ပဲခူးတိုင်းအတွင်းမှ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များ အရေးယူမည့်ကိစ္စ အချိန်တစ်လထပ်တိုး

0
196

ပဲခူး၊ ဖေဖော်ဝါရီ ၈၊ ၂ဝ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များကို အရေးယူဆောင်ရွက်မည့်ကိစ္စအား လုပ်ရှင်များ ပြင်ဆင်ချိန်ရရှိရန် အတွက် အချိန်တစ်လထပ်တိုးခွင့်ပြုပေးလိုက်ကြောင်း မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းရောင်းဝယ် ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ထိုသို့ အရေးယူဆောင်ရွက်မည့်အချိန်ကာလထပ်တိုးသတ်မှတ်ရာတွင် လုပ်ငန်းရှင်များဘက်မှ မြို့နယ်အဆင့် စာရင်း ပေးသွင်းခြင်း၊ ခရိုင် အဆင့်နှင့် တိုင်းအဆင့်ဟူ၍ လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ စာရင်းပေးသွင်းမှုအဆင့်ဆင့် လုပ်ကိုင်ကြ ရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

“အဓိက ကတော့ သူ့အဆင့်လိုက်လုပ်ငန်းတာဝန်တွေ ပြင်ဆင် လုပ်ကိုင်နိုင်ဖို့အတွက် အချိန်တိုးပြီးသတ်မှတ်ပေးလိုက် တာပါ။ နောက်တစ်ခုက လက်ရှိတိုင်းဝန်ကြီးအသစ်ရဲ့ မေတ္တာရပ်ခံမှု လည်းပါတာပေါ့။ သူလည်း အခုမှစပြီး တာဝန်ယူလုပ် ကိုင်ရတာဆိုတော့ အရေးယူတဲ့ အပိုင်းကိုမလုပ်ပါနဲ့ဦး ။ လုပ်ငန်းရှင်တွေနဲ့တွေ့ပြီး သူတို့ရဲ့လိုအပ်ချက်တွေကို အရင် မေးမြန်းတာမျိုးလုပ်ဖို့ ညွှန်ကြား တဲ့အတွက် အခုလိုပြင်ဆင်သတ်မှတ်တာဖြစ်ပါတယ်” ဟု မြန်မာ့ရေနံနှင့် ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုန်းငန်းမှ ပဲခူးတိုင်းဦးစီးမှူး ဦးစိုးလွင်က ပြောသည်။

အထက်ပါ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့မှ အသစ်ခန့်အပ်လိုက်သည့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း အပါအဝင် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်း မှုကို ဖေဖော်ဝါရီ ၆ ရက်နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

“ကျွန်တော်တို့အနေနဲ့ကလည်း ကိုယ့်ရဲ့စီးပွားရေးကို တရားဝင်ပဲ လုပ်ကိုင်လိုကြတာပါ။ ဒါပေမယ့် ဆီဆိုင်တည် ဆောက်ဖို့အတွက် မြေနေရာလျှောက်ထားတဲ့အခါမှာ မလိုလားအပ်တဲ့ အချိန်ကြန့်ကြာ မှုလေးတွေရှိနေတဲ့အတွက် ဒါတွေကို သက်ဆိုင်ရာဌာနတွေဘက်က ဖြေလျှော့လုပ်ဆောင်ပေးဖို့ တင်ပြထားပါတယ်” ဟု ပဲခူးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

တရားမဝင်စက်သုံးဆီအရောင်းဆိုင်များအား အရေးယူဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာ့ရေနံနှင့် ရေန့ထွက် ပစ္စည်းရောင်းဝယ် ရေး လုပ်ငန်းက ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းတွင် ညွှန်ကြားစာထုတ်ပြန် ခဲ့ပြီး အဆိုပါညွှန်ကြားစာအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ဥပဒေနှင့် အညီဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြ ထားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ် ရေး လုပ်ငန်းမှ တရားဝင်ခွင့်ပြုထားသည့် စက်သုံးဆီအရောင်းဆိုင် ၂၂၅ ဆိုင်ရှိပြီး တရားမဝင်ရောင်းချနေသည့်ဆိုင်ပေါင်း ၄ဝ ကျော်ရှိနေကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။

မိုးမြေ

Leave a Reply