၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု တရားလို စစ်ဆေး

0
181

မန္တလေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံး၌ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုမှ တရားလို ကိုကျော်မျိုးရွှေ ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ပါသည်။

တရားလိုဘက်မှ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့် RFA တို့ အင်တာဗျူးထားသည့် ဗီဒီယိုဖိုင်ကို သက်သေခံတင်သွင်းခဲ့ပြီး ယင်းသက်ခံကို ကန့်ကွက်ခဲ့သော်လည်း တရားသူကြီးက သက်သေကို လက်ခံခဲ့သည်။

“သက်သေခံတင်တဲ့ ဗီဒီယိုဖိုင်မှာ ကို ဆွေဝင်းပြောတဲ့ စကား အပြည့်အစုံမပါပဲ ဖြတ်တောက်ထားတယ် ။ RFA နဲ့ အင်တာဗျူး တာဖြစ်တဲ့အတွက် RFA ရဲ့ ခွင့်ပြုမိန့်တွေဘာတွေ မပါဘူး ။ နောက်ပြီး ဒီအင်တာဗျူးက တရားဆွဲဆိုပြီးမှ ထွက်လာ တာဖြစ်တဲ့ အတွက် အကျုံးမဝင်ဘူး ။ ဒါ့ကြောင့် ကွက်ကွက်ခဲ့ပါတယ်” ဟု တရား လွှတ်တော်ရှေ့နေ ကိုမျိုးမင်းဇော် က ပြောသည်။

တရားလို ကိုကျော်မျိုးရွှေသည် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားရသူ ဖြစ်ပြီး ထောင်အတွင်း အချုပ်ကျခံနေရသူလည်း ဖြစ်သည် ။ တရားလိုမှာ အရိုးကင်ဆာဖြစ်ပွားနေသောကြောင့် ရုံးချိန်းများကို ခွင့်ဖြင့် ပျက်ကွက်နေခဲ့ပြီး အမှုမှာ ကြန့်ကြာ နေခြင်းဖြစ်သည်။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှတ် (၇) နယ်မြေ ခံရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ထို့နောက် ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့တွင် မင်္ဂလာဒုံ လေဆိပ်၌ ဖမ်းဆီးခဲ့ကာ တရားရုံးမှ အာမခံဖြင့် အမှုရင်ဆိုင် စေခြင်းဖြစ်သည်။

ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုပြ သက်သေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံး က သိရသည်။

နိုင်လင်းဦး

Leave a Reply