၁၆ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ဆုကြေးများတိုးမြှင့်ပေးမည်

0
191

မန္တလေး၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၈

မန္တလေးမြို့ ကန်တော်ကြီးလူထုအပန်းဖြေဥယျာဉ်၌ ကျင်းပပြုလုပ်မည့် ၁၆ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ဆုကြေးများကို တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မန္တလးမြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန က သိရသည်။

ယခင်နှစ်က ဆုကြေးများကို ပထမဆုအဖြစ် ကျပ်တစ်သိန်းခွဲ၊ ဒုတိယဆု အဖြစ် ကျပ်တစ်သိန်း၊ တတိယဆု အဖြစ် ကျပ်ငါးသောင်းနှင့် နှစ်သိမ့်ဆုအဖြစ် ကျပ်သုံးသောင်း ပေးခဲ့ရာမှ ယခုနှစ်တွင် ပထမဆု အဖြစ် ကျပ်နှစ်သိန်း ၊ ဒုတိယဆုအဖြစ် ကျပ်တစ်သိန်းခွဲ၊ တတိယဆု အဖြစ် ကျပ်တစ်သိန်းနှင့် နှစ်သိမ့်ဆုအဖြစ် ကျပ်ငါးသောင်း တို့ပေးသွားမည်ဖြစ်သည်။

“ကျွန်မတို့ ဒီနှစ်မှာ ထူးထူးခြားဖြစ်အောင် ပြင်ဆင်ထားပါတယ် ။ ဆုကြေးတွေလည်းတိုးပေးထားတယ် ။ ဒီပွဲအတွက် ကျွန်မတို့ဌာန အနေနဲ့ အချိန် လေးလလောက်ကြိုပြီး ပန်းတွေစိုက်ပျိုးရတယ်။ နောက်ပြီး ပြင်ဦးလွင်ပန်းပွဲတော်မှာ ပြတဲ့ ပန်းအချို့ကိုလည်း ဒီပွဲမှာ ပြသွားမယ်”ဟု မန္တလးမြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနခွဲမှူး ဒေါ်မိုးမိုးသန်း က ပြောသည်။

၁၆ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ တောင်သူ (၇၀၀) ကျော် ပြိုင်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်းပွဲတော်၌ စိုက်ပျိုးရေးအသိပညာပေးပြခန်းများ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ပစ္စည်းအရောင်းပြခန်းများအပြင် ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply