မြန်မာပြည်ဖွား ဂျာမနီသားမောင်ရွှေ

0
244

ရန်ကုန် ၊ ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈

မောင်ရွှေကိုမြန်မာပြည်ရဲ့ရှမ်းပြည်နယ်အင်းလေးဒေသမှာမွေးဖွားခဲ့
သည်။ သူကအခု မြန်မာပြည်သားမဟုတ်တော့ မိုင်ထောင်ချီဝေးကွာတဲ့ ဥပရောပကဂျာမနီနိုင်ငံ၊မြူးနစ်မြို့ကြီးပေါ်ကိုမကြာခင်ရက်ပိုင်းကမှ
ရောက်ရှိသွားခဲ့ပြီး နိုင်ငံသားခံယူနိုင်ခဲ့ပြီဖြစ်သည်။

မောင်ရွှေဆိုသည်မှာ လူသားတစ်ယောက်မဟုတ်ပဲ နီညိုရောင် ခန္ဓာ ကိုယ်နှင့် နှာသီးဖျားမည်းနက်သည့် မြန်မာမျိုးရင်းခွေးတစ်ကောင်သာ ဖြစ်သည်။ လွန်ခဲ့သည့် (၇) လခန့်က အင်းလေးဒေသကို လာရောက် လည်ပတ်သည့် ဂျာမနီနိုင်ငံသားကမ္ဘာလှည့်ခရီး သွားစုံတွဲသည် ပိန်လှီ သေးကွေးနေသည့် အသက်၂လအရွယ် မြန်မာခွေးတစ်ကောင်ကို သနားခဲ့ပြီးခေါ်ယူ မွေးစားရန်စီစဉ်ခဲ့ရာမှ မောင်ရွှေတစ်ကောင် အရှင်မွေး တော့ နေ့ချင်းကြီးဆိုသလို ဂျာမနီနိုင်ငံကိုသွားရောက် ဖို့အကြောင်း ဖန်လာခြင်းဖြစ်သည်။

မောင်ရွှေကို မွေးစားရန်ဆုံးဖြတ်ခဲ့သည့် ဂျာမန်စုံတွဲက အင်းလေးဒေသမှ ရန်ကုန်သို့ခေါ်ဆောင်လာခဲ့ပြီး အမြန်လမ်း ၇မိုင် ၆ဖာလုံရှိ လေလွင့်ခွေးများကိုစောင့်ရှောက်မှုပေးနေသည့် Yangon Animal Shelter တွင် ခေတ္တထားခဲ့ပြီး မြူးနစ်မြို့သို့ပြန်သွားခဲ့သည်။

“မောင်ရွှေကလူအရမ်းခင်တက်တယ် ။ သူတို့ကသနားလို့ အစာကျွေး တော့ သူတို့နောက်ကိုတကောက်ကောက်လိုက်နေတော့တာပဲ”ဟု Yangon Animal Shelterက ဦးဖီလစ်က ဂျာမန်စုံတွဲ၏ မွေးစားဖြစ်ပုံ ကိုပြန်လည်ပြောဆိုသည်။

ဂျာမန်စုံတွဲကပင် မြန်မာအမည်ဖြစ်သည့် မောင်ရွှေဟုဆိုသည့်အမည်ကို ပေးခဲ့သည်။ မောင်ရွှေ၏ဂျာမနီသို့သွားရောက်ရန်စီစဉ်ရသည်ကလွယ်ကူ ခဲ့သည်တော့မဟုတ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် (EU)နိုင်ငံတစ်ခုဖြစ်သည့် ဂျာမနီကိုသွားရောက်ရန်အတွက် မောင်ရွှေတစ်ကောင် ကျန်းမာရေး ထောက်ခံ ချက်ကောင်းကောင်းရရန်လိုသည်။ အဆိုပါထောက်ခံချက် ရရှိရန်အတွက် ကာကွယ်ဆေးအပြည့်အစုံထိုးရပြီး ခွေးတစ်ကောင် အတွက် မြန်မာ ပြည်၏ကျန်းမာရေးထောက်ခံချက်သည် EUနိုင်ငံတစ်ခု အတွက် အသုံးမ၀င်။ မောင်ရွှေ၏ သွေးနမူနာကို ဂျာမနီနိုင်ငံရှိ ဓါတ်ခွဲခန်း တစ်ခုမှထောက်ခံချက်မယူနိုင်ပါက ဂျာမနီနိုင်ငံမှလက်ခံ နိုင်မည့် နိုင်ငံတစ်ခုရှိ ဓါတ်ခွဲခန်းတစ်ခုမှ ထောက်ခံချက်လိုသည်။

“ဒီကဓါတ်ခွဲခန်းအဖြေကို သူတို့လက်မခံဘူး ။ ဂျာမနီကိုပို့ပြီးစစ် ဒါမှမဟုတ် အနီးစပ်ဆုံး ဒူဘိုင်းကိုပို့ပြီးစစ်ရ ပါတယ်”ဟု ဦးဖီလစ်က ဆေးစစ်မှုအခြေအနေကို ပြောဆိုသည်။

သူ့အတွက်ဆေးစစ်ချက်သွေးနမူနာကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ တွင်ပေးပို့စစ်ဆေးခဲ့ရသည်။ယင်းအတွက်ကြောင့် သွေးနမူနာကို ယူအေအီးနိုင်ငံဒူဘိုင်းမြို့တွင်ပေးပို့စစ်ဆေးခဲ့ရသည်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပြီး ဒူဘိုင်းသို့သွေးနမူနာပေးပို့ခဲ့သော်လည်း မအောင် မြင်ခဲ့သဖြင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန် ထပ်မံစောင့်ဆိုင်းခဲ့ပြီး ကာကွယ်ဆေးနောက်တစ်ကြိမ်ထိုး နှံပြီးမှ ဆေးစစ်ချက် အောင်မြင် ခဲ့ကြောင်း ဒူဘိုင်းမှ ထောက်ခံချက်ကိုရရှိခဲ့သည်။

“ကာကွယ်ဆေးများကို ထိန်းသိမ်းတာအဆင်မပြေဖြစ်တတ်ပါတယ် ။ ကာကွယ်ဆေးများက ရေခဲသေတ္တာနဲ့ ထိန်းသိမ်းရပါတယ်။ ဒုတိယ အကြိမ်မှာတော့ ပိုပြီးသေချာအောင်တစ်ကြိမ်ထိုးပြီး နောက်နှစ်ပတ် အကြာမှာ ထပ်ထိုးရပါတယ်”ဟု ကာကွယ်ဆေးအောင်မြင်ခဲ့သည့် အခြေအနေကို ဦးဖီလစ်ကရှင်းပြသည်။

မောင်ရွှေအားမျိုးဆက်မပွားနိုင်ရန် သင်းကွပ်ခဲ့ရပြီး အိမ်မွေးခွေး တစ်ကောင် ပျောက်ဆုံးသွားပါက ရှာဖွေရ လွယ်ကူစေမည့် မိုက်ခရိုချပ်စ်ကိုခန္တာကိုယ်အတွင်းထည့်သွင်းခဲ့ရသည်။
မောင်ရွှေတစ်ကောင် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ဂျာမနီသို့ ရောက်ရှိနေပြီဖြစ်သည့် သူ၏သခင်စုံတွဲ ကလာရောက်ခေါ်ယူနိုင်မည့် အခြေအနေတွင်ရှိမနေသေးပဲ ၎င်းတို့၏ရင်သွေးငယ်မီးဖွားချိန်နှင့် တိုက်ဆိုင်နေချိန်ဖြစ်သောကြောင့် လာရောက်ခေါ်ယူနိုင်ခြင်း မရှိသေး၍မောင်ရွှေ၏ဂျာမနီခရီးစဉ်က ကြန့်ကြာနေခဲ့သည်။
မောင်ရွှေတစ်ကောင်သခင်များနှင့်တွေ့ဆုံရမည့်ရက်ကကြာလွန်းလှပြီ။
သို့သော်သူအတွက်သတင်းကောင်းက၀င်လာခဲ့ပြီး ခွေးချစ်တက်သူ ဂျာမန်အမျိုးသမီးတစ်ဦးက မြူးနစ်သို့ အပြန်ခေါ်သွားပေးမည် ဆိုသည့် သတင်းဖြစ်သည်။

နိုင်ငံရပ်ခြားဆိုသည်ကိုနားမလည်သည့် မောင်ရွှေ အတွက် မြန်မာနိုင်ငံ ကို စွန့်ခွာရတော့မည်ဆိုသည်ကိုသိနိုင်မည်မဟုတ်။ဇန်န၀ါရီ ၂၆ရက်နေ့ က ရန်ကုန်လေဆိပ်ကထွက်ခွာခဲ့သည့် မောင်ရွှေသည်ဇန်န၀ါရီ ၂၇ရက်နေ့တွင် မြူးနစ် မြို့တွင် သခင်များနှင့် ဆုံတွေ့ခဲ့ပြီး အလေး အပေါ့စွန့်ရန်သခင်ဖြစ်သူနှင့် အိမ်အပြင်ဘက်တွင်လမ်းလျောက် ထွက်နေသည့် ဓါတ်ပုံကို ဂျာမနီမှပို့ခဲ့သည်။ဥရောပနိုင်ငံတစ်ခုဖြစ်သည့် အတွက် မတူညီသည့်ရာသီဥတုအတွက် အနည်းငယ်စိုးရိမ်မိ သော်လည်း လူနှင့် အခြားတိရိစ္ဆာန်များနှင့်ယဉ်ပါးသည့် မောင်ရွှေ အတွက်အသားကျရန်သိပ်မခက်ခဲနိုင်ဟု ဦးဖီလစ် ကပြော သည်။

“နေရာသစ်ဆိုတော့ စိမ်းနေမှာပေါ့။ နည်းနည်းတော့ကြောက်နေမယ် ထင်တယ် ။ သူကလူတွေကိုရောခွေး တွေကိုပါ မကြောက်ဘူး ။ ထိန်းရသိပ်လွယ်ပါတယ်”ဟု မောင်ရွှေ၏စရိုက်ကိုရှင်းပြသည်။

Yangon Animal Shelter ကို၂၀၁၂ခုနှစ်၌ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ရပ်ကွက် အတွင်းတွင်ခွေးများဖြင့် အဆင်မပြေတော့သောကြောင့် အမြန်လမ်းပေါ်ရှိခြံကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ Shelter ကို အမေရိကန်နိုင်ငံသူဖြစ်သည့် Mrs.Terryl Just ကစတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

“စတာကတော့ လမ်းဘေးမှာခွေးတွေအများကြီးတွေ့တော့ အစားအစာကျွေးတယ် ။နေမကောင်းတဲ့ ကောင်တွေကို ဆေးကုပေးတယ်။ နောက်တော့ အဆိပ်ချတာတွေနဲ့ ဆိုတော့ Shelter စဖွင့်ဖြစ်တာ”ဟု Yangon Animal Shelter ကိုတည်ထောင် ခဲ့ခြင်းအကြောင်းကို ဦးဖီလစ်ကရှင်းပြသည်။

လေလွှင့်ခွေးနှင့် ကျန်းမာရေးချို့တဲ့မှုကြောင့် စွန့်ပစ်ခံရသည့် ခွေးကောင်ရေ ၆၀၀ကျော်ကိုစောင့်ရှောက် ထားသည့် Yangon Animal Shelter တွင် ခွေးများကိုမွေးစားသည့်အစီအစဉ်များရှိပြီး နိုင်ငံခြားများလာ ရောက်ကျလေ့ရှိပြီး မွေးစားလေ့ရှိကြသည်ဟု ဦးဖီလစ်ကဆိုသည်။

မြန်မာအများစု အယ်လ်ဇေးရှင်းဟု သိကြသည့် GSD(ခေါ်)Garmen Shepherd Dog သည်နိုင်ငံတကာ တွင် ခွေးချစ်တတ်သူများ စိတ်ဝင် စားမှုရှိသည့် သက်တော်စောင့် ၊ အမဲလိုက် ၊ မူယစ်ဆေးဝါးနှင့် လက်နက် ခဲယမ်းရှာဖွေခြင်းလုပ်ငန်းများတွင် အသုံးဝင်သည့်ခွေးအမျိုးအစားဖြစ်ပြီး ဂျာမနီ နိုင်ငံ၏မျိုးရင်းဖြစ်ကာ စစ်ဘက် ၊ရဲဘက် လုံခြုံရေးအတွက် နာမည်ကျော်သည်။

“ဂျာမန်ကသွင်းလာတဲ့ခွေးဆို သိန်းလေးငါးဆယ်အနည်းဆုံးရှိတယ် ။သယ်ယူစရိတ်ကသိန်းဆယ် ဂဏန်း လောက်ထပ်ကုန်သေးတယ်။ သူတို့က မြန်မာခွေးတစ်ကောင်မွေးစားတယ်ဆိုတာ သနားပြီး သံယောဇဉ်ဖြစ်သွားတာနေမယ် ။ ဘာသာတရားအရပြောရရင် ရေစက်ပေါ့”ဟု ခွေးချစ်သူတစ်ဦးကမှတ်ချက်ပြုသည်။

မြန်မာမျိုးရင်းခွေးတစ်ကောင်အတွက် အဆိုပါဈေးနှုန်းဖြင့်ဝယ်ယူ၍ အိမ်မွေးခွေးတစ်ကောင်အဖြစ်မွေးဖွား ခွင့်မလိုပေ။ သို့သော် အဓိက လိုအပ်သည်မှာ မွေးစားမည့်ပိုင်ရှင်နှင့် အဆင်ပြေစွာနေ ထိုင်နိုင်သည့် အိမ်မွေးခွေးတစ်ကောင်ဖြစ်ရန်သာလိုသည်။

ကိုဥာဏ်

Leave a Reply