ချယ်လ်ဆီးနဲ့ပွဲတွင် ထိခိုက်ခဲ့သော ဦးခေါင်းဒဏ်ရာကြောင့် ဟူးလ်စီးတီးတိုက်စစ်မှူး ရိုင်ယန်မာဆင် ဘောလုံးကစားခြင်းမှ ရာသက်ပန် အနားယူ

0
212

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၁၈

၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်းက ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ နောက်ခံလူ ကာဟေးနဲ့ ထိခိုက်ခဲ့မှုကြောင့် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ ဟူးလ်စီးတီးတိုက်စစ်မှူး ရိုင်ယန်မာဆင်ဟာ ယခုအခါ ဘောလုံးကစားခြင်းကနေ ရာသက်ပန် အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။

စတမ်းဖို့ဘရိုက်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မာဆင်ဟာ ကာဟေးနဲ့ ခေါင်းယှဉ်တိုက်ရာမှ ဦးခေါင်းကို ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ ထို့နောက် ဆေးဝါးကုသမှု ခွဲစိတ်မှုတွေကို ပြုလုပ်ခဲ့ပြီး ဆရာဝန်များရဲ့ ညွှန်ကြားချက်အရ မာဆင်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားခြင်းကနေ အနားယူခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး ဟူးလ်စီးတီးအသင်းက ယနေ့ နံနက်ပိုင်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။ မာဆင်ဟာ သူဘောလုံးလောကကနေ အနားယူရတဲ့အကြောင်းကို သူ့ရဲ့ အင်စတာဂမ်အကောင့်ကနေ ပြောကြားခဲ့ပြီး ဒဏ်ရာရရှိချိန်မှာ အကူအညီပေးခဲ့တဲ့ ကစားသမားတွေ အဖွဲ့ဝင်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုရေးသားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘောလုံးကစားနည်းကို ခုံမင်နှစ်သက်သူဖြစ်ပြီး ယခုကဲ့သို့ အသက် ၂၆ နှစ်အရွယ်နဲ့ အနားယူလိုက်ရတဲ့ အခြေအနေကို ခက်ခဲစွာ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ ဆိုထားပါတယ်။

ရိုင်ယန်မာဆင်ကို အန်ဖီးမှာမွေးဖွားခဲ့ပြီး ဘောလုံးလောကကနေ အနားမယူခင်အချိန်အထိ ပြိုင်ပွဲပေါင်း ၁၅၀ ကျော်ကို ကစားခဲ့သူဖြစ်ပါ တယ်။ သူဟာ စပါး ၊ ဒွန်ကပ်စတာ ၊ လိုရီးယန့် ၊ ဆွင်ဒွန် ၊ ယိုဗီ နဲ့ ဟူးလ်စီးတီးအသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

NN

Leave a Reply