WLC-4ပြိုင်ပွဲတွင်အလဲထိုးအနိုင်ရသူကို ၁၀သိန်းနှင့် တံတောင် တိုက်ကွက်ဖြင့် အနိုင်ရသူကို အပိုထပ်ဆောင်းငွေ သိန်း၂၀ ထပ်မံချီးမြှင့်မည်

0
164

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ၊ ၂၀၁၈

နေပြည်တော်ရှိ ၊၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည့် WLC-4 ပြိုင်ပွဲတွင် တံတောင်ရိုက်ကွက် ဖြင့် အလဲထိုး အနိုင်ရရှိသည့် ကစားသမားကို အပိုထပ်ဆောင်းဆုကြေး ၁၀သိန်းနှင့် တံတောင်တိုက်ကွက်ဖြင့်အလဲထိုး အနိုင်ရသူကို ငွေကျပ်သိန်း ၂၀ အပိုထပ်ဆောင်းငွေချီးမြှင့်မည်ဟု မြန်မာလက်ခမောင်းကုမ္ပဏီမှ ကြေညာလိုက်သည်။

နေပြည်တော်တွင်ပထမဦးဆုံးအကြိမ်ကျင်းပသည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲ WLC-4ကို BARE-KNUCCKLE KING(ဗလာလက်သီးဘုရင်)ဟု ပြိုင်ပွဲခေါင်းစဉ်ပေးထားပြီး တွဲဆိုင်း(၇)ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဆုကြေးပေးအပ်မည့်အစီအစဉ်မှာ အဆိုပါတွဲဆိုင်း(၇)ဆိုင်း အားလုံးနှင့်အကြုံးဝင်ပြီး မူလထိုးကြေးအပြင် ဆုကြေးငွေ ထပ်မံချီးမြှင့်ဖြစ်ကြောင်းသိရသည်။

တံတောင်ရိုက်ချက်ဖြင့်ပွဲသိမ်းအနိုင်ရပါက ဆုကြေးချီးမြှင့်မည် ဟုကြေညာခြင်းမှာ ရိုးရာလက်ဝှေ့သမားများအတွက် သတ်လုံး သတ်ကွက်စုံလင်စွာထိုးသတ်လာစေရန်နှင့် ရိုးရာ လက်ဝှေ့ ကစား သမားများပိုမိုတိုးတက်လာစေရန်ရည်ရွယ် ခြင်းဖြစ်ကြောင်း WLC-3ပြိုင်ပွဲမတိုင်မှီက မြန်မာ လက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက သတင်းမီဒီယာများနှင့်တွေ့ ဆုံစဉ်ပြောဆိုထားသည်။

ပြီးခဲ့သည့် WLC-3ပြိုင်ပွဲတွင် တံတောင်ရိုက်ချက်ဖြင့် အလဲထိုး အနိုင်ရရှိပါက ဆုကြေးငွေသိန်း ၂၀ထပ်ဆောင်းချီးမြှင့် မည်ဟု ကြေညာခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် တံတောင်ရိုက်ချက်ဖြင့် အနိုင်ရရှိသူထွက်ပေါ်ခဲ့ခြင်းမရှိခဲ့ပေ။

WLC-4ပြိုင်ပွဲတွင်ခေါင်ပွဲအဖြစ် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲအတွက် ချန်ပီယံတူးတူးနှင့် ယူကရိန်းနိုင်ငံသားဆိုရိုကင် တို့ယှဉ်ပြိုင်ကျမည်ဖြစ်ပြီး ဒု-ခေါင်ပွဲအဖြစ် စောဘဦး(တောင်ကလေး)နှင့် သပြေညိ(ရွှေဘားလား) ၊ လိုက်ဝယ်တာဝိတ် မြန်မာပြည်ချန်ပီယံဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် စောဒါဝိတ်(တောင်ကလေး)နှင့် ပတ်ကျော်လင်းနိုင်(T&Tသထုံ) နှင့် ဗထူးမောင်(ရတနာပုံ)နှင့်ကျော်ဇင်လတ်(T&Tသထုံ)တို့ယှဉ်ပြိုင်ကျမည်
ဖြစ်ကာ အမျိုးသမီးတွဲဆိုင်းအဖြစ် ရွှေစင်မင်းနှင့် ကမ္ဘောဒီးယားမှ နိုဆရီပေါ့ ၊ လိုက်ဝယ်တာတန်းတွင် သွေးသစ်မောင် (အဖြူရောင် သွေးသစ်)နှင့် လက်သီးမိုး(T&Tသထုံ) ၊လိုက်ဝိတ်တန်းတွင် ချစ်မောင်မောင် (တောင်ကလေး)နှင့် စည်သူ(T&Tသထုံ)တို့၏ တွဲဆိုင်းများကိုထည့်သွင်းထားကြောင်း မြန်မာလက်ခမောင်း ကုမ္ပဏီထံမှသိရသည်။

ကိုဥာဏ်

Leave a Reply