တရားရုံးအနီး ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ သံသယရှိသူကို သတင်းပေး တိုင်ကြားနိုင်ရန် ထုတ်ပြန်

0
209

မန္တလေး၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး ၇၈ လမ်းပေါ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် သံသယ ရှိသူကို အများပြည်သူအနေဖြင့် သတင်းပေးတိုင်ကြားနိုင်ရန် ထုတ်ပြန် ထားကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့က သိရသည်။

အသတ်ခံရသူသည် ဒေါ်ဝင်းကြည် (၆၆) နှစ်ဖြစ်ပြီး အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့်အတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ လာရောက် စစ်ဆေးခံအပြီး ပြန်ထွက်ချိန်တွင် တရားရုံးအနီး၌ အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးလိုက်သောကြောင့် နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ခုချိန်အထိတော့ တရားခံဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက် အများပြည်သူ က ပူးပေါင်းပါဝင်စေဖို့ သံသယတရားခံကို ထုတ်ပြန်တာဖြစ်တယ် ။ မသင်္ကာစရာတွေ့ရင် သက်ဆိုင်ရာကို အကြောင်းကြားပေးစေလိုပါတယ် ။ ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူရဲ့ သတင်းပေးမှု လိုအပ်ပါတယ်”ဟု ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး အမှတ်(၁၁) နယ်မြေရဲစခန်းတွင် (ပ)၂၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သတ်ခံရသူ၏ ချွေးမဖြစ်သူ ဒေါ်လတ်လတ်မြတ်က တရားလိုပြုလုပ်၍ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

လူသတ်မှုမှ သံသယတရားခံအမျိုးသားအား တွေ့ရှိသူများအနေဖြင့် အမှတ် (၁၁) ရဲစခန်း စခန်းမှူး ဖုန်း ၀၉ – ၄၄၄၀၂၈၃၅၇ နှင့် နယ်ထိန်းခေါင်ဆောင် ဖုန်း ၀၉ – ၄၃၁၂၈၇၀၈ ထံသို့လည်းကောင်း ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း ထုတ်ပြန်ထားသည်။

နိုင်လင်းဦး

Leave a Reply