(NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေးထိုး

0
169

နေပြည်တော် ၊ဖေဖော်ဝါရီ ၁၃ ၊ ၂၀၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာ ၂ (MICC 2) တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရှိရသည်။

“လက်မှတ်ထိုးမယ့် သတင်းတွေထွက်ပေါ်လာချိန်မှာအဲ့ဒီဒေသက ပြည်သူတွေဝမ်းသာကြ၊ပျော်ရွှင်ကြနဲ့ ကြည်နူးစရာ သတင်းတွေကြား သိရပါတယ်။ ပြည်သူတွေရဲ့ပထမဆုံးသိသာထင်ရှားတဲ့ပြောင်းလဲမှုက လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားတာ့တာပါပဲ။ မတရားအသင်း မဟုတ်တော့ဘူး။ အကြမ်းဖက်အဖွဲ့အစည်းမဟုတ်တော့ဘူးဆိုတဲ့အသိကြောင့်ဆက် သွယ်ပြောဆိုရာမှာ အကြောက်တရားတွေလျော့သွားတယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းတော့မယ်ဆိုတဲ့အသိနဲ့အနာဂတ်အတွက် မြင်ယောင်ဝမ်းသာ ကြတယ်။ ဒီကနေ့ငြိမ်းချမ်းပြီး ဖွံ့ဖြိုးနေပြီဖြစ်တဲ့အခြားပြည်နယ်ကို လှမ်းမျှော် ကြည့်ပြီးလူမှု -စီးပွားအစစအရာရာမှာ တိုးတက်ပြောင်းလဲ လာတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေလည်းဖြစ်ပေါ်လာကြပါတယ်။
ကြောက်ရွံ့ခြင်းကနေ ကင်းဝေးတဲ့ဒေသဖြစ်ပေါ်လာတယ်ဆိုတာ သိရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် မှ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)KNU /KNLA-PC ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ ပအိုဝ်းအမျိုးလွတ်မြောက်ရေးအဖွဲ့(PNKO) ၊ရခိုင်ပြည် နယ် လွတ်မြောက်ရေးပါတီ (ALP) ၊ရှမ်းပြည်နယ်ပြန်လည် ထူထောင် ရေးကောင်စီ(RCSS) ၊ကရင်အမျိုးသားအစည်းအရုံး (KNU)စသည့်အဖွဲ့ (၈)ဖွဲ့သည် NCA တွင် လက်မှတ်ရေးထိုးထားခဲ့ကြောင်းသိရှိရသည်။

“ကျွန်တော်တို့အားလုံးရဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအလင်းရောင်ခြည်များပိုမိုအားကောင်းလာပြီးနိုင်ငံ
တော်အတွင်းတစ်မြေတည်းနေ၊တစ်ရေတည်းသောက်နေကြတဲ့ပြည်
ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုပြည်သူအပေါင်းနှစ်ထောင်းအားရ
ဝမ်းမြောက်ဝမ်းသာဖြစ်ကြရတဲ့နေ့တစ်နေ့ဖြစ်သလို ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်အစ မင်္ဂလာဦးထူးမြတ်တဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်”ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အားမတရားအသင်းအဖြစ်နှင့် အကြမ်းဖက်သူများမဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့
ကြောင်းလည်းသိရှိရသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ NCA လက်မှတ်ရေးထိုးသည့်အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ ၊ ပြည်ပများသံတမန်များ၊ အထူးကိုယ်စားလှယ်တော် များ၊ ပြည်ထောင်စုဝန်ကြီးများ ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ယဉ်ကေနွယ်

Leave a Reply