ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ဆင်ဖြူရှင်ကို သွားရောက်လေ့လာခဲ့တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကို ပဉ္စမလှိုင်း မီဒီယာမှ တွေ့ဆုံမေးမြန်းထားမှုအား စာဖတ်သူများ ဖတ်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

0
240
မေး – ဆရာခင်ဗျား သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ဆင်ဖြူရှင်ကို သွားရောက်လေ့လာခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီ ပူးပေါင်းစစ်ဆင်ရေး အကြောင်း နည်းနည်းလောက် ရှင်းပြပေးလို့ ရမလားခင်ဗျ။
ဖြေ – ကျွန်တော့်အနေနဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ထုတ်ဝေနေတဲ့ သေနင်္ဂလက်နက်နှင့် နိုင်ငံတကာ စစ်မှုရေးရာမဂ္ဂဇင်း တာဝန်ရှိသူအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ပြုလုပ်တဲ့ တပ်မတော်ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး တစ်ဖက်တပ်ပါ လေ့ကျင့်ခန်း (ဆင်ဖြူရှင်)ကို တက်ရောက်လေ့လာဖို့အတွက် ဖိတ်ကြားခြင်းခံရပါတယ်။ ဒီလေ့ကျင့်ခန်းဟာဆိုရင် တပ်မတော်သမိုင်းမှာ တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်ခဲ့တဲ့ အကြီးကျယ်ဆုံး လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ ၁၉၉၆ ဇန်န၀ါရီလအတွင်းမှာ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ဘုရင့်နောင်နဲ့ နဂါးမင်းဖြစ်ပြီး ဒုတိယအကြိမ်ကိုလည်း ၁၉၉၇ ဇန်န၀ါရီလ အတွင်းမှာပဲ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ဘုရင့်နောင်နဲ့ နဂါးမင်းဆိုပြီးတော့ ဒီဒေသအတွင်းမှာပဲ တပ်မကြီးအဆင့်နဲ့ ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အခု တတိယအကြိမ် လေ့ကျင့်ခန်းမှာတော့ ယခင်အကြိမ်များထက် ပိုပြီးခေတ်မီတဲ့ လက်နက်ကိရိယာတွေ၊ ယာဉ် ယန္တရားတွေ အသုံးပြုပြီးတော့ လေ့ကျင့်ခဲ့ပါတယ်။ လေ့ကျင့်ခန်း စတင်တဲ့ ယ-ရက်ကတော့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်ဖြစ်ပြီး ယ-အပေါင်းတစ်ရက် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။
မေး – အခု ဒီဆင်ဖြူရှင် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း ဆောင်ရွက်တာဟာ ဘာအတွက်ကြောင့် လုပ်ရတာပါလဲ။ မြန်မာနိုင်ငံအတွက် တစ်ကယ်လိုအပ်မှုကော ရှိပါသလား။ အဲဒါလေးလည်း ရှင်းပြပေးပါ။
ဖြေ – ကျွန်တော်တို့ လေ့လာသုံးသပ်ရသလောက်တော့ မြန်မာ့တပ်မတော်အနေနဲ့ ပြည်ပရန်ကျူးကျော်မှုကို ကာကွယ်ဖို့အတွက် ဦးတည်ပြီး လေ့ကျင့်နေတာဖြစ်ပါတယ်။ ပြည်ပကျူးကျော်စစ်ကို ရင်ဆိုင်ရတဲ့ အခြေအနေမှာ တပ်မတော်တစ်ရပ်အနေနဲ့ မတူညီတဲ့ တပ်ဖွဲ့တွေ … ဥပမာ – တပ်မတော်(ကြည်း) ခြေလျင်တပ်ဖွဲ့တွေ၊ ယန္တရားတင် တပ်ဖွဲ့တွေ၊ တင့်တွေ၊ အမြောက်တွေ၊ ဆက်သွယ်ရေး တပ်ဖွဲ့တွေ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့တွေ ပေါင်းစပ်ပြီး အသုံးပြုရသလို တပ်မတော်(ရေ)ကလည်း စစ်ရေယာဉ်တွေ တပ်မတော်(လေ)ကလည်း မတူညီတဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ စသည်အားဖြင့် ပေါင်းစပ်သုံးစွဲရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီလို မတူညီတဲ့ တပ်ဖွဲ့တွေရဲ့ စွမ်းရည်တွေကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့်၊ ပေါင်းစပ်လေ့ကျင့်ခြင်းအားဖြင့် တပ်ဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား အားနည်းချက်၊ အားသာချက်တွေကို သိရှိလာမယ်။ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်တွေ ပိုမိုမြင့်မားလာမှာ ဖြစ်တဲ့အတွက် ဒီလိုလေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ရတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း မဖြစ်မနေ လိုအပ်တယ်လို့ သုံးသပ်နိုင်ပါတယ်။
မေး – ဒီစစ်ဆင်ရေး လေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်ရဲ့ဘဏ္ဍာကို ဖြုန်းတီးနေတယ်လို့ တစ်ချို့သောသူတွေက ဝေဖန်နေတာတွေလည်း တွေ့နေရပါတယ်။ အဲဒါကိုကော ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ – ဒါကတော့ လူတွေအနေနဲ့ အမြင်အမျိုးမျိုး ရှိကြမှာပါ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တစ်ချိန်ချိန် ပြည်ပကျူးကျော်စစ်ကို ရင်ဆိုင်လာရတဲ့ အခြေအနေမျိုးရောက်မှ လက်နက်တွေ ၀ယ်ယူမယ်၊ အဲဒီကျမှ လေ့ကျင့်မယ် ဆိုလို့ရှိရင် ဘယ်လိုမှ အချိန်မီမှာ မဟုတ်ပါဘူး။ လေ့ကျင့်သားပြည့်ဝမှာ မဟုတ်ပါဘူး။ အဲဒီအတွက် အခုလိုမျိုး ကြိုတင်ပြီးတော့ လက်နက်တွေနဲ့ အကျွမ်းတ၀င်ဖြစ်အောင် ၀ယ်ယူတာတွေ၊ လေ့ကျင့်တာတွေ လုပ်ဆောင်နေမှသာ အသားကျမှာ ဖြစ်ပါတယ်။ ဒါမှသာ ပြည်ပကျူးကျော်စစ်ကို မမျှော်လင့်ပဲ ရင်ဆိုင်လာရတဲ့ အခြေအနေမျိုးမှာ တစ်ဖက်ရန်သူကို ခိုင်ခိုင်မာမာနဲ့ ပြန်လည် တွန်းလှန်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေတာ မဟုတ်ပါဘူး။ နိုင်ငံတော် ကာကွယ်ရေး အတွက် ကြိုတင်ရင်းနှီးမြှုပ်နှံနေတယ်လို့ ပြောနိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်အတွက် ကာကွယ်ရေး ကဏ္ဍဆိုတာ ပစ်ပယ်ထားလို့ မရသလို ချက်ခြင်းကောက်လုပ်လို့ မရဘူးလို့ပဲ ပြောချင်ပါတယ်။
မေး – ဒီလေ့ကျင့်ခန်းမှာ ပြည်တွင်းထုတ် လက်နက်တွေကိုပဲ အများဆုံး အသုံးပြုသွားတယ်လို့လည်း သိရပါတယ်။ ဒီအနေအထားကိုလည်း ဘယ်လိုမျိုး မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ – အဲဒါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ “ပြည်တွင်းထုတ် လက်နက်တွေ အများဆုံး အသုံးပြုတယ်။ ပြည်ပက၀ယ်ယူတဲ့ ခဲယမ်းမီးကျောက်တွေကို သုံးစွဲတာ ငါးရာခိုင်နှုန်းထက် မပိုဘူး” လို့ ပြောခဲ့တာ ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် – ၁၂၂ မီလီမီတာ အတွဲလိုက်ပစ် ဒုံးယာဉ်တွေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်တာဖြစ်ပြီး ဒုံးလက်နက်တွေဟာလည်း ပြည်တွင်းမှာ ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ပြည်တွင်းထုတ် လက်နက်တွေကို အခုလိုလေ့ကျင့်ခန်းကြီးမှာ စမ်းသပ်အသုံးပြုခြင်းအားဖြင့် သူတို့ရဲ့ စွမ်းရည်တွေကို သိရှိလာမယ်၊ အားနည်းချက် အားသာချက်တွေကို လေ့လာနိုင်မယ်၊ အနာဂတ်မှာ ပိုမိုကောင်းမွန်လာမယ့် လက်နက်ခဲယမ်းတွေကို တီထွင် ထုတ်လုပ်သွားနိုင်မယ်လို့ မှတ်ချက်ပေးချင်ပါတယ်။
မေး – မြန်မာနိုင်ငံရဲ့ စစ်ရေးအင်အားကို အရှေ့တောင်အာရှမှာ ဘယ်အဆင့်အထိ ရောက်နေပြီလဲလို့ သတ်မှတ်နိုင်ပါသလဲ။ ဆရာ့အနေနဲ့ နှိုင်းယှဉ်လေ့လာထားတာမျိုး ရှိရင် ပြောပြပေးပါ။
ဖြေ – နိုင်ငံတကာမှာတော့ နိုင်ငံတစ်နိုင်ငံခြင်းစီရဲ့ စစ်အင်အားတွေကို သုတေသနပြု လေ့လာသုံးသပ်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတွေရဲ့ စစ်အင်အားဆိုတာကလည်း အမြဲတမ်းမှာ အကုန်လုံးကို ထုတ်ဖော်ပြသလေ့မရှိပဲ လျှို့ဝှက်ထားတာမျိုးတွေ ရှိတာကြောင့် အတိအကျသိနိုင်ဖို့တော့ ခဲယဉ်းပါတယ်။ ဒီလေ့ကျင့်ခန်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တစ်ချို့မီဒီယာတွေက မေးတာရှိပါတယ်။ “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မျှော်မှန်း တည်ဆောက်နေတဲ့ Standard Army ဟာ ဘယ်အဆင့်ထိ ရောက်ရှိနေပြီလဲ” ဆိုတဲ့ မေးခွန်းပါ။ အဲဒီအခါမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘာပြန်ဖြေခဲ့လဲဆိုတော့ “ကျွန်တော်တို့ တပ်မတော်ဟာ Standard Army အဆင့်ကို ရောက်နေတာ မဟုတ်သေးဘူး၊ ဒီအဆင့်ကိုရောက်ဖို့ အများကြီးကြိုးစားရဦးမယ်” လို့ ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောနိုင်တာ တစ်ခုကတော့ ဒီလေ့ကျင့်ခန်းတွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှ ထိပ်ပိုင်း ငါးနိုင်ငံအဆင့်ထဲမှာ ပါဝင်နေနိုင်တယ်ဆိုတာကိုတော့ သုံးသပ်လို့ရပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် မကြာသေးခင်က သတင်းထွက်ပေါ်ခဲ့တဲ့ Sukhoi Su-30 တိုက်လေယာဉ်ပျံ ၀ယ်ယူခဲ့တာဟာဆိုရင် အရှေ့တောင်အာရှမှာ လေကြောင်းအင်အား ချိန်ခွင်လျှာကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
မေး – တစ်ချို့တွေကတော့ ဒီလေ့ကျင့်ခန်းဟာ အခုအချိန်ထိ အရှိန်မသတ်နိုင်သေးတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖိအားပေးနေတာလို့ ဆိုကြပါတယ်။ အဲဒါကော ဟုတ်ပါသလား။ ဆရာ့အမြင်လေး ပြောပြပေးပါ။
ဖြေ – ဒီလေ့ကျင့်ခန်းကြီးရဲ့ အဓိက ရည်ရွယ်ချက်ဟာ အထက်ကပြောခဲ့သလိုပဲ ပြည်ပကျူးကျော်စစ်ကို ရင်ဆိုင်ခုခံနိုင်ဖို့၊ ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကို တိုက်ခိုက် ဖြေရှင်းဖို့ ဒီလောက်ထိ လက်နက်အင်အား၊ လူအင်အား အသုံးပြုဖို့ မလိုအပ်ပါဘူး။ သုံးရမယ့် အခြေအနေလည်း မဟုတ်ပါဘူး။ ပြည်ပကျူးကျော်စစ်ကိုသာ ဦးတည်ချက်ထား လေ့ကျင့်ခဲ့တာဖြစ်လို့ ပြည်တွင်းပဋိပက္ခနဲ့ မသက်ဆိုင်ပါဘူးလို့ မှတ်ချက်ပေးလိုပါတယ်။
မေး – ဒီလေ့ကျင့်ခန်းကနေ ဘာတွေထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်မလဲ။ ဘယ်လိုပြောင်းလဲမှုတွေကို မျှော်လင့်နိုင်မလဲ ဆိုတာကိုလည်း ပြောပြပေးပါ။
ဖြေ – ဒီလေ့ကျင့်ခန်းဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဦးဆုံး ပြန်လည်ပြုလုပ်ခဲ့တဲ့ အကြီးကျယ်ဆုံး ကြည်း၊ ရေ၊ လေ ပူးပေါင်းလေ့ကျင့်ခန်းကြီးလည်း ဖြစ်ပါတယ်။ ကြားထဲမှာတော့ ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ စသည်ဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အသီးသီးပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ တပ်မတော်ရေ အနေနဲ့ Sea Shield အမည်နဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။ ဒီလေ့ကျင့်ခန်းကြီးရဲ့ အနှစ်သာရကတော့ မတူညီတဲ့ တပ်ဖွဲ့ပေါင်းစုံကို တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါင်းစပ်လေ့ကျင့်တာဖြစ်လို့ တပ်ဖွဲ့တွေကြား ဆက်သွယ်မှုတွေ၊ ပူးပေါင်းမှုတွေ၊ နားလည်မှုတွေ ပိုမိုရရှိလာပြီး ပြည်ပကျူးကျော်စစ်ကို မမျှော်လင့်ပဲ ရင်ဆိုင်ရတဲ့ အခါမျိုးမှာ တပ်ဖွဲ့အားလုံး ဟန်ချက်ညီညီ လှုပ်ရှားနိုင်တဲ့ စွမ်းရည်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ လေ့ကျင့်ရေးစွမ်းအား ပိုမိုတိုးတက်လာပြီး ပတ်ဝန်းကျင်က အိမ်နီးချင်း နိုင်ငံတွေကို မိမိနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကားကို ပြသရာရောက်ပါတယ်။ ဒါ့ကြောင့် အနာဂတ်ကာလမှာ မမြင်နိုင်တဲ့ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကြိုတင်ဟန့်တားထားနိုင်တဲ့ အကျိုးကျေးဇူးလည်း ရရှိမှာဖြစ်ပါတယ်။
မေး – ဆရာအနေနဲ့ ဒီလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး တစ်ခြားဖြည့်စွက်ပြောစရာ ရှိရင်လည်း ပြောပြပေးပါ။
ဖြေ – တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်းအပြီးမှာ ပါဝင်လေ့ကျင့်ခဲ့တဲ့ တပ်ဖွဲ့အားလုံးကို သုံးသပ်မိန့်ခွန်း ပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ ဒုတိယနေ့ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် တိုက်လေယာဉ်တစ်ချို့က ရန်သူပစ်မှတ်ကို ပစ်ခတ်လေ့ကျင့်တဲ့အခါ အနည်းငယ် လွဲချော်ထိမှန်ခဲ့တာကို တွေ့ရတယ်၊ ဒါဟာ အနီးအနား ကိုက် ၇၀၀ လောက်မှာ ကျေးရွာတစ်ရွာ ရှိနေတဲ့အတွက် လေသူရဲတွေအနေနဲ့ စိုးရိမ်ပြီး ကြိုတင်ပစ်ခတ်တာ ဗုံးချတာမျိုး ဖြစ်နိုင်တယ်၊ ရာသီဥတု အနေအထားအရ လေတိုက်ခတ်နှုန်းလည်း ပြင်းနေတာကြောင့် လွဲတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါ့အတွက် အနာဂတ်မှာ မြန်မာ့တပ်မတော်ဟာ လမ်းညွှန်ပဲ့ထိန်းဒုံးတွေ၊ ပဲ့ထိန်းဗုံးတွေ အသုံးပြုနိုင်ဖို့ လိုအပ်နေပြီလို့ မှာကြားခဲ့တာ ရှိပါတယ်။ နောက်တစ်ခု ထူးခြားတာက Joint Operation Command Center (JOCC) လို့ ခေါ်တဲ့ ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေး ဌာနကြီးကို ဖော်ပြသွားတာဖြစ်ပါတယ်။ ဒါကို ယခင်က တစ်ခါမှ ဖော်ပြခဲ့ခြင်းမရှိသလို တပ်မကြီးအဆင့်မှာ ဒီလိုစင်တာကြီးတစ်ခု တည်ထောင်ပြီး စစ်မြေပြင်သတင်းအချက်အလက်တွေ ပေါင်းစပ်ညှိနှိုင်း ညွှန်ကြားနိုင်ဖို့ လေ့ကျင့်ခဲ့တာဟာ တပ်မတော်အနေနဲ့ အဆင့်မြင့်စနစ်တွေကို စတင်သုံးစွဲနေပြီဆိုတာကို ဖော်ပြနေပါတယ်။ နောက်ထပ် ထူးထူးခြားခြား တွေ့ရှိရတာက ရွှေ့ပြောင်းနိုင်တဲ့ စစ်မြေပြင်ဆေးရုံတပ်စု ဖြစ်ပါတယ်။ ဒါက ကွန်တိန်နာတွေကို ဆက်စပ်ပြုလုပ်ထားပြီး ကုတင် (၂၀) ဆန့် ရွှေ့ပြောင်းနိုင်တဲ့ ဆေးရုံဖြစ်ပါတယ်။ ဒါတွေကတော့ ထူးခြားလာတဲ့ တိုးတက်မှုတွေလို့ ပြောနိုင်ပါတယ်။
ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ်။
FWN

=============================================================
 
Leave a Reply