ကျိုက္ကစံစေတီတော်ရန်ပုံငွေ အလွဲအသုံးမှုကို မြို့နယ်သံဃနာယက အဖွဲ့ရှင်းလင်း

0
166

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၈

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော် ရန်ပုံငွေကို ယခင်ဂေါပကအဖွဲ့ဟောင်းများက အလွဲအသုံးပြုမှု အတွက် သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့မှ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၉ရက်နေ့တွင် ဆ/ခရပ်ကွက်ရှိ ဓမ္မာလောက ကျောင်းတိုက် တွင် ပြုလုပ်ခဲ့သည်။

ကျိုက်က္ကစံစေတီတော် အနောက်ဘက်မုဒ်ရှိ ဘုရားပိုင်မြေ(၀တ္တကမြေ) မဟုတ်သည့် စည်ပင်ပိုင်မြေပေါ်တွင် ပေ၅၀၀ကျော်ရှည်ပြီး ကုန်ကျငွေ ကျပ်သိန်းသုံးရာကျော်ကုန်ကျမည့်ရေမြောင်းတစ်ခုအား ဘုရားပိုင် ရန်ပုံငွေဖြင့်အလွဲအသုံးပြု ဖောက်လုပ်ခြင်းကို ယခင်ဂေါပကဟောင်းများ ကပြုလုပ်ခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘန္တဒ္ဒဦးသောဘနက သတင်းမီဒီယာများကိုမိန့်ကြားခဲ့သည်။

“စစ်ကိုင်းဆရာတော်ကြီးကသြ၀ါဒပေးထားတာက ဘုရားရဲ့ ဘဏ္ဍာငွေသည် ဘုရားရဲ့ ၀တ္တကမြေအတွင်းမှာပဲသုံးရ မယ်။ ၀တ္တကမြေအတွင်းမှာပဲအသုံးပြုမှုမရှိရင်လည်းပဲ သြ၀ါဒဆရာတော် တွေရဲ့ သြ၀ါဒကိုခံယူရမယ် ။ မြို့နယ်သံဃနာ ယကအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာတို့ရဲ့ခွင့်ပြုချက်ကိုယူပြီးမှသာ ဘုရားရဲ့ဘဏ္ဍာငွေကိုသုံးရ မယ်”ဟု ဆရာတော်ဦးသောဘနက မိန့်ကြားသည်။

လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်၏ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လမ်းများဖောက်လုပ်ခြင်း ၊ ရေမြောင်းတိုးချဲ့ခြင်းများ ဆောင်ရွက်လျက် ရှိပြီး အဆိုပါ ဖွံ့ဖြိုးရေးအစီအစဉ်ကိုစောင့်ဆိုင်းခြင်းမရှိပဲ ဘုရားမြေ အပြင်ဘက်တွင် ရေမြောင်းတူး ဖော်ခြင်းကိုပြုလုပ်ခဲ့ခြင်းအား သံဃနာယကအဖွဲ့မှအစည်းအဝေးခေါ်၍အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့ပြီး ၂၀၁၇ ဇွန် လ ၁၀ရက်နေ့တွင် တားမြစ်စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရေမြောင်းဖောက်လုပ်မှုတွင် အရှည် ၁၁၇ပေအထိဖောက်လုပ်ခဲ့ပြီး သိန်းပေါင်း၁၄၀ခန့်အသုံးပြုခဲ့ပြီးဖြစ်ကာ ယခင်ဂေါပကအဖွဲ့ဟောင်းကို သြဂုတ်လတွင် မြို့နယ်သံဃနာယကအဖွဲ့က ယာယီဂေါပကအဖွဲ့ဖြင့် အစားထိုးခဲ့ပြီး ဂေါပကအဖွဲ့အသစ်ပြန်လည်ဖွဲ့ စည်းနိုင်ခဲ့ခြင်း မရှိသေး ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး နှုတ်ထွက်သွားသည့် ဂေါပကအဖွဲ့ဝင်များ နေရာတွင်အစားထိုးခန့်အပ်ရန်နှင့် အပြစ်မရှိသည့်ဂေါပကအဖွဲ့ဝင် များကို ပြန်လည်ခန့်ထားရန် ဖေဖော်ဝါရီ လ၂ရက်နေ့က ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း သိရသည်။

ယခင်ဂေါပက ဒုတိယဥက္ကဋ္ဌ(၁) ဦးကိုကိုကြီးအပါအ၀င် ၅ဦးက ညွှန်ကြားစာအရ ၎င်းတို့ကိုနိုင်ငံတော်သံဃမဟာနာယ အဖွဲ့က ဂေါပကအဖြစ်ပြန်လည်ခန့်အပ်ပြီးဖြစ်သဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်ကာ မူလတာဝန်များကိုပြန်လည် ထမ်းဆောင်မည်ဖြစ်ပြီး လစ်လပ်နေသည့်ဂေါပကအဖွဲ့ရွေးချယ်ခြင်းလုပ်ငန်းများကို သြ၀ါဒစရိယဆရာတော်များထံ တွင်လမ်းညွှန်ချက်ခံယူမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် သြ၀ါဒခံယူပွဲပြု လုပ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ သံဃအဖွဲ့အစည်းများနှင့် သာသနာရေး အဖွဲ့အစည်း များထံသို့ ဖေဖော်ဝါရီ (၇)ရက်နေ့က အကြောင်းကြားစာပေးပို့ ခဲ့သည်။

လက်ရှိအချိန်တွင် ကျိုက္ကစံစေတီတော်ဂေါပကအဖွဲ့ရုံးတွင် ယခင်ဂေါပက အဖွဲ့ဟောင်းများနှင့် ယာယီဂေါပကအဖွဲ့တို့ ရုံးလုပ်ငန်းများကို ဆောင် ရွက် လျက်ရှိကြောင်း ဂေါပကအဖွဲ့ရုံး၏၀န်ထမ်းတစ်ဦးကဆိုသည်။
ဂေါပကအဖွဲ့နှစ်ဖွဲ့နှင့်တွေ့ဆုံမေးမြန်းရန်အတွက် ပဉ္စမလှိုင်းမှ ဓမ္မာ လောက ကျောင်းတိုက်သတင်းစာရှင်းလင်းပွဲအပြီး တွင် ကျိုက္ကစံ စေတီတော် ဂေါပကအဖွဲ့ရုံးသို့ ယနေ့မွန်းလွဲ ပိုင်းက သွားရောက် ခဲ့သော်လည်း နေ့လယ်ခင်းအချိန်တွင် ရုံးဆင်းသွားပြီဟု သာပြန်လည်ဖြေကြားခဲ့သည်။

ကိုဥာဏ်

Leave a Reply