မရွှေရည်ဝင်းအား လူသတ်မုဒိမ်းကျူးလွန်သူကို ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူ

0
180

ရန်ကုန်၊ ဖေဖော်ဝါရီ ၈။ ၂၀၁၈

FDA မှ လက်ထောက်ကြီးကြပ်ရေးမှူး မရွှေရည်ဝင်းအား သားမယား ပြုကျင့် သတ်ဖြတ်ပြီး အလောင်းကိုစွန့်ပစ်ခဲ့သူ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ယနေ့မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြီု့နယ် တရားရုံး တွင် ဒုတိယအကြိမ်ရုံးထုတ် ရမန်ယူခဲ့သည်။

ဒုတိယအကြိမ်ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် တတိယရုံးချိန်းကို အရှေ့ပိုင်း ခရိုင်တရားရုံးသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောင်းလဲ စစ်ဆေးမည်ဖြစ်ကြောင်း မြောက်ဒဂုံတရားရုံးမှသိရသည်။

ယနေ့ရုံးချိန်းတွင် မုဒိမ်းကောင်များသေဒဏ်ပေးရေး လှုပ်ရှားနေသူများ လည်း လာရောက်ခဲ့ပြီး မုဒိမ်းမှုကျူးလွန်သူများကို သေဏ်ပေးရေး အတွက် ဗွီနိုင်းနှင့်ပိုစတာများကိုင်ဆောင်ပြီး တရားရုံးအနီးတဝိုက်တွင် တောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

မြောက်ဒဂုံတရားရုံးတွင် သာမန်ရုံးထုတ်နေသော အမှုများထက် ယနေ့အမှုတွင် ရဲတပ်ဖွဲ့အင်းအားနှင့် တက်ရောက်သတင်းယူသော သတင်းထောက်အင်အား အများအပြားရှိခဲ့သော်လည်း မျိုးဇော်ဦး (ခ) ဆီဒိုးနား ရုံးထုတ်လာရောက်သည်ကို မသိရှိခဲ့ချေ။

“ ကျွန်တော်တို့ တာဝန်ကျနေတဲ့ သူတွေတောင် ဘယ်ချိန် ရုံးထုတ် လိုက်မှန်း မသိဘူး။ တရားရုံနောက် ပေါက်က ထုတ်သွားတာ။ အခုလောက်ဆို အင်းစိန်ထောင်ပြန်ရောက်နေလောက်ပြီ။” ဟု ယနေ့ရုံးချိန်းတွင် လုံခြုံရေးအတွင် တာဝန်ကျသည့် ဒုရဲအုပ်တစ်ဦး က မနက် ၁၀ နာရီခန့်တွင် စောင့်ဆိုင်းနေသည့် သတင်းထောက်များကို ပြောသည်။

ပထမဆုံးရုံးထုတ်ရမန်ယူခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင်လည်း ယင်းကဲ့သို့ တရားရုံး၏ဘေးဖက်အပေါက်မှ ရုံးထုတ်သွားခဲ့ခြင်းလည်း ဖြစ်သည်။ယနေ့ရုံးချိန်ကိုလာရောက်ကြည့်ရှုသူ ပြည်သူအချို့ရှိခဲ့သော် လည်း ပြစ်မှုကျူးလွန်းထားသူကို မတွေ့ရှိခဲ့ရချေ။

အသတ်ခံခဲ့ရသော မရွှေရည်ဝင်းသည် အသေဆုံးမီ ည ၇နာရီခွဲခန့်တွင် ဈေးဝယ်ရန် လှည်းတန်းသို့ ရောက်ရှိနေပြီး နောက်ကျသဖြင့် ကားငှား ပြန်ခဲ့ရာတွင် ၇ နာရီ ၅၀ မိနစ်တွင် ဖုန်းအဆက်အသွယ်မရတော့ကြောင်း သေဆုံးသူမိသားစုက ပြောကြားထားသည်။

ဇန်နဝါရီ ၂၁ ရက်တွင် အသတ်ခံထားရသည့်အမျိုးသမီးအလောင်းအား ဒဂုံမြို့သစ်မြောက်ပိုင်း ၃၃ တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူး တံတားဘေး ကုလားမကျည်းပင်အောက်တွင် အောက်ပိုင်းအဝတ်မပါဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီး မရွှေရည်ဝင်းတွင် ဝတ်ဆင်ထားသော ပလက်တီနမ် ဆွဲကြိုးတစ်ကုံး၊ ပလက်တီနမ် ခြေကျင်းတစ်ခု၊ ပလက်တီနမ်ဆွဲသီးတစ်ရံ၊ SAMSUNG GALAXY A5 ရွှေရောင် ဖုန်းတစ်လုံးနှင့်ပိုက်ဆံအိတ်တစ်လုံး ပျောက်ဆုံးနေသဖြင့် ဖုန်းအမျိုး အစားနှင့် လက်ဝတ်ရတနာများ ကို လာရောက်ရောင်းချပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားရန်အတွက် သက်ဆိုင်ရာ ဆိုင်များသို့အကြောင်းကြား ခဲ့သည်။

ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂နာရီခန့်တွင် ယုဇနပလာဇာရှိ ဖုန်းဆိုင်တစ်ခု သို့ SAMSUNG GALAXY A5 အမျိုးအစားဖုန်းတစ်လုံးကို ဆော့ဝဲလ် အအသစ်တင်ပေးရန် လာရောက်ပြုပြင်သောကြောင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

လာရောက်ပြုပြင်သူကိုစစ်ဆေးရာတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၃ ရပ်ကွက် ပတ္တမြားလမ်းတွင် နေထိုင်သည့် အငှားယာဉ်မောင်း မျိုးဇော်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးရာတွင် ပြစ်မှုကျူုးလွန် ကြောင်းထွက်ဆိုခဲ့ပြီး ၄င်းရင်ဘတ်တွင်လည်း ကုတ်ခြစ်ဒဏ်ရာများကို တွေ့ရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူဟု အတည်ပြုခဲ့သည်။

မျိုးဇော်ဦးထွက်ဆိုချက်အရ ဇန်နဝါရီ ၂၁ ၇က် ည ၇ နာရီ မိနစ် ၄၀ တွင် လှည်းတန်းစင်တာအနီး အင်းစိန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးက ဒဂုံမြို့နယ် မင်းမနိုင်ရပ်ကွက်သို့ ပို့ဆောင်ပေးရန် ကျပ် ၂၅၀၀ ဖြင့်ငှားရမ်းခဲ့ကြောင်း၊ မင်းမနိုင်ရပ်ကွက် နေအိမ်အနီးသို့ရောက်ရှိစဉ် သေဆုံးသူက မော်တော်ယာဉ်အတွင်း ယာဉ်ငှားခပေးခဲ့ရာ အဲကွန်း ဖွင့်ပေးခဲ့ရသဖြင့် ကျပ်တစ်ထောင်ပိုမိုတောင်းခံသည့် ကိစ္စဖြင့် စကားများခဲ့ကြောင်း၊ ယာဉ်ရပ်ပြီး ယာဉ်အတွင်းမှပင် နောက်ခန်းသို့ ကူးကာ အမျိုးသမီး၏လည်ပင်းကို ညှစ်ပြီး ယာဉ်ပေါ်တွင်ပါလာသည့် ဝက်အူလှည့်ဖြင့်လည်ပင်းကို ထိုးလိုက်သဖြင့် အမျိုးသမီးမှာ သတိမေ့ သွားကြောင်း၊ ယာဉ်အား ဒဂုံမြို့သစ်မြောက်ပိုင်းသို့ ပြန်မောင်းခဲ့ရာ ၃၃ ရပ်ကွက် ငါးမာန်အောင်ဘုရားလမ်းပေါ် ဖူဆယ်ဘောလုံးကွင်းအနီး လမ်းနဘေး မှောင်ရိပ်တွင် သတိမေ့နေသည့် အမျိုးသမီးအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ အမျိုးသမီးဝတ်ဆင်ထားသည့် ပလက်တီနမ်ဆွဲကြိုး၊ နားကပ်၊ခြေကျင်း၊ ပိုက်ဆဲအိတ်နှင့် ဖုန်းကိုယူဆောင်ခဲ့ကြောင်း၊ အမျိုးသမီးမှာ သတိမေ့နေရာမှာ သေဆုံးသွားသဖြင့် အလောင်းကို စွန့်ပြစ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို မြောက်ဒဂုံမြို့မရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂၊ လုယက်မှု ပုဒ်မ ၃၉၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆ စသည့်လေးခုဖြင့်တရားစွဲဆိုထားပြီး ယင်းမြို့နယ် တရားရုံးက ဇန်နဝါရီ ၂၅ ရက်တွင် ပထမဆုံးအကြိမ်ရုံးထုတ်ပြီး ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply