ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူကို ရှိခိုးတောင်းပန်လျှင် အမှုရုတ်သိမ်း ပေးမည် 

0
176

မန္တလေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အနေဖြင့် ဦးဝီရသူကို ရှိခိုးတောင်းပန်လျှင် အမှုရုတ်သိမ်း ပေးမည်ဖြစ်ကြောင်း တရားလို ကိုကျော်မျိုးရွှေက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရုံးချိန်းမှာပြောကြားခဲ့သည်။

မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်ဖြင့် ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ကိုကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှတ် (၇) နယ်မြေ ခံရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ထို့နောက် ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့တွင် မင်္ဂလာဒုံ လေဆိပ်၌ ဖမ်းဆီးခဲ့ကာ တရားရုံးမှ အာမခံဖြင့် အမှုရင်ဆိုင် စေခြင်းဖြစ်သည်။

“ဆရာတော်ဦးဝီရသူရဲ့ ခြေဖမိုးကို နဖူးနဲ့တိုက်ပြီး ဦးတိုက်သွားလိုက် ဒီအမှုကို ကျုပ်တရားလိုလုပ်ထားတာ အမှုပိတ်သိမ်းပေးလိုက်မယ် ။´´ ဟု ကိုကျော်မျိုးရွှေ က ပြောသည်။

ထို့အပြင် ၄င်းအနေဖြင့် ပါဝင်ခဲ့ခြင်းမရှိသည့် ကိစ္စတွင်လည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် အောက်လုံးထိုး တရားစွဲဆို ခံရနေကြောင်း ကိုကျော်မျိုးရွှေ က ဆက်ပြောသည် ။တရားလို ကိုကျော်မျိုးရွှေ အနေဖြင့် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့်အတွက် ထောင်အတွင်း အချုပ်ကျခံနေရသည်။

“ကျွန်တော် ဆရာတော်ဦးဝီရသူအပေါ် ပုဂ္ဂိုလ်ရေးမုန်းတီးမှု မရှိပါဘူး ။ သူ့ကိုမတောင်းပန်နိုင်ဘူးဆိုတာကလည်းပဲ ခေါင်းမာမှု တယူသန်မှု ဒီသဘောသဘာဝတွေမရှိပါဘူး ။ ကျွန်တော်ဘာကြောင့် မတောင်း ပန်နိုင်တာလည်းဆိုရင် ဒီမှားနေတယ် ဆိုတဲ့ ဟာကို ကျွန်တော်တို့ မှားကြောင်းပြောတယ် ။ ဒါကိုမှန်ပါတယ်လို့ ပြန်ပြင်မပြောနိုင်ပါဘူး ။´´ ဟု Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က ပြောသည်။

ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုပြ သက်သေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံး က သိရသည်။

နိုင်လင်းဦး

Leave a Reply