ပြုံချန်းဆောင်းရာသီအိုလံပစ်ကျင်းပရန် တစ်ရက်အလိုတွင် မြောက်ကိုရီးယား စစ်ရေးပြပွဲပြုလုပ်မည်

0
187

ပြုံယမ်း ဖေဖော်ဝါရီ ၈

တောင်ကိုရီးယား၌ ဆောင်းရာသီအိုလံပစ်ကျင်းပရန် တစ်ရက်အလိုတွင် မြောက်ကိုရီးယားသည် မြောက်ကိုရီးယားစစ်တပ်တည်ထောင်မှု နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲကို ကျင်းပရန် စီစဉ်နေပြီဖြစ်သည်။

မြောက်ကိုရီးယား၌ နှစ်စဉ်ကျင်းပနေကျ စစ်ရေးပြပွဲကို ဧပြီတွင် ကျင်းပခဲ့သည်မှာ နှစ် ၄၀ ရှိခဲ့ပြီဖြစ်သည်။ သို့သော် စစ်ရေးပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြောက်ကိုရီးယား
နိုင်ငံပိုင် မီဒီယာက ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ၎င်းတို့၏စစ်တပ်တည်ထောင်မှု အထိမ်းအမှတ်အဖြစ် အခမ်းအနားကြီးကျယ်စွာ ကျင်းပလေ့ ရှိသောကြောင့် ယင်းကိုဝေဖန်ပြောဆိုခြင်းကို လက်မခံကြောင်း အလုပ်သမားများပါတီ၏သတင်းစာ ရိုဒွန်ဆင်မွန်ကဖော်ပြခဲ့သည်။ တောင်ကိုရီးယားတွင် ဆောင်းရာသီအိုလံပစ် ကျင်းပမည်ဖြစ်သော ကြောင့် စစ်ရေးပြပွဲကို မကျင်းပသည်က ပိုမိုကောင်းမွန်ကြောင်း အမေရိကန်ကပြောဆိုခဲ့သည်။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွင်း အမေရိကန်အစိုးရအရာရှိများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။ ပြုံယမ်းရှိ လေဆိပ်တစ်ခုနားတွင် တပ်သား ၁၃၀၀၀ နှင့် လက်နက် ၂၀၀ ခန့်ကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိများက လွန်ခဲ့သော လတွင် ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် တာဝေးပစ် ဒုံးကျည်များကို ပြသဖွယ်ရှိနေသည်။

မြောက်ကိုရီးယားစစ်တပ်ကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် တည်ထောင်ခဲ့သော်လည်း စစ်ရေးပြပွဲများကို ဧပြီ ၂၅ ရက်တွင်သာ ပုံမှန်ကျင်းပခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ပြုံချမ်း၌ ဖေဖော်ဝါရီ ၉ မှ ၂၅ ရက်အထိ ကျင်းပမည့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများ မကျင်းပမီတစ်ရက်အလိုတွင် စစ်ရေးပြပွဲပြုလုပ်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျုံသည် ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။ အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်စ်သည်လည်း ဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်မည်ဖြစ်သည်။

မြောက်ကိုရီးယား၏စစ်ရေးပြပွဲများကြောင့် အိုလံပစ်ပွဲတော်၏ အရှိန်ထိခိုက်သွားမည်မဟုတ်ကြောင်း ပြုံချမ်းအိုလံပစ် ပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ လီဟီးဘွမ် ကပြောဆိုခဲ့သည်။ မြောက်ကိုရီးယားအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံသည် ဆောင်းရာသီအိုလံပစ်ပွဲတော်များအတွက် ကုလသမဂ္ဂ အိုလံပစ် စစ်ပြေငြိမ်းရေးဆုံးဖြတ်ချက်ကို ထောက်ခံထားကြောင်း ဟီးဘွမ်က ပြောဆိုခဲ့သည်။ ဆုံးဖြတ်ချက်အရ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများ မကျင်းပမီ ခုနစ်ရက်အလိုနှင့် အိုလံပစ်ပွဲတော်ကျင်းပပြီး ခုနစ်ရက် အကြာကာလအတွင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရန်လိုမှုများကို ရပ်ဆိုင်းထားရမည်ဖြစ်သည်။

BBC

ရိုးမြေ

Leave a Reply