စော်ဘွားများ လက်ထက်ကတည်းက တည်ရှိခဲ့သည့်သမိုင်းဝင် နန်းပန်ဈေးအား သာယာလှပအောင်ဆောင်ရွက်မည်

0
142

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈။

ရှမ်းပြည်နယ်/တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ စော်ဘွားများလက်ထက် ကတည်းက တည်ရှိခဲ့သည့် သမိုင်းဝင် နန်းပန်ဈေးအား သာယာလှပ အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ရွှေမြို့ စည်ပင်သာယာ ရေးဌာနမှ သိရှိရသည်။

“နန်းပန်ဈေးဟာ အင်းလေးဒေသမှာအကြီးဆုံးသမိုင်းဝင်ဈေးဖြစ်နေတော့ စက်လှေကနေဆိပ်ကမ်းတွေ ကပ်လာပြီဆိုတာနဲ့ ဈေးရဲ့ဥပဓိရုပ် ကောင်း ဖို့ အတွက်ကု ကျွန်တော်တို့ကဆိုင်းဘုတ်တွေပြင်တာတို့ သာယာ လှအောင် ပန်းအလှတွေစိုက်တာတို့ကို ပြုပြင်ဆောင်ရွက်ပြီးတော့မှ ခြံစည်းရိုးတွေရဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ဆောင်ပေးသွားမှာပါ။ ဒီဈေးဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်များ ၀င်ထွက်သွားလာမှု အများဆုံးနေရာလည်းဖြစ်တယ်။ ရှေးယခင်စော်ဘွားတွေ လက်ထက် ကတည်းကရှိခဲ့တဲ့ဈေးပါ”ဟု ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်သူရဆွေ ကပြောသည်။

အဆိုပါ ဈေးအား ဆိုင်းဘုတ်တည်ဆောက်ရေး၊ ခြံစည်းရိုးကာရံရေးနှင့် ဈေးအနောက်ဘက် မျက်နှာသာ (လှေဆိပ်)ဘက်နှင့် ချောင်းရိုး တစ်လျှောက်တို့ရှိ အမှိုက်မြတ်တို့အား ရှင်းလင်းခြင်း၊ ကမ်းနှာဖူးတွင် ဈေးပတ်လမ်းတည်ဆောက်ရန် စီစဉ်ထားခြင်း၊ ပန်းအလှခုံများ တည်ဆောက်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုအပြင် ဈေးဆိုင်းဘုတ်အသစ် တည်ဆောက်ခြင်း၊ ဈေးမြောက် ဘက်တွင် ဈေးခြံစည်းရိုးအား သံဇာကာဖြင့် ကာရံခြင်းနှင့် ကား လမ်းပေါ် တွင်ရောင်းချနေသည့် ပျံကျဈေးသည်းများအား ဈေးအရှေ့ဘက် မြေ ကွက်လပ် အလွှတ်တွင်လည်းကောင်း၊ သားငါးဆိုင်ခန်းများအား ဈေးမြောက် ဘက်တွင် ထားရှိသွားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

နန်းပန်ဈေးသည် ဈေးဆိုင်ခန်းပေါင်း ၁၀၉၂ ခန်းနှင့် ပျံကျဈေးသည်ပေါင်း ၅၂၀ ဦး ဖွင့်လှစ်ရောင်းလျက်ရှိပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်များ အများဆုံး ၀င်ရောက်လေ့လာ လည်ပတ်သည့် ဈေးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply