စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်တွင် ပြုလုပ်ခဲ့သော Changi Exhibition Show

0
181

အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော လေကြောင်းပြပွဲဖြစ်သည့် Changi Exhibition Show အား စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်တွင် ပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများမှ ၎င်းတို့၏ထုတ်ကုန်များအား လာရောက်ပြသ မိတ်ဆက်ခဲ့သည်။

တစ်နှစ်တစ်ကြိမ်ပြုလုပ်သော လေကြောင်းပြပွဲဖြစ်ပြီး ယခုလေကြောင်း ပြပွဲမှတစ်ဆင့် နယ်ပယ်ပေါင်းစုံမှ စစ်လက်နက်ပစ္စည်းများ၊ အရပ်ဖက် လေကြောင်းလိုင်းများအတွက် လေယာဉ်များ၊ တိုက်လေယာဉ်များ၊ စစ်ဘက်ဆိုင်ရာလေယာဉ်များအား အရှေ့တောင်အာရှဒေသအတွင်း ဈေးကွက်ရရှိစေရန် ထိုးဖောက်ကြသောပွဲဟု ဆိုလျှင်လည်း မမှားပေ။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်စတင်ခဲ့သော Air Show တွင် လက်ရှိ အခြေအနေအထိ Hot New ဖြစ်နေသော သတင်းများအား တင်ပြပေးလိုက်ရပါသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စင်္ကာပူလေကြောင်းပြပွဲတွင် ပါဝင်ပျံသန်း မည့် တိုက်လေယာဉ်တပ်ဖွဲ့များထဲမှ တစ်ခုဖြစ်သော တောင်ကိုရီးယား လေတပ်၏ Black Eagle အလှပြပျံသန်းရေးအဖွဲ့ (Black Eagle Aerobatic Team) သည် ယနေ့ အလှပြပျံသန်းရာတွင် ၎င်းတို့တပ်ဖွဲ့မှ T-50 Golden Eagle တိုက်လေယာဉ်တစ်စီး ပြေးလမ်းချော်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ Black Eagle အလှပြပျံသန်းရေးအဖွဲ့သည် ချန်ဂီလေဆိပ် ပြေးလမ်းပေါ်မှ အသုတ်လိုက်ထွက်ခွာ ပျံသန်းနေစဉ်တွင် နောက်ဆုံးတစ်စီးသည် ပြေးလမ်းမှချော်ထွက်ကာ တိမ်းမှောက်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ပိုင်းလော့မှာ အချိန်မီ ထွက်ခွာနိုင်ခဲ့ သော်လည်း အသေးစားဒဏ်ရာများ ရရှိသွားခဲ့သည်ဟုဖော်ပြထား
သည်။ Black Eagle အလှပြအဖွဲ့သည် ၂၀၁၈ စင်္ကာပူ လေကြောင်းပြပွဲ ၏ အလှပြပျံသန်းရေး အစီအစဉ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပြသခဲ့ခြင်း ဖြစ်သည်။ မတော်တဆဖြစ်ပွားခဲ့သော တိုက်လေယာဉ်သည် Korea Aerospace Industry (KAI) မှ ထုတ်လုပ်သော ပြည်တွင်းဖြစ် အမောင်းသင်တိုက်လေယာဉ် ဖြစ်သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်ပင် ဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့လေတပ် အတွင်း အသုံးပြုရန်အတွက် Bell-412EPI ရဟတ်ယာဉ် ၁၆ စီး ဝယ်ယူ သွားရန် အတွက် အစိုးရအချင်းချင်း (Goverment To Goverment) တိုက်ရိုက်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ဒေါ်လာသန်း ၂၆၁ သန်းတန်သောစာချုပ် (Bell Helicopter သည် Horizon 2) အစီအစဉ်အရ အရှေ့တောင်အာရှ နိုင်ငံများအတွက် အဆင့်မြှင့်တင် ပြောင်းလဲမှုများစွာ ပြုလုပ်ပေးထားသော Bell-412EPI အမျိုးအစား ရဟတ်ယာဉ် ၁၆ စီး ရောင်းချပေးရမည်ဖြစ်သည်။

Bell Helicopter သည် ၂၀၁၅ ခုနှစ်မှစ၍ Bell-412EP အမျိုးအစား ရဟတ်ယာဉ် ၈ စီးအား ဖိလစ်ပိုင်နိုင်ငံသို့ ရောင်းချပေးထားပြီးဖြစ်သည်။ ယခု Bell-412EPI ရဟတ်ယာဉ်များမှာ အင်ဂျင်နှစ်လုံးတပ် ရဟတ် ယာဉ်ဖြစ်ပြီး ပိုမိုအဆင့်အတန်းမြင့်မားသော လေကြောင်း လမ်းညွှန် စနစ်နှင့် ဖန်သားပြင် မောင်းခန်းစနစ် (Glass Cockpit) ပါဝင်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးများနှင့် အမျိုးမျိုး အထွေထွေသော သယ်ယူပို့ဆောင်ရေးတာဝန်များအား ထမ်းဆောင်နိုင်စွမ်းရှိသည်။ ခရီးသည် ၁၄ ဦးထိ လိုက်ပါနိုင် သောကြောင့် ဖိလစ်ပိုင်တပ်မတော်၏ အထူးစစ်ဆင်ရေး တာဝန်များကို လည်း ထမ်းဆောင်နိုင်သော ဘက်စုံသုံး ရဟတ်ယာဉ်များ ဖြစ်လာမည်ဖြစ်သည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းတွင် Changi Exhibition သို့တက်ရောက်ရန် ထွက်ခွာသွားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး ရောက်ရှိပြီး မကြာမီ Changi Exhibition ၏ ဒုတိယမြောက်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရုရှားသတင်းဌာန တစ်ခုဖြစ်သော Sputniknew သတင်းဌာန မှ မြန်မာ့လေတပ်ထံသို့ YAK-130 အမောင်းသင်ဂျက်တိုက်လေယာဉ် ၆ စီး ထပ်မံပေးပို့သွားမည့် သတင်းအား ဖော်ပြခဲ့သည်။

လေကြောင်းပြပွဲသို့ရောက်ရှိနေသော ရုရှားဘက်မှ ကိုယ်စားလှယ် ဖြစ်သူ Petukhov ၏ မေးမြန်းချက်အား ကိုးကား ဖော်ပြထားခြင်း ဖြစ်သည်။ Sputniknew သတင်းဌာန တွင်ဖော်ပြချက်အရ မြန်မာနိုင်ငံအတွက် ဒုတိယအသုတ် အမောင်းသင် တိုက်လေယာဉ် ၆ စီးအား ယခု ၂၀၁၈ ခုနှစ်အတွင်းတွင် အပြီးသတ် ပေးပို့သွားမည်ဟု ဆိုခဲ့သည်။ YAK-130 သည် အမောင်းသင်အပေါ့စား တိုက်ခိုက်ရေး လေယာဉ်ဖြစ်ပြီး မြန်မာ့လေတပ်မတော်တွင် အသုံးပြုရန် အတွက် ၂၀၁၅ ခုနှစ် ကတည်းက စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ပထမအသုတ်အဖြစ် YAK-130 တိုက်လေယာဉ် ၆ စီး မြန်မာ့ လေတပ် တွင် စတင်အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ နောက်ထပ် တိုက်လေယာဉ် ၆ စီး ထပ်မံရောက်ရှိလာတော့မည် ဖြစ်သည်။

စင်္ကာပူလေကြောင်းပြပွဲတွင် ရောက်ရှိနေသော အမေရိကန် လေတပ်အဆင့် အဆင့်မြင့်အရာရှိ ထိပ်ပိုင်းဗိုလ်ချုပ်ဖြစ်သူ General Dave Goldfein မှ အရှေ့တောင်အာရှ နိုင်ငံများ၊ အာရှနိုင်ငံများနှင့် အင်ဒို-ပစိဖိတ် ဒေသအတွင်းနိုင်ငံများ အနေဖြင့် အပေါ့စား တိုက်ခိုက်ရေး လေယာဉ် (Light Attack Aircraft) များအပေါ် ပိုမို စိတ်ဝင်စားလာရန် မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။ အရှေ့ အလယ်ပိုင်းဒေသနှင့် မြောက်အာဖရိကဒေသများတွင် အကြမ်းဖက် သမား တန်ပြန်ချေမှုန်းရေး စစ်ဆင်မှုများအတွင်း ပန်ကာတပ် တိုက်ခိုက်ရေးလေယာဉ်များကို အောင်မြင်စွာအသုံးပြုနေလျှက် ရှိသည်။

Texton AT-6 Wolverine နှင့် Ember A29 Super Tucano တိုက်လေယာဉ်များသည် ပန်ကာတပ်တိုက်လေယာဉ်များ ဖြစ်ကြပြီး မြေပြင်တိုက်ခိုက်ရေး စစ်ဆင်မှုများအား ဂျက်တိုက်လေယာဉ်များ ကဲ့သို့ပင် ပြုလုပ်နိုင်စွမ်းရှိကြသည်။ ပဲ့ထိန်းလက်နက်များ တပ်ဆင် ပစ်ခတ်နိုင်သော အဆင့်မြင့်ပန်ကာတပ် တိုက်လေယာဉ် များဖြစ်ကြ သကဲ့သို့ စစ်ဆင်ရေးကုန်ကျစရိတ်သည်လည်း ဂျက်တိုက်လေယာဉ်များ ထက် အဆပေါင်းများစွာ သက်သာသည်။ အစ္စလာမ်မစ် အကြမ်းဖက် တိုက်ခိုက်ရေးသမားများ၏ နယ်မြေချဲ့ထွင်မှုတိုက်ပွဲများ ရင်ဆိုင်နေရ သည့် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ရွေးချယ်ဝယ်ယူသွားရန် မျှော်လင့်နေကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့လေတပ်တွင် အသုံးပြုရန်အတွက် Su-35 Super Flanker တိုက်လေယာဉ်များ မှာယူသည့် နောက်ဆုံးအဆင့် စာချုပ်အား ရုရှားနိုင်ငံနှင့် ချုပ်ဆိုခဲ့သည်။ Su-35 တိုက်လေယာဉ်သည် ရုရှားလေတပ်၏ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်ဖြစ်ပြီး အင်ဒိုနီးရှား လေတပ် သည် ၎င်းတိုက်လေယာဉ် ၁၀ စီးအား ပိုင်ဆိုင်သွားရန်အတွက် ယခု စင်္ကာပူ လေကြောင်းပြပွဲအတွင်း အပြီးသတ်စာချုပ် ချုပ်ဆို လိုက်ပြီဖြစ်သည်။ ရုရှားစစ်ဘက်နှင့် နည်းပညာ ကော်ပိုရေးရှင်း၏ ဒုတိယဒါရိုက်တာဖြစ်သူ Mikhail Petukhov မှ ရုရှားသတင်း ဌာနဖြစ်သော TASS သို့ အင်တာဗျူးဖြေကြားရာတွင် အင်ဒိုနီးရှားသည် အာရှပစိဖိတ်ဒေသအတွင်း ရုရှားနိုင်ငံ၏ အခြေခံကျသော မိတ်ဖက်ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် ၎င်းတို့တပ်မတော်တွင်အသုံးပြုရန် ချေမှုန်းရေး ရိုင်ဖယ်အသစ်အတွက် ရုရှားနိုင်ငံ၏ နာမည်ကျော် Kalashnikov ချေမှုန်းရေးရိုင်ဖယ်များအား ဝယ်ယူလိုက်ပြီဖြစ်သည်။ Kalashnikov သည် နာမည်ကြီး AK-47 အား ထုတ်လုပ်ပြီးနောက် မျိုးဆက်သစ် ချေမှုန်းရေးသေနတ်များအား ဆက်လက်ထုတ်လုပ်နေဆဲဖြစ်သည်။ Mikhail Petukhov ၏အဆိုအရ ပထမဆုံးတင်ပို့မှုသည် ယခု ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ မည်သည့် အမျိုးအစားဟု ထိုင်းနိုင်ငံဘက်မှ မဖော်ပြသေးသော်လည်း ရုရှားဘက်မှမူ Ak-100 စီးရီးများဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အခြားသတင်းတစ်ခုမှာ ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့၏ ပင်လယ်ပိုင် နက်များဖြစ်သော အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့အား ပိုမိုကာကွယ်သွားနိုင်ရန် ကမ်းလွန်ပင်လယ်ပြင်ကင်းလှည့် လေယာဉ်အသစ်သုံးစီး ဝယ်ယူသွားမည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ T Dirgantara Indonesia (PTDI) မှထုတ်လုပ်သော CN-235-220 လေယာဉ်အား ကမ်းလွန်ကင်းလှည့်လေယာဉ် (MPA) အဖြစ် တည်ဆောက်ပေးထားသည့် အမျိုးအစားများကို ထိုင်းနိုင်ငံ၏ လိုလားချက်များနှင့် ညှိနှိုင်းကာ တည်ဆောက်ပေးရန် အင်ဒိုနီးရှားနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်ဟု ကမ္ဘာကျော် စစ်ဘက်ရေးရာ သတင်း Website ဖြစ်သော Jane’s မှ ရေးသားဖော်ပြထားသည်။

စင်္ကာပူလေကြောင်းပြပွဲ (Changi Aerospace Exhibition Show-2018) သည် ယခုအခါ ခြောက်ကြိမ်မြောက်ကျင်းပခြင်း ဖြစ်သည်။ အာရှ၏ အကြီးမားဆုံးနှင့် အရေးအပါဆုံးသော လေကြောင်းပြပွဲလည်းဖြစ်သည်။ ယခုနှစ်တွင် ကမ္ဘာ့နိုင်ငံ ၅၀ မှ ကုမ္ပဏီပေါင်း ၁၀၆၂ ခုပါဝင်ပြသခဲ့ပြီး ကမ္ဘာ့ထိပ်သီးကုမ္ပဏီ ၁၀၀ အနက် ၆၅ ခုမှ ၎င်းတို့ထုတ်ကုန်များအား မိတ်ဆက်ဖော်ပြခဲ့သည်။ Global Aerospace Market ဟုခေါ်ရလောက်သည်အထိပင် အာရှ ဈေးကွက်အား ထိုးဖောက်နိုင်မည့် ပြပွဲအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

ကမ္ဘာ့တိုက်လေယာဉ်တင်ပို့မှု ဈေးကွက်တွင် အာရှတိုက်သည် ၂၄ ရာခိုင်နှုန်းအထိ နေရာယူထားသည်။ ကျန်ခဲ့သော ဆယ်နှစ်အတွင်း ဂျက်လေယာဉ် ၅၆၁ စီး အာရှတိုက်သို့ရောက်ရှိလာပြီး ဒေါ်လာဘီလီယံ ၄၀ ဖိုးနီးပါးပင်ဖြစ်သည်။ အဆိုပါ လေယာဉ်များအနက် ၁၂၈ စီးမှာ အာဆီယံနိုင်ငံများနှင့် သြစတေးလျလေတပ်တို့ထံသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ အာရှတိုက်၏ တိုက်လေယာဉ်ဈေးကွက်မှာ အရှေ့အလယ်ပိုင်းဒေသပြီးလျှင် ဒုတိယအကြီးမားဆုံးပင်ဖြစ်သည်။ အရှေ့တောင်အာရှ၏ တိုက်လေယာဉ်ဈေးကွက်မှာလည်း ကြီးမား သည်ထက် ကြီးမားလာပြီး ကုမ္ပဏီကြီးများသည် ၎င်းတို့၏ ဈေးကွက်အား ထိုးဖောက်ရန် တစ်ခုတည်းကျန်ရှိနေသော နေရာလည်းဖြစ်သည်။ အရှေ့တောင်အာရှဈေးကွက်အား ချုပ်ကိုင်ထားသော အရာများသည် အခြားဒေသများကဲ့သို့ပင် နောက်ခံသမိုင်းများ နိုင်ငံရေးအခြေအနေများ ကမ္ဘာ့ထိပ်သီး ပါဝါချုပ်ကိုင်မှု အပြောင်းအလဲများ ဒေသတွင်းလုံခြုံမှုများ မိမိပိုင်နက်အား ကာကွယ်စောင့်ရှောက်လိုမှုများ စသည်တို့ ရောပြွမ်းလျှက်ရှိသည်။

ယခင်ကတည်းက အမေရိကန်၊ ရုရှား၊ တရုတ်တို့၏ လက်နက်တင်ပို့ မှုများ သည် အာဆီယံတွင် နေရာတစ်ခုယူထားပြီဖြစ်ပြီး သိသာ ထင်ရှားစွာ ထိုးဖောက်လာသောဈေးကွက်မှာ အာရှနိုင်ငံဖြစ်သည့် တောင်ကိုရီးယား၏ ပြည်တွင်းထုတ်ကုန်ဈေးကွက် ဖြစ်သည်။ တောင်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ပြည်တွင်းထုတ်တိုက်လေယာဉ် T-50 Golden Eagle အား ဈေးကွက်ပိုမို ရရှိစေရန် ထိုးဖောက်နေ သကဲ့သို့ပင် KF-X အလတ်စားကိုယ်ပျောက်လေယာဉ် စီမံကိန်းအား လည်း တိုးချဲ့နေကြောင်း တွေ့ရသည်။ KF-X သည် အာဆီယံ နိုင်ငံဖြစ်သော အင်ဒိုနီးရှားနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အဆိုပါ တိုက်လေယာဉ်၏ အနာဂတ်ဈေးကွက်မှာ အာဆီယံ ဒေသနိုင်ငံများမှပင် စတင်သွားဖွယ်ရာရှိနေသည်။

အမေရိကန်သည် F-35 တိုက်လေယာဉ်များအား စေလွှတ်ပေးပို့ထားပြီး လုံခြုံရေးဆိုင်ရာ မဟာမိတ်နိုင်ငံဖြစ်သော စင်္ကာပူအတွက် F-35 ကိုယ်ပျောက်တိုက်လေယာဉ်ဝေစုအား ရောင်းချသွားရန် အသင့်ရှိနေ ကြောင်း ပြသခဲ့သည်။ စင်္ကာပူနိုင်ငံ၏ ST Engineering သည် ၎င်းတို့၏ ပြည်တွင်းဖြစ် လက်နက်မျိုးစုံအား ပြသခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ Su-35 တိုက်လေယာဉ် ဝယ်ယူခြင်း၊ မြန်မာနိုင်ငံ၏ Su-30 တိုက်လေယာဉ် ဝယ်ယူခြင်းများသည် ဒေသတွင်း လေကြောင်းစွမ်းအား အပြောင်းအလဲတစ်ခုအား ဦးတည်နေပြီဖြစ်ကြောင်း ခန့်မှန်းရသည်။ အချုပ်အားဖြင့်ဆိုလျှင် ကမ္ဘာ့တိုက်လေယာဉ် ဈေးကွက်တွင် ဒုတိယမြောက် အကြီးဆုံး အာရှဈေးကွက်အတွက် ယခု Air Show မှာ များစွာအရေးပါလှကြောင်း ထင်ရှားပါသည်။ စင်္ကာပူလေကြောင်းပြပွဲအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အများပြည်သူများနှင့် နိုင်ငံခြားလေ့လာသူများပါ ဝင်ကြေးပေးပြီး ဝင်ရောက်လေ့လာနိုင်ကြောင်း ဖော်ပြလိုက်ရပါသည်။

ဇွဲထွဋ်ဦး

Leave a Reply