ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်တွေကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့အတွက် တင်ပြအပ်ပါတယ်။

0
228

အရင်ဆုံးတင်ပြချင်တဲ့သတင်းကတော့ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေဆီကို ကူးသန်းခိုးဝင်ပြီး ၀င်ရောက်နေကြပါတယ်။ ဘင်္ဂါလီတစ်ဦးကို ငွေသိန်း ၅၀ ကနေ နောက်ဆုံး ၅သိန်း ၁၀ သိန်း စသဖြင့် လိုရာခရီးအရောက် ပို့ပေးနေသူတွေလည်း ရှိနေကြပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ကြုံရင် ကြုံသလို ရရင် ရသလို ဆက်တိုက်ဖမ်းဆီး အရေးယူဆောင်ရွက်နေတာတွေလည်း သတင်းတွေထဲမှာ ရက်ခြား မြင်တွေ့နေရပါတယ်။ဒါပေမယ့်လည်း သွားနေလာနေကြဆဲပါပဲ။ ရခိုင်ကနေ ဧရာဝတီ ၊ ရန်ကုန် ၊ မြိတ် ၊ ကော့သောင်း စသဖြင့် နေရာအစုံကို ဘင်္ဂါလီတွေ စိမ့်ဝင်စီးဆင်းနေတာဟာ ရေရှည်မှာ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်တော့ မဟုတ်ပါဘူး။အခု သတင်းတွေမှာ ဖတ်နေ မြင်နေရတာက ဖမ်းဆီးရမိတဲ့ သတင်းတွေသာ ဖြစ်ပါတယ်။မဖမ်းမိဘဲ ဘယ်လောက် များများ လွတ်သွားကြပြီလဲ။ လွတ်သွားတဲ့လူတွေကို ဘယ်လိုပြန်စိ စစ်ကြမလဲ။ ဒါတွေကို သက်ဆိုင်ရာ ပြည်ထဲရေးနဲ့ လ.၀.က က အချိန်မီဆောင်ရွက်ဖို့ လိုပါတယ်။ သည်လိုမှမဟုတ်ရင်တော့ မြေမြိုလို့ လူမျိုးမတုန်းဘဲ လူမြိုလို့ လူမျိုးတုန်းမယ့်အရေးကိစ္စတွေ နောင်အနာဂတ်မှာ ဆက်ဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

အခုတစ်ခါ တင်ပြချင်တာကတော့ ရှေ့နေဦးကိုနီကို သတ်ခဲ့တဲ့ ကြည်လင်းနဲ့ အပေါင်းအပါတွေကို စွဲချက်တင်လိုက်တဲ့သတင်းလေး တင်ပြချင်ပါတယ်။မြောက်ပိုင်းခရိုင်တရားရုံးမှာ စွဲချက်တင်လိုက်တဲ့ ကြည်လင်းတို့အမှုမှာ အမြင့်ဆုံး သေဒဏ်အထိ ကျခံနိုင်တဲ့ ပြစ်ဒဏ်တွေလည်း ပါဝင်နေပါတယ်။ ကြည်လင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ခ)/၃၄နဲ့ လည်းကောင်း ကိုနေဝင်းကိုသတ်မှုဖြင့် ၃၀၂ (၂)ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/ ၃၄ နဲ့လည်းကောင်း၊ ဇေယျာဖြိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ နဲ့လည်းကောင်း၊ အောင်ဝင်းထွန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂ နဲ့လည်းကောင်း အသီးသီးစွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်မြောက်နေတဲ့ အောင်ဝင်းခိုင် ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၈ အရ တရားခံပြေးအဖြစ် သတ်မှတ်လိုက်ပြီး ၄င်းအားမည်သည့်နေရာတွင်တွေ့ရှိသည်ဖြစ်စေ အာဏာပိုင် အဖွဲ့အစည်းများသို့ ဖမ်းဆီးအပ်နှံနိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါအမှုဟာ အချိန် တစ်နှစ်ကျော်အထိ ကြာလာခဲ့ပြီး ယခုအထိ မပြီးပြတ်သေးပါဘူး။ နောက်ကွယ်က ကြိုးကိုင်သူဖြစ်တဲ့ အောင်ဝင်းခိုင်ကလည်း အခုချိန်အထိ ပုန်းလို့ ကောင်းနေတုန်းပါပဲ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ အောင်ဝင်းခိုင်ကို ဘယ်လိုများ ဖမ်းမိမလဲ ဆိုတာကတော့ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရမယ့် ကိစ္စဖြစ်နေပါတယ်။ ရာဇ၀တ်ဘေးဆိုတာ ပြေးမလွတ်ဘူးလို့ ကြားဖူးခဲ့ပါတယ်။ အောင်ဝင်းခိုင်တစ်ယောက်ကို ဖမ်းမိမှသာ ဦးကိုနီကို ဘာကြောင့် သတ်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို တိတိကျကျဖော် ထုတ်နိုင်မှာ ဖြစ်တဲ့အတွက် အမြန်ဆုံး ဖမ်မိနိုင်ပါစေလို့ ဆုတောင်း လိုက်ရပါတယ်။

အခုတင်ပြမှာကတော့ ကာစီနိုတွေ မြန်မာနိုင်ငံမှာဖွင့်ဖို့ ၀န်ကြီးဌာနကို တင်ပြနေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကာစီနို လုပ်ငန်းများကို တရားဝင်ခွင့်ပြုပေးနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေး ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က နေပြည်တော် လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ သည်လိုဖွင့်လှစ်ဖို့အတွက် အဓိက လိုအပ်နေတာကတော့ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လက်ရှိလောင်းကစား ဥပဒေကို လိုအပ်သလို ဖြေလျော့ဖို့ပဲ ဖြစ်ပါတယ်။ ကာစီနိုတွေကနေ အခွန်ရဖို့အတွက် ပြည်ပခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် ဖွင့်မယ်ဆိုတာကိုတော့ ဘာမှ မပြောလိုပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ဥပဒေကို လက်တလုံးခြားလုပ်ပြီး လုပ်ကိုင်နေတဲ့ အကြွေစေ့ဂိမ်းဆိုင်းတွေ ချဲဒိုင်တွေ ကြိတ်ကစားနေကြတဲ့ ဖဲဝိုင်းတွေ အများအပြားရှိနေပါတယ်။ ဘယ်သူမှ ထိထိရောက်ရောက် မဖမ်းနိုင်သေးပါဘူး။ ဟိုလူကြီးရဲ့ ဆိုင်မို့လို့ ဒီလူကြီးရဲ့ မိန်းမဆိုင်မို့လို့နဲ့ လိုင်းကြေးလေး ပုံမှန်ယူပြီး လုပ်စားနေကြတဲ့ ဖြစ်စဉ်တွေ အများကြီး ရှိနေပါတယ်။ အခု ကာစီနိုကိစ္စမှာလည်း နိုင်ငံခြားသား တွေအတွက်လို့ ခေါင်းစဉ်တပ်ထားပေမယ့် မြန်မာနိုင်ငံသားတွေလည်း ၀င်မလာဘူး ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ၀ိုင်းရှိရင်တော့ လူကတော့ ရှိနေမှာပါပဲ။ ဒါကြောင့် ကာစီနိုတွေသာ အမှန်တကယ် ဖွင့်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက လူလတ်တန်းစားပြည်သူတွေနဲ့ အထက်တန်းစား ပြည်သူတွေအတွက် ငွေသုံးဖြုန်းစရာ ခွင်တစ်ခု ထပ်မံဖြစ်ပေါ် လာတော့မှာပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း အခွန်အတုပ်ရဖို့ တစ်ခုကိုသာ မကြည့်ဘဲ ကိစ္စတစ်ခု လုပ်ငန်းတစ်ခုရဲ့ နောက်ကွယ်ကနေ ဖြစ်လာနိုင်မယ့် အဆိုးရွားဆုံး အခြေအနေတွေကို သေချာ သုံးသပ်ပြီးမှသာ ဆောင်ရွက်ခွင့်ပြုသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လူသတ်မုဒိမ်းကျင့်တဲ့တရားခံကို ခိုးကြောင်ခိုးဝက်ရုံးထုတ်တဲ့ သတင်းလေး ကို တင်ပြပါရစေ။ FDA က လက်ထောက်ကြီးကြပ်ရေးမှူးလေးကို လူသတ် ပစ္စည်းယူ မုဒိမ်းကျင့်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး ကို မြောက်ဒဂုံမြို့နယ်ကတရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ အခုလို ရုံးထုတ်မှာ တရားခံကို အများပြည်သူ မြင်မှာစိုးရိမ်လို့ပဲလား ကာကွယ်ပေးချင်လို့ပဲလားတော့ မသိပါဘူး။ ရုံးထုတ်တဲ့ကိစ္စကို တရားရုံးက လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတောင်မသိလိုက်ရပါဘူး။ဒါဟာ အခုမှဖြစ်တာတော့ မဟုတ်ပါဘူး။ ပထမအကြိမ်ရုံးထုတ်တုန်းကလည်း အခုလိုပဲ ပွင့်လင်းမြင်သာမှုမရှိဘဲ ပုန်းလျှိုပြီး ရုံးထုတ်သွားခဲ့ပါတယ်။ ဒုတိယအကြိမ်ရုံးထုတ်တဲ့နေ့မှာတော့ မြောက်ဒဂုံ တရားရုံးအရှေ့မှာ မုဒိမ်းမှုကို သေဒဏ်ပေးရေးအတွက် လှုပ်ရှားမှုတွေကို အဖွဲ့အစည်းတွေ နဲ့ ပြည်သူတွေက ပြုလုပ်ခဲ့ကြပါတယ်။ တရားရုံးအနေနဲ့ သည်လို ကိစ္စတွေ ရုံးအရှေ့မှာ ဖြစ်နေတဲ့အတွက် တောင်းဆိုနေတဲ့အတွက် ပြသနာ မဖြစ်ရလေအောင် ရှောင်ရှားပြီး ရုံးထုတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း အမျိုးသမီးတွေကို စိတ်ဒဏ်ရာ ရအောင် ဘ၀လုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်အောင် ပြုလုပ်ကျူးလွန်ခဲ့တဲ့ လူတစ်ယောက်ကို အကောင်းဆုံး အကာကွယ်ပေးပြီး ရုံးထုတ်ခဲ့တာကတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တရားရေးကဏ္ဍအနေနဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ရေး အတွက်သာ ဆောင်ရွက်သင့်ပါတယ်။ ကျူးလွန်သူတွေကိုလည်း အများပြည်သူ မြင်အောင် သိအောင် ထုတ်ဖော်ပြသသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အခုတင်ပြမှာကတော့ ဆန္ဒပြကျောင်းသားတွေရဲ့ သတင်းပဲ ဖြစ်ပါတယ်။ မန္တလေးရတနာပုံတက္ကသိုလ်မှာ ပညာရေးအသုံးစရိတ်တိုးမြှင့်တောင်းခံလို့ ပညာသင်ကြားခွင့်ရပ်ဆိုင်းခံထားရတဲ့ ကျောင်းသား ၅၆ ဦးကို ခံဝန်တွေ မထိုးခိုင်းဘဲ ကျောင်းပြန်တက်ခွင့်ပြုလိုက်ပါတယ်။ သည်လို ကျောင်းပြန် တက်ခွင့်ပေး ဖို့အတွက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မကွေးတိုင်းဒေ သကြီးအစိုးရရုံးမှာ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်း နှင့် ဗကသ ကျောင်းသားများ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။အခုလို ပြန်လည်ခွင့်ပြုပေးတာဟာ တည်ဆဲ အစိုးရအတွက် ကောင်းတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ လည်း မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် လိုအပ်ချက်တွေကို တောင်းဆို တောင်ခံနေတဲ့အပေါ် နားလည်မှု ပေးနိုင်ပေမယ့် မလိုအပ်ဘဲ အတိုက်အခံအသွင်ဆောင်ပြီး အစိုးရအပေါ် အကြပ်ရိုက်အောင်တော့ မလုပ်သင့်ပါဘူး။ အကယ်၍သာ ယခုလို ကျောင်းပြန်တက်ခွင့် မရဘဲ ကျောင်းကနေ ပညာသင်ခွင့် ရပ်ဆိုင်းခံရမယ်ဆိုရင် အရင်ဆုံး ထိခိုက်နစ်နာမှာ မိမိတို့ကိုယ်တိုင်သာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာသင်ကြားနေချိန်မှာ မဖြစ်သင့်တာ မဖြစ်ထိုက်တာတွေကို ခေတ္တဘေးဖယ်ထားပြီး ကိုယ့်ပညာရေးကိုသာ ဆုံးခန်းတိုင်အောင် ကြိုးစားသင်ယူကြပါလို့ အကြံပြုလိုက်ပါတယ်။

အခုအပတ်မှာ Reuters သတင်းဌာနက အဖမ်းခံထားရတဲ့ သတင်းထောက်နှစ်ယောက်ရေးခဲ့တဲ့သတင်းကို Reuters သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ သည်သတင်းဖော်ပြပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေကြားထဲမှာ သတင်းသမားနှစ်ဦးကို အစိုးရက ဘာကြောင့်ဖမ်းရသလဲဆိုတာ ပိုပြီး ထင်သာမြင်သာ ဖြစ်စေခဲ့ပါတယ်။ အင်ဒင်ရွာက ဘင်္ဂါလီတွေ အသတ်ခံရတဲ့ သတင်းကို ကွင်းဆင်း စုံစမ်းပြီးရေးသားတင်ဆက်ထားခြင်းဖြစ်ပါတယ်။ သည်သတင်းကို Reuters က တင်ပြမလာခင်မှာ တပ်မတော်ကလည်း အဆိုပါဖြစ်စဉ် အတွက် သတင်းထုတ်ပြန်ချက်တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ Reuters နဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ကွဲလွဲချက်တချို့လည်း ပါဝင်နေပါတယ်။ ဒီကိစ္စအတွက် အချက်အလက်ကွဲလွဲနေမှုတွေအပေါ် စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညွှန့်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောထားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေဟာ မြန်မာအစိုးရအပေါ် နိုင်ငံတကာက ဖိအားပေးဖို့အတွက် အကောင်းဆုံးသော အခြေအနေတွေပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို အများသူငါနဲ့ ကမ္ဘာက အထင်မလွဲရလေအောင် သတင်းတွေကို ထုတ်ပြန်ပေးခဲ့တာတွေ ရှိပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့လည်း အဆိုပါ ဘင်္ဂါလီတွေ အသတ်ခံရတဲ့ ဖြစ်စဉ်အတွက် သတင်းထုတ်ပြန်မှုတွေ ဆောင်ရွက်ခဲ့သလို သတ်ဖြတ်ခဲ့သူတွေကိုလည်း အရေးယူမှုတွေ ရှိခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာကို စိမ့်ဝင်ပျံ့နှံ့နေတဲ့ မီဒီယာတစ်ခုမှာ ယခုသတင်းဟာ ဖော်ပြပါရှိပြီးသွားပါပြီ။ဒါကြောင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ဖိအားပေးတာတွေ ဆရာလုပ်တာတွေ သြဇာပေးတာတွေကို ဆက်တိုက် လုပ်လာတော့မှာ မြင်ယောင်မိနေ ပါတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ပါစေလို့သာ ရင်မောစွာဖြင့် ဆုတောင်း လိုက်ရပါတယ်။

အခုတင်ပြမှာကတော့ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်လာတဲ့ အလွတ်စုံထောက် လုပ်ငန်းအကြောင်းပဲဖြစ်ပါတယ်။ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ ငွေဇင်ယော်လမ်းနဲ့ ဘုရင့်နောင်လမ်းထောင့် ရွှေကံကော် လက်ဖက်ရည်ဆိုင်အနီးမှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ မြန်မာ့ပထမ အလွတ်စုံထောက်လုပ်ငန်းသို့ တနှစ်အတွင်း အမှုပေါင်း ၁၀၀ ကျော်အပ်နှံဆောင်ရွက်ခဲ့ပြီး စုံစမ်းဖော်ထုတ်တဲ့ ကိစ္စတွေဟာ ရာနှုန်းပြည့်အောင်မြင်မှုရရှိ ခဲ့တယ်လို့ သိရပါတယ်။အမှုအများဆုံး လာအပ်တဲ့ အထဲမှာတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေအတွက် စုံစမ်းပေးဖို့ အများဆုံး အပ်နှံလာတယ်လို့ သိရပါတယ်။အမှုအတွက် ကုန်ကျစရိတ်တွေဟာ အနည်းဆုံး ၅သိန်းကနေ ၁၀သိန်းအထိ ကျသင့်တယ်လို့ သိရပါတယ်။ မြန်မာပထမ အလွတ်စုံထောက် လုပ်ငန်း အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းစဉ်က အလွတ်စုံထောက်လုပ်ငန်းအမည်နဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှာ လိုင်စင်လျှောက် ထားခဲ့သော်လည်း လိုင်စင်ချပေးခြင်း မရှိတဲ့ အတွက် မြန်မာ့ပထမ လုံခြုံရေးနှင့် ဥပဒေရေးရာ အကျိုးဆောင်လုပ်ငန်းအမည်နဲ့ လုပ်ငန်းများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သည်လို အလွတ်စုံထောက်လုပ်ငန်းတစ်ခု ပေါ်လာတာဟာ ကောင်းမွန်သလား မှန်ကန်သလား ၊ လိုအပ်ရော လိုအပ်ရဲ့လား ဆိုတာတွေကတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။ လက်ရှိမှာတော့ လူမှုရေးကိစ္စတွေသာ အမှုလိုက်နေရတဲ့ သဘောဖြစ်နေပါတယ်။ အလွတ်စုံထောက်လုပ်ငန်း ဘယ်အထိခရီးဆက်နိုင်မလဲ ဆိုတာကတော့ ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

အထက်ပါ သတင်းသုံးသပ်ချက်များကို ပဉ္စမလှိုင်းမီဒီယာ ၊ BBC ၊ News Watch ၊ 7days တို့မှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

FWN

Leave a Reply