ရွှေတောင်မြို့တွင် ဝါယာရှော့ဖြစ်ရာမှ နေအိမ် ၃ လုံးမီးလောင်

0
141

ပဲခူး၊ ဖေဖော်ဝါရီ ၇၊ ၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့၊ သရက်တောရပ်ကွက်တွင် ယနေ့နံနက်အစောပိုင်းက ဝါယာရှော့မှတဆင့် နေအိမ် ၃ လုံးအား မီးလောင်မှုဖြစ်ပွားခဲ့ကြောင့် ရွှေတောင်မြို့နယ်၊ မြို့မရဲစခန်းထံမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၇ ရက် နံနက် ၃ နာရီခွဲအချိန်ခန့်တွင် ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ နတ်စင်လမ်းရှိ ဒေါ်ဖြူဖြူဝင်း၏ နေအိမ်မှ မီးပလပ်ခုံဝါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်ဘေးကပ်လျှက်ရှိ အိမ်နှစ်လုံးသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှတ်တမ်းအရ သိရသည်။

“အဓိကကတော့ ပေါ့ဆမှုကြောင့် ဖြစ်တာပေါ့။ မီးပလပ်ခုံမှာ ပလပ်တွေစုပြုံတပ်ထားရာက ဝါယာရှော့ဖြစ်သွားတာ။ ဘေး အိမ်တွေပါ မီးကူးစက်ပြီးတော့ အားလုံးပျက်ဆီးသွားတယ်” ဟု ရွှေတောင်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

မီးလောင်ဆုံးရှုံးမှုတွင် သရက်တောရပ်ကွက်၊ နတ်စင်လမ်းရှိ ဒေါ်ဖြူဖြူဝင်း၊ ဒေါ်အေးနှင့် ဦးဇော်ဦးတို့၏ နေအိမ်သုံးလုံး ပါဝင်ခဲ့ပြီး လောင်ကျွမ်းရာတွင် ဆိုင်ကယ်တစ်စီးပျက်ဆီးသွားကာ မီးလောင်ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၂ သိန်းခွဲခန့်ရှိကြောင်း အထက်ပါ တာဝန်ကျရဲအရာရှိက ပြောသည်။

“အိမ်လေးတွေကတော့ ခပ်သေးသေးတွေပဲ။ ဒီမနက်အစောပိုင်းက ဖြစ်သွားတာ။ မီးကတော့ ငြိမ်းသတ်နိုင်ပါပြီ။ အားလုံးကို စစ်ဆေးဆောင်ရွက်နေတာတွေ့ရပါတယ်” ဟု ရွှေတောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေက အတည်ပြု ပြောကြားသည်။

အဆိုပါ နေအိမ်သုံးလုံ မီးလောင်ကျွမ်းမှုမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပေါ်စေခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ဖြူဖြူဝင်းအား (ပ)၂၂၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(ပေါ့ဆမှု)တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရွှေတောင်မြို့မရဲစခန်းမှသတင်းရရှိသည်။

မိုးမြေ

Leave a Reply