တနိုင်းဒေသတွင် ပိတ်မိနေသည့်စစ်ဘေးရှောင်ဦးရေ ၅၀၀နီးပါးသာ ကျန်ရှိ

0
179

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ၊ ၂၀၁၈

တနိုင်းဒေသတွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIAတိုက်ပွဲကြောင့် ပိတ်မိနေသည့် စစ်ဘေး ရှောင်အရေအတွက် ၅၀၀နီးပါးသာကျန်ရှိတော့ကြောင်း တနိုင်းမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးကော်မတီ မှဆရာနော်တောင်ကပြောသည်။

တနိုင်းဒေသအတွင်းဖြစ်ပွားသည့်တိုက်ပွဲကြောင့် တနိုင်းဒေသခံများနှင့် ရွှေနှင့်ပယင်းမှော်တွင်အလုပ်လုပ်ကိုင်နေကြ သူ၄၀၀၀နီးပါးခန့်သည် ဇန်န၀ါရီ ၂၈ရက်နေ့မှစတင်ကာ အလံဖြူများ ကိုင်ဆောင်၍ စစ်ဘေး တိမ်းရှောင် လာကြပြီး ဖေဖော်ဝါရီ ၅ရက်နေ့ ညပိုင်းက တနိုင်းမြို့သို့ ထပ်မံရောက်ရှိလာသည့် ဦးရေ၄၀၀နီးပါးခန့်ရှိပြီး ပိတ်မိသူအရေအတွက် မှာ ၅၀၀နီးပါးသာကျန်ရှိတော့ခြင်းဖြစ်ကြောင်းသိရသည်။

“တစ်ရက်ပြီးတစ်ရက်နည်းနည်းချင်းစီပေါ့။ ပိတ်မိနေတဲ့နေရာကနေ နည်းနည်းခြင်းစီထွက်လာနိုင်ကျတာပေါ့ ။သူတို့နေ ရပ်ပြန်ဖို့လည်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဒီဘက်မှာ စီစဉ်ရတာတော့ ရှိတယ်။နောက်ဆုံးရတဲ့ သတင်းက ထွက်လာတဲ့ သူတွေဆီကနေ သိရတာက ၅၀၀နီးပါးလောက်ပဲကျန်တော့တယ်ပေါ့”ဟု ဆရာနော်တောင်က ပြောသည်။

တပ်မတော်မှဇန်န၀ါရီ ၂၆ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေနှင့်ပယင်းမှော်များအတွင်းလုပ်ကိုင်နေသည့် လုပ်သား၂ဦးသေဆုံး၍ ၄ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဘေးတိမ်းရှောင်လာခြင်းဖြစ်ပြီး တနိုင်းမြို့သို့မရောက်မှီ နမ့်ကွမ်း ချောင်းဝတွင် စစ်ဘေးရှောင်များ ပိတ်မိနေခြင်းဖြစ်ကြောင်းသိရသည်။

တနိုင်းဒေသအတွင်း ရွှေနှင့်ပယင်းမှော်လုပ်ကွက်များကြောင့် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေသောကြောင့် နယ်မြေရှင်းလင်းရန် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက တပ်မတော်က ကြေညာပြီးနောက် တနိုင်းဒေသအတွင်း KIAနှင့် တိုက်ပွဲများဖြစ်ပွား ခဲ့သည်။

၂၀၁၇ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အင်ဂါးဂါးနှင့် နန်ဒူနမ်ခမ်ကျေးရွာတို့မှ စစ်ဘေးရှောင် ၁၀၀၀နီးပါး ခန့်မှာ တနိုင်းမြို့ပေါ် တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး နေရပ်မပြန်နိုင်သေးကြောင်း ဆရာနော်တောင်က ပြောသည်။

တနိုင်းဒေသအတွင်းKIAက ဆက်ကြေးကောက် ၊မိုင်းထောင်ခြင်းနှင့် သယံဇာတတရားမ၀င်တူးဖော်မှုများကြောင့် နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ၂၀၁၈ဇန်န၀ါရီ ၂ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်ကဇန်န၀ါရီ ၂၉ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

တနိုင်းဒေသအတွင်းတိုက်ပွဲများကြောင့်ပိတ်မိနေသည့်စစ်ဘေးရှောင်များကိုအမြန်ကယ်ထုတ်ပေးနိုင်ရေးအတွက် အစိုးရနှင့်တပ်မတော်ကို တိုက်တွန်းသည့် ဆန္ဒထုတ်ဖော်ပွဲကိုဖေဖော်ဝါရီ ၅ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် အင်အား၅၀၀၀ခန့်ဖြင့် ဆန္ဒထုတ်ဖော်သည်။

ကိုဥာဏ်

Leave a Reply