“အစိုးရတရပ်ဖြစ်လာပြီ ဆိုလို့ရှိရင်တော့ ကြိုက်တာလေးပဲ ရွေးလုပ်လို့ မရတော့ဘူး ” လို့ဆိုတဲ့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်နဲ့ ပဉ္စမလှိုင်းမီဒီယာတို့ တွေ့ဆုံမေးမြန်း ထားမှုကို စာဖတ်သူများအတွက် တင်ပြပေးလိုက်ပါတယ်။

0
217

“အစိုးရတရပ်ဖြစ်လာပြီ ဆိုလို့ရှိရင်တော့ ကြိုက်တာလေးပဲ ရွေးလုပ်လို့ မရတော့ဘူး” လို့ဆိုတဲ့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်နဲ့ ပဉ္စမလှိုင်းမီဒီယာတို့ တွေ့ဆုံမေးမြန်း ထားမှုကို စာဖတ်သူများအတွက် တင်ပြပေးလိုက်ပါတယ်။

မေး –  နေပြည်တော်မှာ ရွှေနန်းတော် ဆိုင်ဖွင့်ဖြစ်ရတဲ့ရည်ရွယ် ချက်လေး ပြောပြပေးပါဦး။

ဖြေ – စီးပွားရေး လုပ်ငန်းလို့ပြောရင် ကျွန်မတို့ မြန်မာပြည်မှာ ၀မ်းနည်းဖို့ ကောင်းတာက စီးပွားရေး လုပ်ငန်းရှင်တွေကို အမြင်မကြည်လင်ကြတဲ့ ပြဿနာတွေက ပြည်သူတွေကြားမှာ ကျယ်ကျယ် ပြန့်ပြန့်ရှိနေတယ်။ တကယ်တမ်းကျတော့ စီးပွားရေးဆိုတာ လုပ်တိုင်းလဲ အောင်မြင်တာ မဟုတ်ဘူး။ အောင်မြင်ပြီးပြီဆိုတိုင်းလဲ ရေရှည် ရပ်တည်နိုင်တာ မဟုတ် ဘူး။  တချို့လုပ်ငန်းတွေ အဆင်မပြေလို့  ရပ်တန့်သွားတာတွေလဲ ရှိတယ်။ ကျွန်မတို့က စီးပွားရေးအောင်မြင် တဲ့သူတွေကို ၀မ်းပန်း တသာနဲ့ ကြိုဆိုရမှာပါ။ ဘယ်စီးပွားရေးမဆို အောင်မြင်တာ ကောင်းပါ တယ်။ ဘာကြောင့် ကောင်းလဲဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေက ကိုယ့်စီးပွားရေးကို အောင်မြင်အောင် လုပ်တာသည် အချက်သုံးချက်ပါ တစ်ပါးတည်းပါတယ်။ နံပတ် (၁) အနေနဲ့ အလုပ်အကိုင်အခွင့် အလမ်းကို ပေးတာဖြစ်တယ်။ ပြီးရင် အလုပ်မလုပ်ဘူးတဲ့သူနဲ့ အလုပ် လုပ်ဘူးတဲ့သူ အတွေ့ အကြုံခြင်းကမတူဘူး။ အလုပ်မလုပ်ဘူးတဲ့သူက အတွေ့အကြုံမရှိဘူး။ အလုပ် လုပ်သွားရင်နဲ့ အတွေ့အကြုံက သင်ပေးသွားရင် ဒီလူက တော်လာတယ်ပေါ့နော်။ တော်လာတော့ အလုပ်အကိုင်အခွင့်အလမ်းတွေပိုပွင့်လန်းလာပါတယ်။ ၀င်ငွေ ရလမ်း တွေ ရှိ လာတယ်။ အဲဒါကြောင့် ကိုယ့်စီးပွားရေးကိုယ်အောင်မြင်အောင် လုပ်ရင်းနဲ့အခြား သူတွေအတွက်လဲ အကျိုးရှိတယ်။ ဒီလူတွေကို လုပ်ငန်းခွင်မှာ အသုံးချခြင်းအားဖြင့် နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် တွေ ကို တိုးတက်စေပါတယ်။  ဘယ်သူမဆို အလုပ်မရှိပဲရေရှည် မရပ် တည်နိုင်ဘူး။  ကိုယ်တိုင်းပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးတော့ အိမ်နီးချင်းနိုင်ငံကို ထွက် ပြီးတော့သူများဆီမှာသွားပြီး အလုပ်လုပ်ရပါတယ်။ ယိုးဒယား အလုပ်သမားနဲ့ မြန်မာပြည်က လာတဲ့ အလုပ်သမားနဲ့ တမ်းတူအခွင့်အရေးရချင်မှရမယ်။ သူများမလုပ်ချင်တဲ့ အကျအကျန် အလုပ်တွေကို လုပ်ချင်လဲလုပ်ရမယ်။ အဲဒါဆိုတဲ့ အခါကျတော့ကိုယ့်တိုင်းပြည်အတွင်းမှာ စီးပွားရေးအလုပ် အကိုင်အခွင့် အလမ်းကိုဖန်းတီးတဲ့ အတွက်ကို ခုဏကလို လူမှုရေးပြဿာနာတွေ ဥပမာ အဖေရော အမေရောနိုင်ငံခြားသွားအလုပ်လုပ်တယ်။ အဖိုးအဖွားနဲ့ ကလေးပဲကျန်တယ်ဆိုရင် အဖိုးအဖွား နေမကောင်းရင် ဒီကလေးက မကြည့်နိုင်ဘူး။ ဒီကလေး နေမကောင်းရင် အဖိုးအဖွားက လည်း သေချာမကြည့်နိုင်ဘူး၊ မိသားစုအတူတူမနေရဘူး အဲလိုမျိုး နောက်ဆက်တွဲလူမှုရေး ပြဿာနာတွေ အများကြီးရှိလာနိုင်တာပေါ့့။ ဘယ်သူမဆိုအလုပ်အကိုင်ရှိရင်တော့ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေချင် တာပေါ့နော်။ နံပတ် (၂) အနေနဲ့ ဒီလူတွေလူ့စွမ်းအားအရင်းအမြစ် လုပ်ရင်းကိုင်ရင်းနဲ့ ဘ၀ကတိုး တက်လာတယ်။ ဘ၀က တိုးတက် လာတယ်ဆိုတာ ငွေကြေးဥစ္စာအားဖြင့် အတွေ့အကြုံ ဗဟုသုတ အားဖြင့်တိုးတက်တယ်။ အပေါင်းအသင်း အသိုင်းအ၀ိုင်းကြီးလာတယ် စသည့်ဖြစ်ပေါ့။ ဒါတွေက လည်း တိုးတက်မှုပဲ။ အတွေးအခေါ်တွေ တိုးတက်တယ်ပြီးရင်း  နံပါတ်(၃) အနေနဲ့ စီးပွားရေး လုပ်ငန်းတွေကော၊ အလုပ်လုပ်တဲ့သူတွေကကော အခွန်ဆောင်နေကြပါတယ်။   အစိုးရတစ်ရပ်လို့ ပြောရင် အခွန်ဆောင်တဲ့ပိုက်ဆံမရှိရင် အစိုးရက  လည်ပတ်လို့မရဘူးလေ။ အစိုးရဆိုတာ တိုင်းပြည် တိုင်းမှာလိုအပ်တယ်။ ဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် အစိုးရတစ်ရပ်လိုတာပဲ။ လိုတဲ့အခါကျတော့ ဒီအစိုးရက ဘာနဲ့လည်ပတ်ရသလဲဆိုတော့ ပြည်သူတွေ ထည့်ဝင်တဲ့ အခွန်ငွေတွေနဲ့ လည်ပတ်ရတယ်။ နောက်တခုက ပုဂ္ဂလိကကဏ္ဍက ပြောမယ်ဆို  ဥပမာ ကျွန်မတို့ သုံးနေတဲ့ လျှပ်စစ်မီးတို့ ဖုန်းတို့ Google  လို့ search engine တို့ အင်တာနက်တို့ အကုန်လုံးက ပုဂ္ဂလိက ကဏ္ဍက တီထွင်တာပေါ့။ ကျွန်မတို့ တိုင်းပြည်က တီထွင်နိုင်တဲ့အထဲမှာ မပါပေမယ့်လဲ ပုဂ္ဂလိကကဏ္ဍဆိုတာ အသစ်သစ်တွေ တီထွင်တာပါ။ အဲလိုတီထွင်တဲ့ အခါကျတော့မှလူတွေ လိုအပ်တဲ့ ၀န်ဆောင်မှုတွေ ရတာပါ။ အဲလိုရတဲ့ အခါကျတော့ စီးပွားရေးလုပ်ငန်းတွေ ပုဂ္ဂလိက ကဏ္ဍအောင်မြင်တာကို ကြိုဆိုရမယ်လို့ ကျွန်မကမြင်ပါတယ်။ ပြီးရင်လည်း ဒီစီးပွားရေးလုပ်ငန်း တွေကလည်း ဥပဒေနဲ့အညီ လုပ်နိုင်ရမယ်။ လူမှုရေးတာဝန်ယူတဲ့ လုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းဖြစ်ရပါမယ်။ တစ်ဆင့်ခြင်းစီသွားရမှာပေါ့နော်။ ကျွန်မလုပ်ငန်းအနေနဲ့ ရန်ကုန်မှာ ဖွင့်တာကြာပြီ။ မြန်မာတပြည်လုံးမှာ စီးပွားရေးအဆောက်အအုံက အကြီးဆုံးအများဆုံးဖြစ်တယ်။ ဒါပေမယ့် နေပြည်တော်ဘက်ကလည်း၂၀၀၆ လောက်ကနေစပြီး နေပြည်တော် ကြီး စပြီး သက်ဝင်လှုပ်ရှားတယ်။ အခုဆိုပိုစည်လာပြီ။ ကျွန်မသတိ ထားမိတာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အဲလိုလမ်းမကြီး ရှိတဲ့ အတွက် ဒီအထဲမှာ အထက်အောက်ရော အရှေ့ အနောက်ရော လမ်းပန်းဆက်သွယ်ရေးတွေ ပိုကောင်းသွားပြီးတော့ နေပြည်တော် ကလည်း မြန်မာပြည်ရဲ့ အလယ်မှာအချက်အခြာကျတယ်ပေါ့။ အချက် အခြာကျတဲ့အခါ ကျတော့ဒီမှာလည်း  စိုက်ပျိုးရေး လုပ်ငန်းတွေ မွေးမြူရေးလုပ်ငန်းတွေ နဲ့ တခြားစက်မှု၊ လက်မှုလုပ်ငန်းတွေရှိတဲ့အပြင် တစ်မြို့နဲ့ တစ်မြို့နဲ့ကလည်းအရမ်းနီးတယ်။ လယ်ဝေး – ပျဉ်းမနား နီးနီးလေး တပ်ကုန်းဆို နီးတယ်။ မိထ္ထီလာနဲ့ဆို သိပ်မဝေးဘူးပေါ့။ တောင်ငူ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း အဲလိုတွေရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးကောင်းတယ်။ အချက်အခြာလဲကျတယ်၊ အစိုးရရုံး စိုက်တဲ့နေရာလဲ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ နေပြည်တော်ကလည်း အလားအလာ ကောင်းတယ်လို့သုံးသပ်မိတာပါ။ လူတွေကို လမ်းပေါ်မှာ မမြင်ကြဘူး။ မြို့တစ်မြို့ နဲ့ တစ်မြို့ ကြားမှာရွာတွေ ရှိတယ်။ ရွာတန်း ရှည်တွေ ရှိကြတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးတွေနဲ့ အခြားအလုပ်အကိုင် တွေလည်း ရှိတဲ့အခါ ကျတော့ ၀ယ်လိုအားရှိမယ်လို့ ယူဆတယ်။ နောက် တစ်ခုက ကျွန်မတို့ လာတုန်းက အုန်းအုန်းကျက်ကျက် ရောင်းရတယ်။  အဓိကက ကျွန်မတို့ရဲ့Brand ရွှေနန်းတော် ဆိုတဲ့Brand Forever Gems ဆိုတဲ့ Brand – Brand တွေဟာ တစ်တိုင်းပြည်လုံးက သိပြီး သား Brand ဖြစ်တယ်။ ၀ယ်သူတွေ လက်ခံပြီးသား Brand တစ်ခုဖြစ် တယ်။ နောက်တစ်ခုက ကျွန်မတို့ Promotion တွေကောင်းတယ်။ ကျွန်မတို့ ကြောငြာထားသလောက် ၀ယ်သူကို ကတိပေးထားသလို မှန်မှန်ကန်ကန်လုပ်ပေးတယ်။ ရွှေနန်းတော် Brand နဲ့ဝယ်သူနဲ့ ယုံကြည်ရင်းနှီးမှု တည်ဆေက်မှုက ကြာခဲ့ပြီ လွန်ခဲ့တဲ့ (၂၄)နှစ်က တည်းကပေါ့။ အဲခေတ်ကတည်းက TV တွေ စရိုက်တယ်။ Promotion တစ်နှစ်တစ်ခါ၊ နှစ်ခါလုပ်ပေးတယ်။ ကတိပေးထားသလို ပွင့်လင်းမြင် သာမှု ရှိရှိနဲ့ မဲဖောက်တယ်။ မသမာမှုတွေ မရှိဘူး၊ မှန်မှန်ကန်ကန်နဲ့ လုပ်ပေးတယ်ပေါ့။ ကိုယ့်ပစ္စည်းကို သုံးတဲ့သူကလည်း ရွှေရည်လည်း မှန်တယ်။ လက်ရာလည်း ကောင်းတယ်။ ဈေးနှုန်းလည်း မှန်တယ်။ ၀န်ဆောင်မှုတွေကိုလည်း ကြိုက်တယ်။ ဒါတွေ အကုန်လုံးကိုလည်း ၀ယ်သူက လက်ခံတာပေါ့။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်တာ တစ်ခါတည်းနဲ့လည်း မရဘူး၊ တစ်နှစ်နဲ့လည်း မရဘူး။ အမြဲတမ်းအဲလို ယုံကြည်မှု တည်ဆောက်ခဲ့ရတာပေါ့။ နေပြည်တော် လာတော့လည်း အဲဒီလို Promotion ကောင်းကောင်းနဲ့ လာတယ်။ Promotion ကို ကြိုက်ကြတယ်။ ကျွန်မတို့ နေပြည်တော်လာမယ်ဆိုတဲ့ ဆုံးဖြတ်ချက် မှန်သွားတယ်။ အောင်မြင် ပါတယ်၊ နေပြည်တော် အနီးတစ်ဝိုက်မှာရှိတဲ့ ရွှေနန်းတော် Brand ကိုအားပေးတဲ့ ရွှေချစ်သူမိဘ ပြည်သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မေး – လက်ရှိမြန်မာ့စီးပွားရေးကို နိုင်ငံခြားသားMr. Sean Turnell က တာဝန်ယူနေတယ်လို့သတင်းကြားပါတယ်။သူ့ရဲ့အကြံပေးစွမ်းဆောင် ချက်တွေဟာ လက်ရှိအခြေအနေနဲ့မြန်မာ့စီးပွားရေး ကဏ္ဍအတွက် တကယ်ပဲ အထောက်အကူဖြစ်ပါသလား။

ဖြေ –  ကျွန်မတို့က ၅ နှစ်တစ်ခါဆိုရွေးကောက်ပွဲဖြစ်ပါတယ်။  ဥပမာ ထားပါတော့သိပ်ပြီး တော့မှဒီမိုကရေစီ ရင့်ကျက်နေတဲ့ တိုင်းပြည် အမေရိက လိုမျိုးဆိုရင်တောင်မှ သက်တမ်း (၂)ခုလောက်ဆိုရင် အစိုးရ တစ်ခုပြောင်းတယ်။ အဲ့လိုမျိုးသဘောရှိတဲ့အခါကျတော့ ကျွန်မတို့က ဘာအရေးကြီးလဲဆိုရင် အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီ ယန္တရားကြီး အရမ်းခိုင်မာဖို့လိုတယ်။ ဒါပေမယ့် ပြောင်းသွားတယ် ဆိုတာက Institution ကပြောင်းတာမဟုတ်ဘဲနဲ့နိုင်ငံရေး  ရာထူး ရတဲ့မဲပေးခံရတဲ့ လူတွေက အုပ်ချုပ်တာပါ။ အုပ်ချုပ်တဲ့အခါကျရင် ပါတီတစ်ခုနဲ့တစ်ခုမတူဘူး။ ဒီပါတီတစ်ခုတည်းကတောင်မှ ဒီလူနဲ့ ဟိုလူအာဘော်မတူနိုင်ဘူး။ အာဘော်တွေကတော့ ပြောင်းသွားနိုင် တယ်။ ဒါပေမယ့်လည်းInstitution ကတော့ခိုင်ခိုင်မာမာ ရှိနေရမယ်။  ကျွန်မတို့ကအဲ့လိုသဘောမျိုးဖြစ်ရမယ်ပေါ့။ အခုကျွန်မ တို့က အတိုက် အခံပါတီဘ၀ကနေ((NLD) ပါတီက အတိုက်အခံပါတီအနေနဲ့ (၂၈) နှစ်နေတယ်။ အခုအချိန်မှာ အစိုးရ စဖြစ်တဲ့အချိန်မှာ Institution တွေ ကလည်း တအားခိုင်မြဲတာမဟုတ်ဘူး။ မခိုင်မာတဲ့ Institutionတွေက အခုအချိန်မှာ အစိုးရလည်း အပြောင်းအလဲဖြစ်တယ်ဆိုတော့ ပိုပြီး တော့စိန်ခေါ်မှုများတယ်။  ဥပမာ ထားပါတော့ နိုင်ငံတော်ကို အုပ်ချုပ်နေ တဲ့ လူတွေလို့ပြောလို့ရှိရင် ဦးဆောင်နေကြတဲ့လူတွေ ၊  တိုင်းပြည် တည်ဆောက်နေကြတဲ့ လူတွေလို့ ပြောလို့ရှိရင် သူတို့က  ဆုံးဖြတ်ချက် ချမှတ်ကြသူတွေပါ။ ဒီဆုံးဖြတ်ချတွေချမှတ်ဖို့အတွက် အကြံပေးအဖွဲ့ ကလည်းရှိရမယ်။ သတင်းအချက်အလက်တွေရနိုင်တဲ့ Facility တွေ လည်း ရှိနေရမယ်။ ဆုံးဖြတ်ချက်တွေကို သတင်း အချက်အလက် တွေပေါ် မူတည်ပြီးချမှတ်နေရမယ်။ သတင်းအချက်အလက်တွေပေါ်မှာ မူတည်ပြီး အကြံပေးတွေကဆုံးဖြတ်ချက်အမျိုးမျိးချပြနိုင်ရမယ်။ နောက်တနည်း လည်းလုပ်နိုင်တယ်။ ရွေးချယ် စရာလမ်းတွေချပြတာပေါ့။ အကြံပေးတွေက ချပြပြီးလို့ရှိရင် အုပ်ချုပ်သူတွေကနေပြီးတော့မှ နည်းလမ်းကိုတော့ရွေးမယ်။ ဒါကိုဆုံးဖြတ်ပြီးရင် အကောင်အထည် ဖော်ရမှာပေါ့။ ဘာတွေလိုလည်း ဆိုလို့ရှိရင် ကျွန်မတို့တိုင်းပြည် အုပ်ချုပ် နေတယ်ဆိုလို့ရှိရင် စီးပွားရေးအကြံပေးလည်းလိုတယ်။ နိုင်ငံရေး အကြံပေးလည်းလိုတယ်။ ဥပဒေအကြံပေးလည်းလိုတယ်။ စသဖြင့် နိုင်ငံတကာအရေး အကြံပေးလည်းလိုတယ်။ နောက်တစ်ခုကလုံခြုံရေးနဲ့ ပတ်သက်တဲ့အကြံပေးတွေလည်းလိုတယ်။ အဲ့လို Institution တွေ ကျွန်မတို့တိုင်းပြည်မှာရှိသင့်တာပေါ့။ အခုအချိန်မှာ မရှိတာလည်း ဘယ်သူ့ အပြစ်မှမဟုတ်ဘူး။ Think Tank တွေမရှိသေးဘူး။ တကယ်တမ်း သက်ဆိုင်ရာဘာသာရပ်အလိုက် Think Tank တွေရှိ ရမယ်။ အစိုးရအပြောင်းအလဲဖြစ်သွားမယ်။ ဒီမိုကရေစီ ယန္တရားကြီးက ဒီအတိုင်း ပဲနေမယ်၊ Think Tank တွေကလည်း ဒီအတိုင်းပဲနေမယ်။ ကိုယ်ကျွမ်းကျင်တာကိုအကြံပေးနေမယ်။ ကိုယ့်ကျွမ်းကျင်တဲ့ပညာ တွေနဲ့ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ အဖြေတွေထုတ်ပေးမယ်။ ဒီအဖြေတွေအများကြီးထဲမှ တစ်ခုမဟုတ်တစ်ခုရွေးပြီးတော့မှ အကောင် အထည်ဖော်ရမှာပါ။  အဲ့လိုမျိုး ရှိတာနဲနေတာပါ။ ဥပမာ အရှေ့သမ္မတ ဦးသိန်းစိန်တုန်းကဆို အကြံပေးတွေရှိတယ်။ အဲ့ဒီအကြံပေး တွေက ဒီဘက်အစိုးရနဲ့ လာအလုပ်လုပ်ဖို့က ခက်ကောင်းခက်မယ်။ အဲ့လိုမျိုး သဘောပေါ့။အခု ကျတော့ ဘက်မလိုက်ပဲနဲ့ အစိုးရပြောင်းရင် ပြောင်း သွားမယ်။ဒီမိုကရေစီယန္တရားကြီးက ဒီအတိုင်းဘဲ Think Tank ဆိုတဲ့ တကယ်ပညာရှင်အသိုင်းအ၀ိုင်းက တိုင်းပြည်အတွက် မူဝါဒတွေ မဟာ ဗျူဟာ နည်းဗျူဟာတွေက ကောင်းတယ်ဆိုတာတွေကို သူနယ်ပယ်နဲ့ သူဘာသာရပ်အလိုက် စဉ်းစား ပေးနေတဲ့ Think Tank တွေက ရှိရမယ်။ Think Tank တွေရဲ့ ပြောတာတွေကိုလဲ အုပ်ချုပ်တဲ့ သူဖြစ်တဲ့ သူကနေ ပြီးတော့ ဆုံးဖြတ်နေရမှာပေါ့။  ဆုံးဖြတ်ပြီးရင်လဲ အကောင်အထည် ဖော်တာလည်း စောင့်ကြည့်ရမယ်။ ကိုယ်ရည်ရွယ်တဲ့အတိုင်းဖြစ်လား။ ဘာပြုပြင်ပြောင်းလဲစရာရှိလဲ၊ အဲလို သဘောပေါ့။ ကျွန်မတို့ အဲလို အခြေခံကောင်းတွေ မပြည့်စုံသေးဘူး။  မပြည့်စုံသေးတော့ တစ်ဦး တစ်ယောက်ထဲကနေ ပြီးတော့ အကြံဥာဏ်ပေးနေတာတို့လို ဒါမှမဟုတ် အစုအဖွဲ့၊ အသင်း အဖွဲ့တစ်ခုကနေကွက်ကွက်လေး အကြံပေးနေ တာတွေ ဆိုရင်မလုံလောက်ဘူးလို့ကျွန်မထင်ပါတယ်။

မေး –  အခွန်ကောက်တဲ့အပေါ် အစ်မ အမြင်လေးပြောပြပေးပါဦး။

 ဖြေ – တိုင်းပြည်တိုင်းမှာအစိုးရရှိဖို့လိုတယ်။ အစိုးရတိုင်းကလည်း အခွန်ရဖို့ လိုတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ဒီအခွန်ငွေနဲ့ပဲ တိုင်းပြည် အရေးအရာတွေကို စီမံဆောင်ရွက်ရတာ။ ဒါပေမဲ့လည်း ပြည်သူပြည် သားက လှိုက်လှိုက်လှဲလှဲပေးချင်အောင် အစိုးရကလုပ်ပေးရမယ်။ ဆိုလို တာက အစိုးရ မို့လို့ အာဏာရှိတဲ့အဖွဲ့အစည်းမို့ လို့ခိုင်းတာလုပ်ရမှာ  မျိုး မဟုတ်ပဲနဲ့ပြည်သူတွေကလည်း ပေးနိုင်အောင် ပေးလည်းပေးချင်အောင် ပေးလည်း၊ ပေးသင့်တာမျိုးဖြစ်အောင်လို့တော့ အခွန်ကောက် ဖို့လို ပါတယ်။ ဒါကတော ယေဘူယျအားဖြင့်ခြုံပြောတာပါ။ အသေးစိတ်တွေ ကတော့နိုင်ငံတကာ မှာလည်း သူများတွေဘယ်လိုလုပ်ကြသလဲ ဆိုတာ ကျွန်မတို့ သင်ကြားရမှာ။သင်ကြားပြီးတခြား တိုင်းပြည်တွေမှာ ဘယ်လို အခွန်ကောက်နေတာလဲ။ ဘယ်လောက် နှုန်းနဲ့ကောက်တာလဲ၊ ဘယ်လို ကောက်တာလဲအခွန်ပေးနိုင်အောင် အခွန်ပေးချင်အောင် ဘယ်လို လုပ်တာလည်း ဆိုတာ ကျွန်မတို့လည်း သင်ကြား ဖို့လိုတယ်။ ကိုယ့် ထက် သိပ်အောင်မြင် နေတဲ့တိုင်းပြည်တွေရှိတယ်လေ။ စကာင်္ပူတို့ဘာ တို့ဆို ဘယ်သူမှအခွန်မလွတ်ဘူး။ ကျွန်မတို့လည်း စံနမူနာယူပြီး လုပ်သင့်တယ်။ သူကဘာလုပ်လဲဆို တော့ လူတိုင်းလူတိုင်း အလုပ် ရှိအောင် အလုပ်လက်မဲ့တွေနဲအောင် လူတိုင်းအဆင်ပြေအောင် လုပ်တယ်။ အဆင်ပြေပြီးပြီဆိုမှ အခွန်ကောက်တယ်။ အခွန်ကောက်တာ နဲ့ တိုင်းပြည်တည်ထောင်တယ်။ကိုင်းကျွန်းမှီကျွန်းကိုင်းမှီပါဘဲ။

မေး  –  မြန်မာ့စီးပွားရေးဟာ ၂၀၂၀နောက်ပိုင်းမှာ ဘယ်လို အခြေ အနေဖြစ် လာလိမ့်မယ်လို့ မျှော်မှန်းပါသလဲ။ တိုးတက်လာမှာလား ။ အခုထက်ပိုဆိုးလာနိုင်လား။

ဖြေ –  ကျွန်မထင်တာတော့စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု တစ်ခုတော့ လုပ်ဖို့လိုမယ်။ စီးပွားရေး ကတော့ အခုချိန်မှာအေးနေပါတယ်။ စီးပွားရေး ကတော့တိုးတက်မှု နှေးကွေးနေတယ်။ ဒါကျွန်မ ပြောတာမဟုတ်ဘူး။ World Bank တို့ စီမံဘဏ္ဍာဝန်ကြီးဌာနတို့ထုတ်ပြန်တဲ့ တိုင်းပြည် စီးပွားရေးကို ကြည့်လို့ရတဲ့ညွှန်းကိန်းတွေရှိတယ်။ အဲ့ဒါတွေကြည့်ခြင်း အားဖြင့်တော့ ကျွန်မတို့တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးနေတယ်။ အဲ့ဒါတော့ အမှန်အတိုင်းလက်သင့်ခံရမယ်။ ဒီအစိုးရက နေပြီးတော့မှ စီးပွားရေးအမြင်ရှိရှိနဲ့Second Wave of Reform ဖြစ်အောင် အကောင် အထည်ဖော်ဖို့လိုတယ်။  Reform ကတော့လုပ်နေတာပဲ၊ ဒါပေမယ့် Second Wave ပြန်လာရမယ်။ပြန်လုပ်သင့်တယ်။ ဒီထဲမှာ ဘာတွေ ပါသင့်လဲဆိုတာတော့ ပညာရှင်တွေနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း ဆွေးနွေး ပြီးတော့မှ ထိထိရောက်ရောက်အကောင်အထည်ဖော်တာဖြစ်ရမယ်။ သေချာရွေးချယ်ရမယ်။ အဲ့ဒါကိုတော့ စုစုစည်းစည်း လုပ်သင့်တယ်လို့  ကျွန်မမြင်ပါတယ်။ လုပ်နိုင်ရင်တော့ပိုကောင်းလာမယ်။မလုပ်နိုင်ဘူး၊ ဒီတိုင်း ထားမယ်ဆိုရင်တော့ ဒီတိုင်းပဲဖြစ်မှာပေါ့။ အစိုးရ အနေနဲ့ စီးပွားရေး အမြင်ဘယ်လောက်ရှိလဲ။ စီးပွား ရေးအမြင် ဘယ်လောက် ကျယ်လဲ။ လုပ်ငန်းရှင်တွေရဲ့အသံကို နားထောင်ပြီး ဘယ်လောက် ပံ့ပို့ပူးပေါင်း ဆောင်ရွက်လဲဆိုတဲ့ပေါ်မူတည်ပါတယ်။ ပြီးလို့ရှိရင် စီးပွားရေးပညာရှင်တွေရဲ့ စကားသူတို့တွေရဲ့ အသံဘယ်လောက် နားထောင်ပြီးတော့မှ ဘယ်လောက်မူဝါဒတွေမဟာဗျူဟာ နည်းဗျူဟာ တွေ ချမှတ်နိုင်လဲ၊ ဘယ်လောက်အကောင်အထည် ဖော်နိုင် လဲပေါ်မူ တည်ပါတယ်။ ဘာကစကားပြောသွားလဲဆိုတော့အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးအပေါ် ဘယ်လောက်အမြင်ကျယ်လဲလူမှန်နေရာမှန် ဘယ် လောက်ထားပြီးဆောင်ရွက်နိုင်လဲ။ အဲ့ဒါပေါ်မှာမူတည်ပါတယ်။

မေး-လက်ရှိအစိုးရရဲ့စီးပွားရေးကဏ္ဍဦးဆောင်မှုပေါ်ဘယ်လိုမြင်ပါသလဲ။

 ဖြေ – အစိုးရတရပ်ဖြစ်လာပြီ ဆိုရင်တော့ တိုင်းပြည်ရဲ့ တာဝန်ကို စိတ်ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေအကုန်လုံးကိုမျှမျှတတလုပ်နိုင်ရမယ်။  ငြိမ်းချမ်းရေးလည်းအရေးကြီးတယ်။ နိုင်ငံရေးလည်းအရေး ကြီးတယ်။ နိုင်ငံတကာအရေးလဲအရေးကြီးတယ်။ ထိုနည်း၎င်းဘဲ စီးပွားရေး ကလည်းလူတိုင်းအတွက် အရေးကြီးတယ်ဆိုတော့ကိုယ်လုပ်ချင်တာကို ကောက်သင်းကောက်ပြီးလုပ်တာ မဟုတ်ပဲနဲ့ လုပ်သင့် တာတွေ အကုန် လုံးကို စားပွဲပေါ်မှာချပြီးတော့မှ ဒါတွေကိုဒီလိုလုပ်မယ်။  ဒီလူက ဦးဆောင်မယ်။ စသည်ဖြင့် တာဝန်ခွဲဝေမှုတိတိကျကျရှိရမယ်။  စီးပွားရေး ကို ဘယ်သူကဦးဆောင်မလဲ။ ကျွန်မတို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုငြိမ်းချမ်းရေးမှာအာရုံပိုရတယ်။ အားပိုထည့်တယ်ပေါ့။ ဒါသူ့အသွေး အသားထဲမှာရှိတာ။သူတကယ် လုပ်ချင်တဲ့ဟာပေါ့။ ငြိမ်းချမ်းရေး၊ နိုင်ငံတကာအရေးတွေရှိတယ်။ ဒါကိုပိုင်ပိုင်နိုင်နိုင်နဲ့လုပ်ချင်တယ်ဆိုရင် ကိုယ်အာရုံလျော့နေတဲ့စီးပွားရေးကို ဘယ်သူ့ကိုတာဝန်ပေး မလဲ ဆိုတာ စားပွဲပေါ်မှာအကုန်ချပြီးတော့မှ  လူမှန်နေရာမှန်ထားပြီး တိုင်တိုင်ပင်ပင်နဲ့ စုစည်းပြီးတော့ မှလုပ်ရမှာပေါ့။ အစိုးရတရပ်ဖြစ်လာပြီ ဆိုလို့ရှိရင်တော့ ကြိုက်တာလေးပဲရွေးလုပ်လို့မရတော့ဘူး။ ကိုယ်တကယ်စိတ်ပါတာကိုပဲ ရွေးလုပ်လို့မရတော့ဘူး။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်သင့် တာကိုလုပ်ဖို့တော့တာဝန်ရှိတာပေါ့။ ကျွန်မအနေနဲ့စီးပွားရေး ဦးဆောင်မှု ကိုတော့အားမရဘူး။ ဒါအမှန်အတိုင်းပြောတာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ခေါင်းဆောင်က အရမ်းသြဇာရှိတဲ့ ခေါင်းဆောင်၊ ဒီခေါင်း ဆောင် က ချလိုက်တဲ့အစီအစဉ်က ငြိမ်းချမ်းရေးပဲဖြစ်နေတော့ လူတိုင်း က ငြိမ်းချမ်းရေးနောက်ပဲလိုက်သွားတယ်။ အခုရခိုင်အရေးတို့ ဆိုလို့ရှိရင် နိုင်ငံတကာ အရေးတွေ နိုင်ငံရေးတွေ အဲ့ဘက်ပဲလိုက်သွားပြီး စီးပွားရေးဘက်မှာကျတော့ နဲနဲဦးဆောင်မှုလစ်ဟာ နေတယ်လို့ ကျွန်မထင်တယ်ရှင့်။

မေး  -လွှတ်တော်ကိုယ်စားလှယ်ဘ၀ရောက်ချိန်မှာကိုယ်စားလှယ် မဖြစ်ခင်အချိန်နဲ့ ကိုယ်စားလှယ် ဖြစ်လာ တဲ့အချိန် ဘာတွေ ကွာသလဲ။ ကိုယ်စားလှယ် အမတ်တွေကပြည်သူအကျိုးကို ထိထိရောက်ရောက် လုပ်ခွင့်ရကြပြီလား။

ဖြေ  –  ကျွန်မက ငယ်ငယ်ကတည်းက နိုင်ငံရေးလုပ်ချင်တာ။ ဘာကြောင့် နိုင်ငံရေးလုပ်ချင် တာလဲဆိုလို့ရှိရင် ကျွန်မက မိုးကုတ်မှာ မွေးတယ်။ ကျွန်မတို့ မိသားစုမောင်နှမ (၃)ယောက်မှာ ကျွန်မအငယ်ဆုံး ဖြစ်တယ်။ အမေနဲ့လည်းအတူ နေတာများတယ်။ ကျွန်မအဖေနဲ့ အမေနဲ့ စီးပွားရေး ကိစ္စတွေဆွေးနွေးနေတယ်။ အဆင်မပြေမှုတွေကြားခဲ့ရတယ်။ အဲ့တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်ပြီးတော့ မိုးကုတ် ကလည်း ကျောက်သံပတ္တမြားပဲလုပ်တတ်တာ။ ဒါတွေက မဆလ ခေတ်မှာ တရားမ၀င်တော့ဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်က ပုဂ္ဂလိကကဏ္ဍကို အားမပေးဘူးလေ။ ကျွန်မတို့တစ်မြို့လုံးက ပုဂ္ဂလိကကဏ္ဍနဲ့ အလုပ်လုပ်ကြတော့ ငယ်ငယ်တုန်း ကတော့ ကိုယ့်မိဘဆွေးနွေးတာတွေ အပြန်အလှန် ပြောတာတွေကြားနေတော့ စိတ်ထဲမှာ ဒီစနစ် ကြီးမှားနေတာကို ကိုယ်တွေ့သိရှိ ကြုံခံစားခဲ့ရတယ်။ စနစ်အမှန်ငါတို့တိုင်းပြည်မှာရှိရမယ်။ ဒီတိုင်း ပြည်ထဲမှာ စနစ်မှားနေလို့ ရှိရင် တိုင်းသူပြည်သား အားလုံးကစနစ်မှားရဲ့ သားကောင်ဖြစ်တယ် ဆိုတာ ကျွန်မငယ်ငယ်လေးကတည်းက သိခဲ့ရတယ်။ သိနေတော့ နိုင်ငံရေးလုပ်ချင်တယ်။ ဒါက ငယ်ငယ် လေးကတည်းက ရှိနေတဲ့စိတ်ပါ။ ဒါပေမယ့် ကျွန်မတို့ခေတ်တုန်းက ကြီးလာရင်နိုင်ငံရေးလုပ်မယ်တို့ ဘာတို့ပြောခွင့်ရှိတဲ့ ခေတ်မဟုတ်တော့ ကျွန်မရင်ထဲမှာပဲ သိမ်းထားခဲ့ ပါတယ်။ ဒါပေမယ့် လည်းနိုင်ငံရေး ဆိုတာလုပ်စားလို့ရတဲ့ ကိစ္စမဟုတ် ဘူး။ နိုင်ငံရေးဆိုတာ နိုင်ငံတည်ထောင်တဲ့ကိစ္စဖြစ်တယ်။ နိုင်ငံ တည်ထောင်မယ်ဆိုရင် မိမိကိုယ်မိမိ အရင်တည်ထောင်ရမယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် နိုင်ရမယ်။ ကိုယ့်ပညာ (သို့) စီးပွားဥစ္စာရှာတာပေါ့။ ကျွန်မဖြစ်ချင်ခဲ့တာကပညာနဲ့ အသက်မွေးဝမ်း ကျောင်းတဲ့သူဖြစ်ချင်ခဲ့တာ။ ဒါကြောင့်မို့လို့လည်း ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တယ်။ အိမ်ထောင် ကျပြီးတော အမျိုးသားဘက်ကစီးပွားရေးက ကောင်းနေတာဆိုတော့ငြင်းရခက်တာဆိုတော့ ကျွန်မလည်းစီးပွားရေး လုပ်ငန်းရှင်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ပညာနဲ့အသက်မွေး ၀မ်းကြောင်း လုပ်ချင်တယ်။ စီးပွားရေးလုပ်ငန်းလုပ်တော့လည်း သမာ အာဇီဝ စီးပွားရေးလုပ်ငန်းကို မှန်မှန်ကန်ကန် ကံဥာဏ်ဝီရိယနဲ့ လုပ်ခဲ့ တယ်။ ဒါသည်ကျွန်မ ဘ၀ရဲ့ရပ်တည်ချက် လူဆိုတာ နိုင်ငံရေးဘက်ကို စွန့်ပြီး လုပ်ရတယ်ဆိုတာ တခါတလေကျရင်ရေရှည်မလုပ်နိုင် တာတွေရှိ တယ်။ တိုင်းပြည်တည် ထောင်တဲ့ ထဲမှာမပါခင် ကိုယ့်ဘာသာကို အရင်တည်ထောင်ခဲ့တယ်။ အပြင်က ကြည့်ရင် တော့ကျွန်မရဲ့ပုံရိပ်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်။ ကျွန်မ အသည်း နှလုံးထဲမှာတော့ ကျွန်မနိုင်ငံရေးလုပ်ချင်တယ်။ ကျွန်မ လွှတ်တော်ထဲ ရောက်တော့ အသက်က (၄၈) နှစ် အခု (၅၀) ပြည့်ပြီ။ ကျွန်မဘ၀မှာ ကိုယ့်ဘ၀ကိုယ်လည်း တည်ထောင်ခဲ့ပြီးပြီ၊ မိသားစုလည်း တည်ထောင် ခဲ့ပြီ။ စီးပွားရေးလည်း တည်ထောင်ခဲ့ပြီ။ ကိုယ့်ဘ၀လည်း တည်ငြိမ် နေတဲ့ အချိန်မှာ နိုင်ငံတည်ထောင်တဲ့ဖြစ်စဉ်မှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်ပြီး အချိန်ကျပြီလို့ ယုံကြည်တဲ့အတွက်ရယ်၊ နောက်တစ်ခုက အပြင်က အခြေအနေ တွေကလည်းပေးလာတယ်။ လွှတ်တော် ကိုယ်စားလှယ်လုပ်ရတာ ကျွန်မပျော်တယ်။ ကိုယ်ဖြစ်ချင်ခဲ့ တဲ့ အလုပ် ကိုယ်တစ်သက်လုံး လုပ်ချင်ခဲ့တဲ့အလုပ်ကို အခုမှစလုပ်ရတာ လုပ်ခွင့် လည်းရှိလာတယ်။ တကယ်လည်းလုပ်ဖြစ်သွားတယ်။ ကျွန်မနိုင်ငံ ရေးဖြစ်စဉ်ထဲ ပါဝင်ဖို့အတွက်ကို ကျွန်မမိသားစုက အကုန်ပံ့ပိုးတယ်။ မတောင်းမတမကြောင်းမကျနဲ့ ကိုယ်လုပ်ချင်တာ လာလုပ်ရတာပေါ့။ နောက်တခု ပျော်တာက ကျွန်မလွှတ်တော်ထဲလာတဲ့အတွက် ပြည်သူ့ လွှတ်တော်ဆိုတာ တမြို့နယ် တစ်ယောက် ကိုယ်စားလှယ်တွေက လာတဲ့အတွက် ကျွန်မတို့မြန်မာပြည်မှာ မြို့နယ်ပေါင်း (၃၃၀) ရှိတဲ့ အတွက်  ကိုယ်စားလှယ်ပေါင်း (၃၃၀) နဲ့ ကျွန်မသိကျွမ်းခွင့်ရတယ်။ ဘယ်ပါတီကပဲဖြစ်ဖြစ် အများစုကတော့ (NLD) ပါတီကဖြစ်တယ်။ တစ်သက်လုံးကျွန်မဘက်ကအမျိုးရော ကျွန်မအမျိုးသားဘက်က အမျိုးရော အကုန်လုံးက ကုန်သည် မျိုးရိုးတွေပေါ့။ အစိုးရအလုပ်နဲ့ လည်းကျွန်မဝေးတယ်။ တပ်နဲ့ဆို ပိုဝေးတယ်။ အခုက လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့လည်း ခင်မင်ရင်းနှီးခွင့်ရတယ်။ ဆိုတော့ကျွန်မအတွက် ဆက်ဆံရေးတည်ဆောက်လို့ ကောင်းတဲ့ နေရာဖြစ်တယ်။ ကျွန်မက  ပုဂ္ဂလိကကဏ္ဍကလာတယ်။   အခုအချိန်ကျ တော့မှတိုင်းပြည်နဲ့ပြည်သူ ရေးရာတွေကို လွှတ်တော် ထဲမှာ ဆွေးနွေး နေကျတော့ ကျွန်မက ပညာအားဖြင့်တော့သင်ခဲ့တယ်။ စာတွေ့ အားဖြင့်တော့သိတာ တွေရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒါတွေကို လက်တွေ့အသုံးချရတာဖြစ်တဲ့အတွက် ကျွန်မ ၀မ်းသာပါတယ်။ ကိုယ်စားလှယ်တစ်ယောက်ရဲ့တာဝန်က (၃)ခုရှိတယ်။နံပါတ် (၁) ကကိုယ်စားပြုခြင်း ၊ကျွန်မကိုမဲပေးလိုက်တယ်။ မဲပေးတာကတော့ ဒဂုံမြို့နယ်ရဲ့မဲဆန္ဒရှင်ပြည်သူတွေက မဲပေး လိုက်ကြတယ်။ အဲဒါ ကြောင့် ဒဂုံမြို့နယ်အကျိုးလဲဆောင်ရွက်ရမဲ့အပြင်  ပြည်သူ တရပ်လုံး ကိုကိုယ်စား ပြုရမှာဖြစ်တယ်။ လွှတ်တော်ထဲမှာဆွေးနွေးတဲ့အချိန်မှာ ပြည်သူတွေကောင်းဖို့ အတွက်ပြည်သူကို ကိုယ်စားပြုတဲ့အသံ ကျွန်မ စိတ်ထဲမှာ  ကျွန်မဖြစ်ချင်တာ တွေပြောနေတာမဟုတ်ဘူး။ တိုင်းပြည် ကောင်းဖို့အတွက် ပြည်သူပြည်သားတွေကောင်းဖို့အတွက် အထောက် အထားတွေနဲ့ဆွေးနွေး နေတာ ဆိုတော့ ပြည်သူကိုကိုယ်စားပြုတဲ့ အသံပြုလို့ရတယ်။ လွှတ်တော်မှာပြောတာက အပြင်မှာ ပြောတာနဲ့ မတူဘူး။ ပိုပြီးထိရောက်တယ်။ အစိုးရကလည်းလာ နားထောင်တယ်။  ပြည်သူတွေကလည်းစောင့်ကြည့်နေတယ်။ ဒီလိုမျိုးရှိတော့ ကိုယ်စားပြု ခြင်းအလုပ်ကို ကျွန်မလုပ်နိုင်တာပေါ့။ နံပါတ် (၂) ကတော့ ဥပဒေပြုခြင်း ကိုယ်စားလှယ်တိုင်းက ဥပဒေတိုင်းကိုကျွမ်းကျင် နေတာ မဟုတ်ပါဘူး။ ကျွန်မက ဘဏ်များ နဲ့ငွေရေးကြေးရေးကော်မတီမှာ ပါတဲ့အတွက် ဒီကော်မတီ နဲ့ဆိုင်တဲ့ ဥပဒေတွေကျွန်မတို့ လေ့လာခွင့်ရတယ်။ ကြည့်ရှု ခွင့်ရတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ညှိုနှိုင်းခွင့်ရတယ်။ဥပဒေတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း  ကျွန်မတို့ပါလို့ရတယ်ပေါ့။ တခြား ကော်မတီ က တင်လာတဲ့ ဥပဒေတွေကိုလည်း ကိုယ်စိတ်ပါရင်ဝင် ဆွေးနွေးလို့ ရတယ်။ အဲ့ဒါလည်း ထိထိရောက်ရောက်ပါဝင်နိုင်ပါတယ်။  ကျွန်မတို့က ဒီမိုကရေစီ လို့ပြောလို့ရှိရင် အာဏာ (၃) ရပ်ခွဲ ဝေသုံးစွဲတာ ကျွန်မတို့က ဥပဒေပြုခွင့်အာဏာရှိတယ်။ အစိုးရကအုပ်ချုပ်ခွင့်အာဏာရှိတယ်။ တရားရေးဌာနက တရားစီရင်ခွင့် အာဏာရှိတယ်။ ဒီအာဏာကြီး (၃)ရပ် ခွဲဝေကျင့်သုံးတဲ့ အချိန်မှာ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းတာပေါ့။ အဓိကကအစိုးရနဲ့တရားရေးဌာနလို့ပြောရင် ကျွန်မ တို့အနေနဲ့ Parlimentary oversight လုပ်ဖို့လိုတယ်။ ကျွန်မအနေနဲ့ဘဏ္ဍာရေး၊ စီးပွားရေးကဏ္ဍ ငွေရေးကြေးရေး ကဏ္ဍတွေကို ပိုနားလည်တယ်။ ဆိုရင်တော့ပိုနားလည်တာပေါ့။ ကိုယ်ကျွမ်း ကျင်တဲ့ ဘာသာရပ်ခေါင်းစဉ် အောက်မှာတော့ ထိထိရောက်ရောက်ပါဝင်နိုင်တယ်လို့ယူပါတယ်။ ကျွန်မ ပုံရိပ်ကစီးပွားရေးလုပ်ငန်းရှင် ပုံရိပ်သာဖြစ်ပြီး အခုအချိန်ကျမှ လွှတ်တော်ထဲမှာ ပါခွင့်ရတယ်။ ဆွေးနွေးခွင့်ရတဲ့ အချိန်ကျမှ ပြည်သူ တွေကလည်း ကျွန်မကိုလွှတ်တော်ကိုယ်စားလှယ်အနေ  နဲ့သိလာတယ်။ ပြည်သူနဲ့လည်းဆက်ဆံရေးတည်ဆောက်တာဆိုတော့ ထိထိ ရောက်ရောက်ပါဝင်နိုင် တယ်ဆိုတာကျွန်မထင်ပါတယ်။

မေး  –   အစ်မအနေနဲ့ စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ အမျိုးသမီးတဦးလည်းဖြစ်တယ်။ ပညာတတ်လည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့  စီးပွားရေးအခြေအနေဟာအစိုးရ (၂) ဆက်ကြား တိုးတက်လာလား။ကျဆင်းလာပါသလား အခြေအနေလေးသိပါရစေ။

ဖြေ   –  ကျွန်မက (NLD) ကိုယ်စားလှယ်ဖြစ်တယ်။ NLD ပါတီကလာတာပဲ။ ဒါပေမယ့် ပြည်သူက ရွေးချယ်ထားပြီးပြီဆိုတော့ ပြည်သူ့ ကိုယ်စားအသံပြုရမှာဆိုတော့ ကျွန်မကဘက်မ လိုက်ပဲပြော ကြေးဆိုရင် စီးပွားရေးအားဖြင့် ကျွန်မတို့အစိုးရက အာရုံစိုက်မှု အားနည်းတာပေါ့။ လိုအပ်ချက်ရှိတယ်လို့ ကျွန်မမြင်ပါတယ်။

မေး  –   DVB ဒီဘိတ်မှာ ပြောခဲ့တာကြားဖူးပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကပဲတစ်ကွင်းလုံးကန်မှာလားလို့ပြောခဲ့တာရှိပါတယ်။အခုရောအခြေအနေကပြောင်းလဲလာပြီလား။ ဒေါ်စုကဘာလို့ အကုန်လုံးသူ တစ်ယောက်တည်းလိုက်လုပ်နေတာလဲ။ တခြားသူတွေ အားမကိုးရ လို့လား။

ဖြေ  –  ကျွန်မပြောခဲ့တာက ရွေးကောက်ပွဲတစ်နှစ်ပြည့်မှာပြောတာလေ။ DVB ဒီဘိတ်မှာ ရွေးကောက်ပွဲတနှစ်ပြည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲပဲ တစ်နှစ်ပြည့်တာ လွှတ်တော်တောင် တစ်နှစ်မပြည့်သေး ဘူး။ ကျွန်မအဲ့တုန်းကပြောတာကအခြေခံဥပဒေအရ သမ္မတ ကတော့ အမြင့်ဆုံးရာထူးဖြစ်တယ်။ ဒါပေမယ့်  NLDအုပ်ချုပ်နေတဲ့ခေတ်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ နိုင်ငံတခုလုံး ရဲ့ကိစ္စကို တာဝန် ယူပြီးလုပ်နေတာဆိုတော့ ကျွန်မဆို လိုချင်တဲ့သဘောက ဒီချိန်မှာ  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆုံးဖြတ်ရမဲ့အချိန်ဖြစ်တယ်။ ကျွန်မ ဘောလုံးပွဲဥပမာနဲ့ပေးတာပေါ့။ ဘောလုံးအသင်းပိုင်ရှင် အနေနဲ့နေမှာ လား။ ဒါမှမဟုတ်ရင် ဘောလုံးနည်းပြအနေနဲ့ နေမှာလား။ ဒါမှမဟုတ်ရင် ဘောလုံးကိုယ်တိုင်ဝင်ကန်ပြီးတော့မှအသင်း ခေါင်းဆောင် အနေနဲ့ နေမှာလား။ ဒါမှမဟုတ်ရင်တစ်ကွင်းလုံးကိုယ့်တယောက်တည်း ပတ်ကန်မှာလား။ ဆုံးဖြတ်ရမယ့် အချိန်ကိုရောက်ပြီလို့ကျွန်မ ပြောခဲ့တာ ပါ။ ဒါလွန်ခဲ့တဲ့တစ်နှစ်ကျော်ကပေါ့။ ဒါဟာ အန်တီစုကို ဝေဖန်တာမဟုတ်ပါဘူး၊ အန်တီစုမှ မဟုတ်ဘူး။ ဘယ်သူမဆိုနိုင်ငံကို ခေါင်းဆောင် နေတဲ့သူတယောက်က ဒီလိုမျိုးနေရာကိုရောက်ပြီ ဆိုလို့ ရှိရင်ဆုံးဖြတ်ရမှာပဲ။ ကိုယ်ဘယ်နေရာက နေမှာလဲ။ ဘယ်အခန်းကဏ္ဍ က နေမှာလဲဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ် ရမှာပေါ့။ ဒါကို အန်တီ စုကို ချစ်ခင်တဲ့ပရိသတ်တွေကတော့ ကျွန်မကို မကျေမနပ်ဖြစ်ခဲ့ကြတယ် လေ။ ကျွန်မဒါလည်း အပြစ်မမြင်ပါဘူး။ ဒါပေမယ့် ကျွန်မစေတနာ ကတော့ရှင်းတယ်။ အဓိကက နိုင်ငံကိုဦးဆောင်နေတဲ့ လူတစ်ယောက် အနေနဲ့ ဆုံးဖြတ်ရတော့မှာကိုပြောတာပါ။ နိုင်ငံကိုဦးဆောင်နေတဲ့ လူတစ်ယောက်က ဘယ်လိုအခန်း ကဏ္ဍကနေမှာလဲ ဆိုတာ ရှင်းအောင် လုပ်ပြီးတော့မှ တကယ်လို့ဘောလုံးအသင်းပိုင် ရှင်အနေနဲ့နေရင် ဘယ်သူ့ကို မန်နေဂျာခန့်မှာလဲ။ ဘယ်သူ့ကိုတော့ဖြင့် နည်းပြအနေနဲ့ ငှားမှာလဲ။ ဘယ်သူ့ကိုအသင်းခေါင်း ဆောင်ထားမှာလဲ။ ၀ိုင်းကန်ကြမယ့် ဘောလုံးအဖွဲ့သားတွေကို ဘယ်လိုရွေး ချယ်မှာလဲဆိုတာ ကိုတော့ လုပ်ရမှာလေ။ ဒါကိုဆိုလိုတာပါ။ တိုင်းပြည်ရဲ့အခြေအနေအရ အခုနှစ် (၅၀) ကျော်တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေနေရတဲ့အချိန်မှာ (၂၈) နှစ်ကြာအတိုက်အခံပါတီ အနေနဲ့နေခဲ့ရတယ်။ ပြင်ဆင်ချိန်တွေမရှိခဲ့ဘူး။ ပြင်ဆင်ဖို့အတွက်လည်း အခွင့်အရေး မရခဲ့ကြဘူး။ ဒါပေမယ့် အခုချိန် မှာတော့ ဆုံးဖြတ်ပိုင်ခွင့်တော့ရှိပြီ။ ဘယ်သူ့ကို ဘယ်နေရာမှာ ထားပြီး တော့မှ ဘယ်လို အခန်းကဏ္ဍကိုပေးမယ်။ ဘယ်လိုရလဒ် ထွက်အောင် လုပ်မှာလဲဆိုတာ ကိုတော့ဆုံးဖြတ်ရတဲ့အချိန် ရောက်ပြီ။ အခုရောက်ပြန် တော့လည်း ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက် မဟုတ်ခဲ့ဘူးတဲ့လူတွေကိုချက်ချင်း မယုံဘူးဆိုတော့ လူတွေကိုမယုံဘူး။ ယုံတဲ့ သူတွေပဲ ခိုင်းမယ်ဆိုတော့ နည်းနည်းတော့လူမှန်နေရာ မှန်ထားရှိမှု အားနည်းနေခဲ့ တာပေါ့။ ပြည်ထောင်စု အစိုးရလို့ပြောရင်ပဲဖြစ်ဖြစ် တိုင်းဒေသကြီးပြည်နယ် အစိုးရလို့ပဲပြောရင်ပဲဖြစ်ဖြစ် အစိုးရအဖွဲ့ဝင်တွေဆိုတာကတော့ ဒေါင်ဒေါင်မြည်နေရမှာလေ။ ဒေါင်ဒေါင် မြည်နေတဲ့သူတွေနဲ့ဖွဲ့ရမယ်။ ပြီးရင်လူမှန်နေရာမှန်ထားပြီး ကစားနိုင်ရမယ်။ဒါမှသာ ပြည်သူမျှော်လင့် တဲ့ရလဒ်တခုထွက်မှာပေါ့။ ဒီအစိုးရဖွဲ့တဲ့ချိန်မှာတော့ လူမှန်နေရာမှန် ထားနိုင်ဖို့အားနည်းခဲ့တယ်လို့ ကျွန်မမြင်ပါတယ်။ တော်တဲ့သူတွေလည်းရှိတယ်။ ဥပမာ ဒေါက်တာမြင့်ထွေးဆိုအရမ်းတော်တယ်။ ပညာအားဖြင့်လည်း လုံးဝပြည့်စုံတယ်။ အတွေ့အကြုံအားဖြင့်လည်း လုံးဝကြွယ်ဝတယ်။ အခုချိန် မှာဆိုလည်း ကျန်းမာရေးနဲ့ အားကစားပြည်ထောင်စုဝန်ကြီးအနေနဲ့ လုပ်ကိုင်နေတာဆိုလို့ရှိရင် ဒါသည် လူမှန်နေရာမှန်ပဲ။ ဒီလိုတော်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ဘောလုံးဥပမာနဲ့ ပြောရမယ် ဆိုရင် Team တစ်ခုလုံး ခြေမညီဘူး။ တော်တဲ့သူက အရမ်းတော်နေတယ်။ မလိုက်နိုင်တဲ့သူက မလိုက်နိုင်ဘူး။ ဒီTeam တစ်ခုလုံးကောင်းမှအောင်မြင်မှာပါ။  အစိုးရ တစ်ဖွဲ့လုံးကလူမှန်နေရာမှန်ထား နိုင်ဖို့ကအားနည်းနေတယ်။

မေး   –  ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့သင်္ကြန်မဏ္ဍပ်ကိစ္စမှာထိပ်တိုက်တွေ့ပြီး စကားအချေ အတင်ဖြစ်ခဲ့တာလေး အခုဘယ်လိုဖြစ်သွားပြီလဲ။

ဖြေ  –   ရန်ကုန်တိုင်းဝန်ကြီးချုပ်က အဲ့တုန်းကဒုတိယအကြိမ်လွှတ်တော်ရဲ့ ပထမပုံမှန်အစည်း အဝေးပြီးတဲ့၊ အချိန်မှာပြည်ထောင်စုအ ဆင့်လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ပိတ် နေတဲ့အချိန်မှာရန်ကုန်တိုင်းအနေနဲ့အမြဲတွေ့နေရတာကရန်ကုန်တိုင်းကိုယ်စားလှယ်တွေပဲ

တွေ့နေရတာလေ၊လွှတ်တော်ပိတ်ချိန်မှာတွေ့မယ်ဆိုပြီးတော့အစိုးရနဲ့လွှတ်တော်ကိုယ်စား လှယ်တွေရန်ကုန်တိုင်းအနေနဲ့တွေ့လိုက်တာတွေ့လိုက်တဲ့အချိန်မှာကိုယ်စားလှယ်တွေပြော

နေတာကို ဦးဖြိုးမင်းသိန်းက နားထောင်တာလေ။ ကျွန်မကဆွေးနွေးဖို့ လုံးဝအစီအစဉ် မရှိဘူး။ဒါပေမဲ့ ဦးဖြိုးမင်းသိန်းက ညနေ၂နာရီခွဲလောက် ကျတော့နေ့လယ်စာ ထမင်း စားတော့တောင် အေးဆေးစကားပြော ဖြစ်ကြသေးတယ်။ ကိုယ်စားလှယ်တွေက လည်းဝန်ကြီး ချုပ်ကိုတွေ့တဲ့အခါကျတော့ပိုက်ဆံသုံးမယ့် ကိစ္စတွေပဲပြောနေကြတယ်။ ပိုက်ဆံရှာမယ့် ကိစ္စကိုဘယ်ကိုယ်စားလှယ်ကမှ မဆွေးနွေးကြဘူးဆိုတော့ ကျွန်မကဆွေးနွေးလိုက်မယ်လို့ စိတ်ကူးပေါ်လာပြီး အစိုးရတစ်ရပ်အနေနဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ၀င်ငွေရလမ်းဘာတွေရှိလဲဆိုတာ ကျွန်မ ထဆွေးနွေးတယ်။ ဒါအစိုးရတရပ်အနေနဲ့ ပိုက်ဆံပိုရနိုင် တဲ့ကိစ္စ အခွန်ရလမ်းတွေ ဘယ်လို လုပ်ရမလဲ ကိုယ့်ပြည်သူပြည်သားတွေစီးပွားရေး ပြေလည်ပြီး အခွန်ဆောင်နိုင်အောင်လုပ်ရမယ်၊ အခွန်ဆောင်ချင်အောင်လုပ်ရမယ်။ အခွန်ပေးချင်အောင်လုပ် ရမယ်။ တကယ် အခွန်ကောက်တဲ့ အချိန်မှာ စနစ်တကျဖြစ်အောင်လုပ်ရမယ် ဆိုတာကိုဆွေးနွေးတာပါ။ ၀န်ကြီးချုပ်က ဒါဟာ ဆွေးနွေးပွဲမဟုတ်ဘူး။ လက်တွေ့လုပ်နေတာလို့ပြောတယ်။ ကျွန်မ လည်းလက်တွေ့ လုပ်ဖို့ပြောနေတာပဲလေ သူကကျွန်မကိုတားတယ်။ စာတွေပဲလာမပြောနဲ့ ဆိုတဲ့ ပုံစံနဲ့လာတယ်။ ကျွန်မက စာတွေပဲပြောနေတာမဟုတ်ဘူး။ လက်တွေ့အကောင် အထည်ဖော် ဖို့ပြောနေတာဖြစ်တယ်။ ကျွန်မကိုယ်တိုင်လည်း လို့ပြန်တုံ့ပြန်ခဲ့တယ်။ လက်တွေ့လုပ်နေပြီးအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်။  ကျွန်မသည် ပညာလည်းတတ်တယ်၊ အလုပ်ကိုလည်းတကယ် ထိထိရောက်ရောက် ဦးဆောင်နေတဲ့ လူဖြစ်တယ် ဆိုတာကိုပြောချင်တာ။ ကျွန်မကိုသူက ၃ ခါတားတယ်။ ကျွန်မကလည်း (၃) ခါလုံးပြီးအောင်ပြောတယ်။ ဒါတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားရမယ်လေ။ ၀န်ကြီးချုပ်ဖိတ်လို့လာတဲ့ အစည်းအဝေးလေသူကလည်း နားထောင်ချင်တယ်ဆိုလို့ ကျွန်မတို့ကပြောတာ။ ဒါပေမယ့်  သူပြောလိုက်တာက  ကိုယ်စားလှယ်တိုင်းက ပိုက်ဆံသုံးမယ့် ကိစ္စပဲလာပြောနေတယ်။ ပိုက်ဆံရှာဖို့ ဘယ်သူကမှ မပြော တော့ ဒါလည်းအရေးကြီးတာပဲလေ။ အစိုးရတစ်ရပ်ကပိုက်ဆံရှာနိုင်ဖို့အရေးကြီးတယ်။ ပိုက်ဆံမရှိပဲ ဘတ်ဂျက်မရှိပဲနဲ့ ဘာမှအကောင်အထည်ဖော်လို့မရဘူးဆိုတော့ ကျွန်မကအဲ့ဒါနဲ့ အားတက်သရော ဆွေးနွေးလိုက်တဲ့ အချိန်မှာ ကျွန်မကိုတားခဲ့တယ်။ ဒီကိစ္စက သင်္ကြန် မဏ္ဍပ်နဲ့တော့ မဆိုင်ဘူး။ သင်္ကြန်မဏ္ဍပ်ကိစ္စကို ကျွန်မကဘယ်တုန်းက ပြောတာလဲဆိုတော့ RFA မှာ ကျွန်မပြောတာ။ သင်္ကြန်မဏ္ဍပ်လုပ်တာ မှားတာမှန်တာကို ကျွန်မ မပြောဘူး။ ဒါပေမယ့် ဧပြီ ၁ ရက်နေ့မှာ စတက်တယ်။ ၁၃ရက်နေ့မှာကျမဲ့ သင်္ကြန်ကို သူက ချက်ချင်းကြီးပြောင်းလိုက်တယ်ဆိုတော့သူများတွေက ဧပြီ ၁ ရက်မတိုင်ခင်လွန်ခဲ့တဲ့ (၂) လ (၃) လ ကတည်းကငွေတွေသုံးထားပြီတီးဝိုင်းတွေ ပိုက်ဆံ ပေးထားပြီ ၊မဏ္ဍပ်တွေ ငှားထားပြီလက်မှတ် တွေကြိုရောင်းထားပြီ။ ပြီးတော့မှ သူတက်တက်လာချင်း ၂ ပတ် အတွင်းမှာပြောင်းလိုက်တော့ လုပ်လက်စတမ်းလမ်းကြီးဆိုတော့ အကုန် ကမောက် ကမဖြစ်ခဲ့တာကို ပြောတာပါ။  ကျွန်မကဥပဒေတွေနည်းတွေ လုပ်ထုံးလုပ်နည်းတွေ မပြောင်းနဲ့လို့မပြောဘူး။ အိုဘားမားရဲ့အာဘော်နဲ့ ဒေါ်နယ်ထရမ့်ရဲ့ အာဘော်က မတူဘူး။ သမ္မတပြောင်းသွားရင်တော့ အာဘော်တွေပြောင်းမှာပဲ ဒါကိုတော့လက်သင့်ခံတယ်။ ဒါပေမယ့် ကိုယ်ကပြောင်းစေလို့ပြောလိုက်တဲ့ အချိန်မှာလိုက်ပြောင်း နိုင်ဖို့အတွက်ကိုအချိန် တစ်ခုပေးရမှာပေါ့နော်။ နောက်နှစ်သင်္ကြန်ကစပြီး ကျွန်တော် ဘယ်လိုပုံစံ လုပ်မယ်။ ဒီနှစ်သင်္ကြန်ကတော့ပြီးခဲ့တဲ့အစိုးရလုပ်ခဲ့တာကိုး သူများတွေလည်း လုပ်လက်စဖြစ် နေပြီလေ ဒါကိုပြည်သူတွေပဲလေ ဒါတွေ အကုန်လုံးကို (၂) ပတ်အတွင်းမှာ မဖြစ်နိုင်တာကို လုပ်တာပဲလေ။ အဲ့ဒါသူ့ကို သတိထားစေချင်လို့ပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရတစ်ရပ်က ဆုံးဖြတ်ချက်ချပြီးတော့အမိန့် တစ်ခုအနေနဲ့ထုတ်လိုက်ရင် ပြည်သူက လိုက် လုပ်ဖို့တာဝန်ရှိတယ်။ ဒါပေမယ့် လိုက်လုပ်ခြင်းအားဖြင့် ပြည်သူကနစ်နာသွားတယ်ဆို အစိုးရက မတရားရာရောက်တာပေါ့နော်။ ကျွန်မက ဒါကိုပြောတာပါ၊ ဒါကတော့ ကျွန်မ RFA မှာပြောတာပါ။ အထပ်မြင့်ကိစ္စတွေပြောရင်းနဲ့ထည့်ပြောတာ၊  ကျွန်မက ပြည်သူ့လွှတ်တော် ဆိုတော့ လွှတ်တော် ပိတ်လို့ ရန်ကုန်ရောက်သွားရင်လည်း ဒဂုံမြို့နယ်ရောက်သွားရင်လည်း ကိုယ့်မြို့နယ်က အုပ်ချုပ်ရေး မှူးနဲ့ပဲပူးပေါင်းဆောင်ရွက်တာဆိုတော့ တိုင်းဒေသကြီးအစိုးရနဲ့ ကျွန်မက လုပ်ငန်းဆက်ဆံရေး သိပ်မရှိဘူး၊ကျွန်မလည်းခပ်အေးအေးပဲနေပါတယ်။

မေး –  NLD အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကိုNLD ကိုယ်စားလှယ်တစ်ယောက် အနေနဲ့အားရကျေနပ်မှုရှိရဲ့လား။ အစ်မအနေနဲ့ပြည်သူအကျိုးအတွက် ဘာတွေလုပ်ပေးချင်လဲ ။ ဘာတွေလုပ်ဆောင်ပေးပြီးပြီလဲ။

ဖြေ –  အားရကျေနပ်မှုရှိလားဆိုလို့ရှိရင်တော့အစိုးရအသစ် ဖြစ်တဲ့အတွက် သင်ကြားရမယ့် အချိန်တော့ရှိမယ်။ ဒါပေမယ့် ဘယ်လောက်မြန်မမြန် သင်ကြားမှာလဲ။ အဓိကက တွေ့ကြုံလာ တဲ့အခြေအနေတွေ၊ဖြစ်ပေါ်လာတဲ့အခြေအနေတွေ ဒါမှမဟုတ် အရင် ရှေ့အစိုးရ ကလုပ်ခဲ့တဲ့ တန်းလန်း တွေရှိမှာပေါ့ ၊ ဒါတွေကို ဘယ်လို အဓိပ္ပာယ် ဖော်လဲ။မှန်မှန်ကန်ကန် ဘယ်လောက် အဓိပ္ပာယ်ဖော်နိုင်လဲ။ ကျွန်မမြင်တာကတော့ တချို့က ရှေ့အစိုးရက ဘာလုပ်ခဲ့ မကောင်းဘူးလို့ ထင်တာရှိတယ်။ အဲ့ဒါလည်းကျွန်မတော့ အစွန်းရောက်တယ်လို့မြင်တယ်။ ရှေ့အစိုးရ က ကောင်းတာလည်းရှိတယ်။ မကောင်းခဲ့တာလည်းရှိတယ်။ ကောင်းတဲ့ အတိုင်းကိုယူ သုံးနိုင်ရမယ်။ ဒါမှမဟုတ်ရင် သူ့ထက်ကောင်း အောင်ပြင်နိုင်ရမယ်။ မကောင်းတာ ကိုလည်း မကောင်းဘူးလို့ အသိအမှတတ်ပြုပြီးတော့ မကောင်းတာ ကိုပြင်နိုင်ရမယ်ပေါ့။ အခု စိတ်ခံစားချက် တွေပါနေတာက အရှေ့အစိုးရကဘာလုပ်ခဲ့လုပ်ခဲ့ မကောင်းဘူးထင်တာလေ။ အဲ့ဒါအစွန်းရောက်တဲ့ခံစားချက်လို့ ထင်တယ်။ အမြင်ကြည် ကြည်လေးနဲ့အရှိကိုအရှိအတိုင်း ကြည့်ပေးပြီး လုပ်ခဲ့တာ မှားခဲ့တာတွေကိုလဲ သင်ခန်းစာယူပြီး အမှန်ဖြစ်အောင်ပြုပြင်နိုင်ရမယ်။  ကိုယ့်အလှည့်ကျရင် မမှားအောင်လုပ်မယ်။ ဒါတွေ လုပ် တာတော့ ဆီလျော်တယ်။ ဆီလျော်တဲ့ဟာကို ပိုကောင်းအောင်လုပ်မယ်ဆိုတာမျိုး ဒါမျိုးလေးဖြစ်ရမယ်။ အားရကျေနပ်တယ်ဆိုတာကတော့ ဘယ်နေရာမှမရှိနိုင်ဘူးလေ။ ဒါပေမယ့် လူဆို တာကတော့ အမြဲတမ်းကြိုးစားနေရမယ်လေ။ ပြည်သူတွေအတွက်က လုပ်ပေးချင်တိုင်းလည်း လုပ်ပေးခွင့်မရဘူး။ ကျွန်မကတော့ ကျွန်မကိုပေးထားတဲ့ တာဝန်ကျေပွန်အောင်တော့ လုပ်ဆောင် ပေးနေပါတယ် ။ဖြစ်နိုင်ရင်တော့ အများကြီး လုပ်ဆောင်ပေးချင်ပါတယ်။

မေး  – ၂၀၂၀  မှာအစ်မအနေနဲ့ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဦး မှာလား။ ဘယ်လို အစီအစဉ်ရှိပါသလဲ။

 ဖြေ  –  ၂၀၂၀မှာလည်းဝင်ရောက်ယှဉ်ပြိုင်ဦး မယ်။နိုင်ငံရေး ဆိုတာ အပျော်လာလုပ် တာမှ မဟုတ်တာ။ (၅) နှစ်လေးထဲ လာလုပ်ပြီး တော့ပြီးတော့မလုပ်တော့ဘူးဆိုရင် ဘာမှအကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူးလေ။ ဒီ (၅)နှစ်သည် ကျွန်မအတွက် သင်ကြားတဲ့ ကာလပေါ့။ ဆက်ဆံရေးတည်ထောင်တဲ့ကာလ ပြည်သူနဲ့ရော ကိုယ်စားလှယ်အချင်းချင်းရော တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ရော အစိုးရအဖွဲတွေနဲ့ရော တရားစီရင်ရေးဘက်ကရော ဆက်ဆံရေး တည်ထောင်တဲ့ကာလဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်တဲ့ ကာလဖြစ်တယ်။ ၂၀၂၀ ကျရင်တော့ ကျွန်မအတွက်ပိုပြီးများ အရှိန်ရသွားမလားလို့တော့ ထင်တယ်။ အစီအစဉ် ကတော့ ထူးပြီးမဆွဲထားပါဘူး။ ဒါပေမယ့် ကျွန်မကို NLD ပါတီက ဆက်ပြီး လက်ခံမှာ လားမခံဘူးလားဆိုတာတော့ ကျွန်မနဲ့မဆိုင်ဘူးလေ။ ဒါပါတီရဲ့ ဆုံးဖြတ်ချက်ပေါ့။ ကျွန်မအနေနဲ့ နိုင်ငံရေးကို လုပ်ချင်တာဖြစ်တဲ့ အတွက် ဘယ်သူမှမတိုက်တွန်းပဲ ကိုယ့်ဘာသာကိုယ် လုပ်ချင်တဲ့အတွက် အချိန်ပေးပြီးပါဝင်တာပါ။ ကျွန်မနိုင်ငံရေး လုပ်တဲ့အတွက် ကျွန်မ စီးပွားရေးတွေလည်းမဆုံးရှုံးဘူး။ စီးပွားရေးဘက်မှာ ကျွန်မ အမျိုးသား ဦးဆောင်တယ်။ ကျွန်မမရှိတဲ့အတွက်လည်း ဘာမှထိခိုက်တာမရှိပါဘူး။ စီးပွားရေးကို နောက်ဆံတင်းစရာမလိုပဲ အထောက်အပံ့ တောင်ရပါသေး တယ်။

မေး   –   ပြည်သူတွေအတွက်အစ်မအနေနဲ့ ဘာများဖြည့်စွက်ပြောချင် ပါသလဲ။

ဖြေ  –   ကျွန်မအနေနဲ့တော့ကျရာနေရာမှာပေးအပ်တဲ့ တာဝန်ကိုတော့ ကျွန်မကျေကျေ ပွန်ပွန်နဲ့ စေတနာအရင်းခံနဲ့ ဖြောင့်မတ်မှန်ကန်တဲ့စိတ်နဲ့ ကျွန်မရဲ့ကံဥာဏ်ဝီရိယနဲ့ ပြည်သူ့ အကျိုး လုပ်ဆောင်သွားမယ်ဆိုတာ ပြည်သူတွေကို ကတိပြုတယ်လို့ပြောကြားလိုပါတယ်။

ဟုတ်ကဲ့ ။ အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။

ဟုတ်ကဲ့ကျွန်မကလဲဖြေကြားခွင့်ရတဲ့အတွက် မဉ္စမလိုင်းကို ကျေးဇူးတင်ပါရှင့်။

FWN

Leave a Reply