တစ်ရက်လုပ်ခ ၅၆၀၀ ကျပ် ရရှိရေး အလုပ်သမားအင်အား ၆၀၀ ကျော် ဆန္ဒပြ

0
199

ဒီဇင်ဘာ ၃။ ၂၀၁၇။

တစ်ရက်လုပ်ခလစာ ၅၆၀၀ ကျပ် ရရှိရေးအတွက် မန္တလေးမြို့ရှိ အလုပ်သမားအင်အား ၆၀၀ ကျော်တို့ သည် ဒီဇင်ဘာလ ၃ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြ အလုပ်သမားများသည် မန္တလေးမြို့နှင့် အနီးဝန်းကျင်တွင် တည်ရှိသော စက်ရုံများမှ အလုပ်သမားများဖြစ်ပြီး ၆၂ လမ်းမှ ကနောင်မင်းသားကြီးလမ်း ၊ ကနောင်မင်းသားကြီးလမ်းမှ ၅၆ လမ်းအထိ လမ်းလျှောက်၍ ချီတက်ကာ ဆန္ဒပြ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

ကျွန်တော်တို့ အဓိကတောင်းဆိုချင်တာ တစ်ရက်လုပ် ၅၆၀၀ ရဖို့ပါ ။ ကျွန်တော်တို့ အလုပ်သမားတွေက လက်ရှိတစ်ရက် လုပ်ခ ၃၆၀၀ ကျပ်နဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ။ လက်ရှိကုန်ဈေးနှုန်း အခြေအနေနဲ့ လူမှုရေးကုန်ကျစရိတ်တွေနဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ။ ဒါ့ကြောင့် တစ်ရက်လုပ်ခ ၅၆၀၀ ရမှ အဆင်ပြေမယ်

ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောပါသည်။

တစ်ရက်လုပ်ခ သတ်မှတ်ရေးအတွက် တိုင်းဒေသကြီး အဆင့် ဆွေးနွေးမှု (၃) ကြိမ် ၊ အမျိုးသားအဆင့်ဆွေးနွေးမှု (၃) ကြိမ်ပြုလုပ်ထားပြီး ယေဘူယျ သတ်မှတ်ချက်အနေဖြင့် တစ်ရက်လုပ်ခ ၄၀၀၀ကျပ် မှ ၄၅၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

“အကြမ်းဖျင်း သတ်မှတ်ချက်ကို ကျွန်တော်တို့ သဘောမတူနိုင်ဘူး ။ တစ်ရက်ကို ၅၆၀၀ မှ မရရင် အဆင်မပြေဘူး ။ လုပ်ခလစာ နည်းရင်လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နိုင်သလို လုပ်ခ လစာများနေရင်လည်း နိုင်ငံ့စီးပွားရေးမငြိမ်နိုင်ဘူး” ဟု ကိုသက်နှင်းအောင် က ဆက်လက်ပြောကြားသည်။

ထို့အပြင် ဆန္ဒပြရာ၌ လုပ်ခလစာကို နှစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်ပေးရေး နှင့် လုပ်ခလစာတိုးမြှင့်ပေးရေးကို လွှတ်တော်တွင် ဆွေးနွေးရန် အလိုမရှိကြောင်း ထည့်သွင်း တောင်းဆိုခဲ့ကြသည်။

ကျွန်တော်တို့ က နယ်ကလာအလုပ်လုပ်ကြရတယ် ။အိမ်ငှားခ မနက်စာ နေ့လယ်စာ နဲ့ တစ်ရက် ၃၆၀၀ က မလောက်ဘူး ။ သာရေး နာရေးက ရှိသေးတယ်

ဟု ပေါ်ပီမုန့်စက်ရုံအလုပ်သမား ကိုတင့်ရှိန်စိုး က ပြောသည်။

တစ်ရက်လုပ်ခလစာ ၅၆၀၀ ကျပ်ရရှိရေးအတွက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြတောင်းဆိုနေကြပြီး မန္တလေးတိုင်း ဒေသကြီးတွင် ဒုတိယ အကြိမ်မြောက် ဆန္ဒပြခြင်းလည်း ဖြစ်သည်။

Leave a Reply