လိုင်စင်မဲ့ယာဉ်ဖြင့် မြွေ အကောင် (၂၀၀) ကျော် သယ်ဆောင်သူအား ဖမ်းဆီး

0
182

မန္တလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈

ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်-မန္တလေးကားလမ်း၊ လက်ပြတိုင် မီးပွိုင့်၌ စည်းကမ်းပျက် ယာဉ်များအားစစ်ဆေး ဆောင်ရွက်နေစဉ် လိုင်စင်မဲ့ယာဉ်ဖြင့် မြွေ အကောင် (၂၀၀) ကျော် သယ်ဆောင်သူအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ယင်းမြွေများကို သယ်ဆောင်လာသူမှာ မူဆယ်မြို့တွင်နေထိုင်သည့် စိုင်းဆိုင်လင်း (၂၄) နှစ်ဖြစ်ပြီး ၄င်းမောင်းနှင်လာသည့် WISH အနက်ရောင်ယာဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် သက်သေခံအထောက်အထား တင်ပြနိုင်ခြင်း မရှိဘဲ ယာဉ်အားဆက်လက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလပ်စတစ်အိတ် ၆ အိတ်၊ ကော်ခြင်း ၁၆ ခြင်းဖြင့်ထည့်လာသော မြွေမျိုးစုံ ၂၂၂ ကောင် ခန့်တို့အား စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လိုင်စင်မဲ့ယာဉ်ဖြင့် မြွေများသယ်ဆောင်လာသည့် စိုင်းဆိုင်လင်းအား ကျောက်ဆည်မြို့မ ရဲစခန်းတွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဥပဒေအရလည်းကောင်း ၊ တိရိစ္ဆာန်နှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေ အရလည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းမြွေများကို သစ်တောဦးစီးဋ္ဌာနမှ တစ်ဆင့် ရတနာပုံ တိရစ္ဆာန်ဥယျာဉ် သို့ ပို့ဆောင်သွားမည်ဖြစ်သည် ။ ထို့အပြင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာအနီးရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လင်းမြွေ အကောင် (၈၀၀) ကျော်ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – kyaw min win

Leave a Reply