တိုက်ပွဲများကြားပိတ်မိနေသည့်စစ်ဘေးရှောင်များကိုအမြန်ကယ်ထုတ်ရန် မြစ်ကြီးနားတွင်ဆန္ဒထုတ်ဖော်

0
156

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ၊ ၂၀၁၈

တိုက်ပွဲများကြားတွင်ပိတ်မိနေသည့်စစ်ဘေးရှောင်များကိုအမြန်ကယ်ထုတ်ပေးနိုင်ရေးအတွက် အစိုးရနှင့်တပ်မတော် ကိုတိုက်တွန်းသည့် ဆန္ဒထုတ်ဖော်ပွဲကိုဖေဖော်ဝါရီ ၅ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ တွင် အင်အား၅၀၀၀ခန့်ဖြင့် ဆန္ဒထုတ်ဖော်သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တိုက်ပွဲကြားပိတ်မိနေသော ပြည်သူများဘေးကင်း စွာနေရပ်ပြန်နိုင်ရေး ၊ လူသားချင်းစာနာမှုဆိုင် ရာအကူအညီထောက်ပံ့မှု ပိတ်ပင်ခြင်းရပ်ပေးရန် ၊ ပိတ်မိနေသည့်ပြည်သူများကို စားနပ်ရိက္ခာ အမြန်ဆုံးထောက်ပံ့ပေးရေး ၊ အပြစ်မဲ့ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်မှုအလိုမရှိ ၊ လူသားဒိုင်းအသုံးပြုမှု ချက်ခြင်းရပ် ၊ လေယာဉ် ဖြင့်ပြည်သူများကိုပစ်မှတ်ထားဗုံးကြဲခြင်းချက်ချင်းရပ် စသည့် တောင်းဆို ချက်နှင့် ကြွေးကြော်သံများကို တောင်းဆိုခဲ့ ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဇော်ဂျတ်ကပြောသည်။

“အခုဆိုရင် တိုက်ပွဲကြားမှာပိတ်မိနေတဲ့ ပြည်သူတွေ ၁၀၀၀ကျော် အတွက် အစားအသောက်ရိက္ခာမရှိဘူး ။ ကူညီပြီး သွားပေးဖို့လည်း လမ်းတွေကပိတ်နေတယ်။အရေးပေါ်လူသားချင်းစာနာတဲ့အကူအညီ
တွေအရေးပေါ်လိုအပ်နေတယ်” ဟုဦးဇော်ဂျတ်ကပြောသည်။

ကချင်ဒေသတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသည့် အရပ်သား စစ်ဘေးရှောင်များနှင့် သေဆုံးခဲ့ရသည့်အရပ်သားများ အတွက် စစ်ပွဲများရပ်ဆိုင်းရေးအတွက် ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ဘေး သင့်ပြည်သူများအား အရေးပေါ်ကူညီကယ် ဆယ်ရေးကော်မတီ တစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီမှ ဦးဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။

တနိုင်းဒေသအတွင်းရွှေနှင့်ပယင်းမှော်များကို တရားမ၀င် တူးဖော် နေမှုကြောင့်ဒေသအတွင်းဂေဟစနစ်နှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေသောကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်မည် ဟုကြေညာခဲ့ပြီးနောက် တနိုင်းဒေ သတွင်း နယ်မြေရှင်းလင်းရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော်KIAနှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေး ရှောင်ဦးရေထောင်ဂဏန်းကျော်မှာ နမ့်ကွမ်းချောင်းဝ တွင်ပိတ်မိနေခြင်းဖြစ်သည်။

“လက်ရှိ NLDအစိုးရလက်ထက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အစိုးရနဲ့တပ်မတော်က ဖြေရှင်းနိုင်ဖို့နည်းလမ်းမရှိဘူး ဆိုရင် ငြိမ်းချမ်းရေးကဝေးနေဦးမှာပဲ ။အခုဆိုတပ်ဘက်က တစ်ရက်မှ အယောက်၅၀လွှတ်လိုက် ၁၀၀လွှတ်လိုက်နဲ့ပဲ သူတို့ပေးဖြတ် သလောက်ပဲ ပိတ်မိနေတဲ့နေရာကနေထွက်လာနိုင်တာ” ဟုဦးဇော်ဂျတ်ကပြောသည်။

တနိုင်းဒေသအတွင်းKIAက ဆက်ကြေးကောက် ၊မိုင်းထောင်ခြင်းနှင့် သယံဇာတတရားမ၀င်တူးဖော်မှုများကြောင့် နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ၂၀၁၈ဇန်န၀ါရီ ၂ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်ကဇန်န၀ါရီ ၂၉ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကိုဥာဏ်

ဓာတ်ပုံ – Daw Nang Pu . FB

Leave a Reply