စက်​မှုဇုန်​များအတွင်း ဖြစ်​​ပေါ်​နေသည့်​အခက်​အခဲများကို ​ဖြေရှင်း​ပေးရန်​ အစိုးရထံတင်​ပြ

0
187

ရန်​ကုန်​ ၊​ဖေ​ဖော်​ဝါရီ ၅၊ ၂၀၁၈

စက်​မှုဇုန်​များအတွင်း ဖြစ်​​ပေါ်​နေသည့်​ လမ်း၊​ရေသန့်​၊​ဆေးရုံ၊​ဆေးခန်းနှင့်​ကျူး​ကျော်​ကိစ္စ စသည့်အခက်​အခဲများကို ​ဖြေရှင်း​ပေးရန်​ အစိုးရထံ တင်​ပြထား​ကြောင်း မြန်​မာနိုင်​ငံစက်​မှုကုန်​ထုတ်​လုပ်​သူများအသင်းမှသိရသည်​။

စက်မှုဇုန်များအတွင်း လမ်းများ အလွန်ပျက်စီးနေခြင်း၊ ရေသန့် မရရှိနိုင်သေးခြင်း၊ လူမှုဖူလုံရေး ဆေးရုံ ဆေးခန်း မရှိသေးခြင်း၊ စည်းကမ်းမဲ့ ကျူး​ကျော်​များ​ကြောင့်​​ ရေစီးဆင်းမှုနှင့်​ လမ်းများဆိုးရွား လာခြင်း၊ ကျူး​ကျော်​သူများက တဲထိုးပိတ်​ဆို့​ငွေညှစ်​​နေခြင်းနှင့်စက်ရုံများအနေဖြင့် လျှပ်စစ်မီတာခ အပိုထပ်ဆောင်းယူနစ် ၁၀ရာခိုင်​နှုန်း အပြင် မြင်းကောင်ရေကြေးအား လစဉ်​​ပေး​ဆောင်​​နေရခြင်း စသည့်​အခက်​အခဲများကို ​ဖြေရှင်း​ပေးရန်​ တင်​ပြထားခြင်းဖြစ်ကြောင်း
မြန်​မာနိုင်​ငံစက်​မှုကုန်​ထုတ်​လုပ်​သူများအသင်း၏ ဒုတိယဥက္ကဌ ဦးဝင်းနိုင်​က​ပြောသည်​။

“ဒီကိစ္စ​တွေကို​ဖြေရှင်းဖို့ သက်​ဆိုင်​ရာတိုင်း​ဒေသကြီး စည်​ပင်​သာယာ​ရေး၊လျှပ်​စစ်​ ၊စက်​မှုလက်​မှု၊​ဆောက်​လုပ်​​ရေးနဲ့ လမ်းပန်းဆက်​သွယ်​​ရေး ဝန်​ကြီးများပါဝင်​တဲ့ ဦး​ဆောင်​အဖွဲ့ဟာစက်​မှုဇုန်​စီမံခန့်​ခွဲ​ရေး ကုမ္ပဏီဝင်​​​တွေ ၊လုပ်​ငန်းရှင်​​တွေနဲ့ပုံမှန်​အစည်းအ​ဝေး​တွေကျင်းပပြီး အချိန်​တိုအတွင်းမှာ ထိ​ထိ​ရောက်​​ရောက်​လျင်​လျင်​မြန်​မြန်​နဲ့ အမြဲမပြက်​ ​ဆောင်​ရွက်​​ပေးနိုင်​တဲ့ ယန္တရားတစ်​ခု​ဖော်​​ဆောင်​​ပေးဖို့ လိုပါတယ်​။”ဟု ၎င်းက​ပြောသည်​။

စက်မှုဇုန်များဖွံ့ဖြိုး တိုးတက်ရေးကိစ္စများဆောင်ရွက်ရန်အတွက် စက်​မှုဇုန်ဥပဒေကြမ်းမှာ ကြန့်ကြာနေပြီး ဥပဒေအားနည်းမှုကြောင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်မှုမရှိဘဲ စက်​မှုဇုန်​များကို တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက်ပေးနိုင်မည့် Focal ၀န်ကြီးဌာန သို့မဟုတ်​ ဦးစီးဌာနကို ညှိနှိုင်းသတ်မှတ်ပေးရန်​တင်​ပြထား​သည်။

ထို့ပြင်​ ရာနှုန်းပြည့်​ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုများ ပြုလုပ်​ထားသည့်​ မင်္ဂလာဒုံစက်​မှုဇုန်​၏ ပင်​မဝင်​​ပေါက်​တွင်​ ​ဈေးသည်​များ၊တရားမဝင်​ဆိုင်​ကယ်​ကယ်​ရီများနှင့်​ မှတ်​တိုင်​တွင်​ ဆိုက်​ရပ်​ခြင်းမရှိ​သော YBS ယာဉ်​များ​ကြောင့်​ ဝင်​​ပေါက်​ပိတ်​ဆို့​နေသဖြင့်​ ​ဖြေရှင်း​ဆောင်​ရွက်​​ပေးရန်​ တင်ပြထားသည်​။

ရွှေလင်​ပန်းစက်​မှုဇုန်​၊ဒဂုံမြို့သစ်​​တောင်​ပိုင်းစက်​မှုဇုန်​ အမှတ်​ (၂)နှင့်​​အေးသာယာစက်​မှုဇုန်​တို့တွင်​ လုပ်​သားများလုပ်​ငန်းခွင်​ထိခိုက်​မှုများနှင့်​ လူမှုဖူလုံ​ရေးအကျုံးဝင်​လုပ်​သားများအတွက်​ လူမှုဖူလုံ​ရေးအဖွဲ့က ​ဆေးရုံ၊​ဆေးခန်းများတည်​​ဆောက်​ဖွင့်​လှစ်​​ပေးရန်​နှင့်​​မြေ​နေရာရရှိ​ရေးအတွက်​ ညှိနှိုင်း​ဆောင်​ရွက်​​ပေးရန်​တို့ကို ​တောင်းဆိုတင်​ပြထား​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply