်ပါတယ်။

ဗေဒင်ဆရာနဲ့ ဗေဒင်လာတွက်မိသူတွေအကြားမှာ အပြန်အလှန် အမှုတွေဖွင့် တရားတွေစွဲကြတဲ့ သတင်းလေးတစ်ပုဒ်ကို တင်ပြပါမယ်။ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားမှာ ဗေဒင်ဟောခန်း ဖွင့်ထားတဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုဆီကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စတုတ္ထနှစ် စီးပွား/စီမံတက္ကသိုလ် ကျောင်းသူတစ်ဦးဟာ လက်ကိုင်ဖုန်း ပျောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗေဒင်လာမေးရာ ဗေဒင်ဆရာ အောင်ချစ်ပိုက ၎င်း၏ခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများကို အဆီတစ်မျိုးနဲ့ လိမ်းပေးပြီး ယတြာချေပေးခဲ့တယ်လို့ စမ်းချောင်းမြို့မ ရဲစခန်းမှာ တက္ကသိုလ်ကျောင်းသူက အမှုဖွင့်တိုင်ကြားလာခဲ့ပါတယ်။ အဆိုပါ ကိစ္စအတွက် ဗေဒင်ဆရာ အောင်ချစ်ပိုကလည်း တက္ကသိုလ်ကျောင်းသူကို လူမှုကွန်ရက် Facebook မှာ သူ့မကောင်းကြောင်းရေးပါတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ပြန်လည်အမှုဖွင့် လာခဲ့ပါတယ်။ အလားတူပဲ ဗေဒင်ဆရာ အောင်ချစ်ပိုကို လိင်ပိုင်းဆိုင်ရာ ထိပါးခံရတယ် ဆိုပြီး သရုပ်ဆောင် အဆိုတော် ဒိန်းပိုပိုဒေါင်ကပါ မကြာမီရက်ပိုင်းအတွင်း တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က ဗေဒင်ဆရာအောင်ချစ်ပိုထံမှာ ဗေဒင်မေးရာ လိင်ပိုင်းဆိုင်ရာ ထိပါးခံရကြောင်း ဒိန်းပိုပိုဒေါင်က လူမှုကွန်ရက်မှတစ်ဆင့် မကြာမီရက်ပိုင်းက ဖွင့်ဟခဲ့ပါတယ်။ ဒိန်းပိုပိုဒေါင်ဟာ ဆယ်တန်းတုန်းက အချစ်ရေး ပညာရေးတို့ အတွက် ဗေဒင်ဆရာ အောင်ချစ်ပိုကို သွားရောက်မေးမြန်းဖူးခဲ့ပြီး အချစ်ရေးမေးခွန်းအတွက် အတူပါလာသူ သူ ငယ်ချင်းအား ဟောခန်းအပြင်ဘက်သို့ ထွက်စေခဲ့ပြီး အချစ်ရေး ကောင်းလိုပါက ရွှေရောင်ပူးနေသော စုံတွဲရုပ်လေးကို ရင်ဘတ်ထဲ ထည့်ရမယ်လို့ ပြောဆိုပြီး ကိုယ်တိုင်အထည့်မခံဘဲ ဗေဒင်ဆရာကိုယ်တိုင်ထည့်ပေးမှရကြောင်း ၊ ရင်ဘတ်ကို ဆီမန်းဆိုသည့် ဆီလူး၍ အရုပ်ထည့်ပေးခဲ့ကြောင်း ယင်းကိစ္စကို တခြားသူများအား ပြန်ပြောပါက စာမေးပွဲမအောင် ချစ်သူပစ်၍ အသက်အန္တရာယ်အထိ ထိခိုက်နိုင်ကြောင်း ချိန်းခြောက်မှုတွေပါ ရှိခဲ့တယ်လို့ ဒိန်းပိုပိုဒေါင်က ဆိုပါတယ်။ ယခုဖြစ်စဉ်တွေအရ ဗေဒင်ဆိုတာ အမျိုးသမီး အများစု စိတ်ဝင်စားတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဘယ်နေရာက ဘယ်ဗေဒင် ဆရာက ဘယ်လိုမှန်တယ်လို့သာ သတင်းကြားရပါစေ အမျိုးသမီး အများစုဟာ ရောက်အောင်သွားပြီး ယုံကြည်တွက်ချက်ကြလေ့ရှိတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော်လည်း အသွားအလာများ အတွေ့အထိများပြီး နောက်ဆုံးမှာ ဗေဒင်ဆရာနဲ့ ဖူးစာဖက်ခဲ့သူတွေလည်း မြင်တွေ့ဖူးသလို ငွေကြေးလိမ်လည်ခံရတာတွေ ကာအိနြေ္ဒထိခိုက်ရတာ တွေလည်း ကြားဖူးခဲ့ပါတယ်။ ဒါကြောင့် ဘယ်အရာပဲ ဖြစ်ဖြစ် တော်ရုံ တန်ရုံပဲ ကောင်းပါတယ်။ အစွန်အရမ်းရောက်ရင် ပြုတ်ကျသွားတတ်တာမို့ သတိပြုကြပါလို့သာ တိုက်တွန်းလိုက်ရပါတယ်။

အခုနောက်ဆုံးတင်ပြချင်တဲ့ သတင်းကတော့ ငိုအားထက် ရယ်အား သန်စေတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ ကျင်းပဆဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ အမတ်တစ်ဦးက ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီလက်အောက်က သုသာန်များ ကို စောင့်ကြည့် အဆင့်မြှင့်တင် ပြီး စနစ်တကျ မူဝါဒများချမှတ် ကာ ရေရှည် ထိန်းသိမ်း ဆောင် ရွက်ရန်ရှိ၊ မရှိ မေးခွန်းကိုမေးမြန်းလာပါတယ်။ အဆိုပါမေးခွန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဝန်ကြီး ဦးမောင်မောင်စိုးကဖြေကြား ရာမှာ သုသာန်များကို အသုဘ ပို့ဆောင်သူများ စိတ်နှလုံးချမ်းမြေ့အောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ဆိုလိုက်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဟာ လာမယ့် ဘဏ္ဍာနှစ်မှာ ရေဝေး သုသာန်မှာရှိတဲ့ သရဏံဂုဏ်တင်တဲ့ အဆောင်တွေကို နိုင်ငံတကာအဆင့်မြှင့်တင်ခြင်း၊ မီးသင်္ဂြိုဟ်စက်များ အဆင့်မြှင့်ခြင်း၊ နှစ်ပေပတ်လည်အုတ်ဂူခွက်များဖြင့် တင့်တယ်ရန် နေရာချပြင်ဆင်ခြင်းများ ဆောင် ရွက်မယ်လို့ ဦးမောင်မောင် စိုးက ဆက်ပြောပါတယ်။ အဆိုပါဖြေကြားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လူမှုကွန်ရက်အ သုံးပြုသူတွေကြားထဲမှာတော့ ငိုအားထက်ရယ်အား သန်စေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ တကယ်တော့ သုသာန်တွေ တစပြင်တွေဆိုတာ ပူလောင်မှုတွေ များလွန်းတဲ့ အရပ်လို့ လူအများက အယူရှိကြသလို လူတစ်ဦးရဲ့ သောကမီးတွေ ချုပ်ငြိမ်း ဖြတ်တောက်တဲ့ နေရာလည်းဖြစ်ပါတယ်။ သုသာန်ကို အသုဘရှု့လာရောက်ကြတဲ့ လူတွေဟာ အပူမီးများတောက်လောင်ပြီး သောကတွေ ပူဆွေးမှုတွေ သံဝေဂတွေနဲ့ ရောက်ရှိလာတတ်ကြပါတယ်။ အဆိုပါလူတွေကို သုသာန်တွေက ဘယ်လိုများ စိတ်နှလုံး ချမ်းမြေ့အောင် စွမ်းဆောင်နိုင် ပါ့မလဲ။တစ်ခုတော့ ထောက်စရာရှိပါတယ်။ ထောက်ကြန့်က စစ်သင်္ချိုင်းမှာ လူတွေ ပြုံးလို့ ပျော်လို့ ဓာတ်ပုံတွေ ရိုက်လို့ ဆိုပြီး ပြန်ငြင်းစရာရှိပါတယ်။ ထောက်ကြန့်သင်္ချိုင်းဟာ ဟိုးပဝေသနီကတည်းက အခုလိုမျိုးပဲ ရှေးဟောင်း အမှတ်တရ နေရာတစ်ခုပုံစံမျိုး တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ် အသုဘရှု့ လာရောက်ကြသူတွေ မရှိပါဘူး။ ဒါကြောင့် အစိုးရအဖွဲ့ဝင်တွေ လူကြီးတွေအနေနဲ့ စကားတွေကို ပြောမယ်ဆိုရင်တော့ သတိပြုဆင်ခြင်ပြီး ပြောဆိုသင့်ပါတယ်။ ကိုယ့်စကားတစ်ခွန်းဟာ ရီစရာ ဟာသတစ်ပုဒ် ၊ ကာတွန်းတစ်ခု ဖြစ်မလာဖို့ သတိထားကြပါလို့ အကြံပြုလိုက်ပါရစေ။

အထက်ပါ သတင်းသုံးသပ်ချက်များကို ပဉ္စမလှိုင်းမီဒီယာ ၊ The Ladies ၊ Irrawaddy ၊ 7 days ၊ The Voice တို့မှ ဖော်ပြပါရှိပြီးသားသတင်းများကို ပြန်လည်ကောက်နုတ်တင်ပြထားခြင်းသာ ဖြစ်ပါတယ်။

FWN

Leave a Reply